စပါးဖုံးလုံးချိန်မှာ သတိမူသင့်တဲ့ ဆစ်ပိုး

18/08/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

  • အင်္ဂလိပ်အမည် - Rice Stem Borer
  • သိပ္ပံအမည် - Scirpophaga incertulas

စပါးဆစ်ပိုး လို့  ဆိုလိုက်တာနဲ့ ဘယ်လိုအကောင်မျိုးလဲ?

ဘယ်အချိန် ကျတတ်သလဲ? ဘယ်လောက် ဆိုးရွားသလဲ ? ဆိုတာတောင်သူတွေ သိပြီးသားပါ။

ဘာလို့လဲ ဆိုတော့ နှစ်စဉ် နှစ်တိုင်းလိုလို ဒီပိုး​ကောင်တွေနဲ့ နပန်းလုံးနေရတာကိုး။

ဆိုတော့ စပါးဆစ်ပိုးဘယ်နှစ်မျိုးရှိသလဲ???

  • ၁။ အဝါရောင်ဆစ်ပိုး (Yellow stem borer)
  • ၂။ အစင်းပါ ဆစ်ပိုး (Striped stemborer)
  • ၃။ ခေါင်းမဲ ဆစ်ပိုး (Black headed striped stemborer)
  • ၄။ ပန်းရောင် ဆစ်ပိုး( Pinked stemborer)
  • ၅။ အဖြူရောင်ဆစ်ပိုး(White stemborer)
  • ၆။ ရွှေရောင်ပန်းပွား ဆစ်ပိုး(Golden fringed stemborer)

မြန်မာနိုင်ငံ အပါအဝင် အာရှ/အ​ရှေ့​တောင်အာရှမှာ အများဆုံးကျရောက်ဖျက်ဆီးတာက အဝါရောင်ဆစ်ပိုများ ဖြစ်ပါတယ်။

စပါးဆစ်ပိုး..ဘာကြောင့်ဆိုးလာသလဲ???

၂၀၀၈-နာဂစ် ​နောက်ဆက်တွဲ ဆိုကျိုးအနေနဲ့  ဧရာဝတီတိုင်းက ဆစ်ပိုး​တွေ  အညာ​မြေကို ခရီးနှင်​စေပါတယ်။

ဆစ်ပိုးဖလံတွေဟာ၂၀၁၀ ​လောက် မှာ တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပြီး စပါးပြီး စပါးသီးထပ်စိုက်တဲ့ ဒေသတွေမှာ နှိမ်နင်းလို့ မနိုင်အောင် ဖြစ်ခဲ့ပါတယ်။

​ရွှေဘို ​ဘေးကြားစပါးခင်း​တွေမှာဆိုလည်း ပျိုးခင်းကတည်းက ဆစ်ပိုးပါလာပြီး စိုက်ခင်းလည်း​ရောက်​ရော ​ကောက်ပင် မလှန်နိုင်ဘဲကောက်ရိုး​တွေ ​ရေ​မျော​နေသလို ဖြစ်ရပါတယ်။

​တောင်သူ​တွေမှာ ဆစိပိုးကျ​နေမှန်း​သတိမထားမိတော့ ပင်စည်ထဲဝင်ပြီး အူတိုင်ကို ထိုးဖောက်စားတော့  ​ခေါင်နှံ​တွေ အဖြူထွက်လာမှ ဆစ်ပိုးကျမှန်းသိရပါတယ်။

ဆေးဖျန်း လို့လည်းမဖြစ်၊ ဖျန်းပြန်​တော့လည်း ပိုးမနိုင်

စပါးပင်က သခင်မချစ်သမျှ​တော့ တံစဉ်လွတ်ခဲ့ရတဲ့ နှစ်တွေ ရှိခဲ့တယ်။

စပါးဆစ်ပိုး စတင်ကျ​ရောက်​နေမှန်း ဘယ်လိုသိနိုင်မလဲ?

 

  • စပါးပျိုးခင်းမှာ ဖြစ်စေ ကြဲသားခင်း ၂၀ရက် - တစ်လသားမှာဖြစ်​စေ စပါးပင်ရဲ့ အလယ်ရွက် တစ်ရွက်ရွက်မှာ တစ်ရွက်တည်းဖြူ​ခြောက်​နေရင် အဲဒီစပါးခင်း ဆစ်ပိုး​ရောက်​နေပါပြီ။
  • ​နောက်တခါ စပါးရွက်ရဲ့ထိပ်ပိုင်း ၃ပုံ ၁ပုံ​လောက် အရွက်ပြား​ပေါ်မှာ ဥမြုံတွေ့ရတတ်ပါတယ်။ (ဥမြုံ​ပေါ်မှာ.အဖြူ​ဖျော့ရောင်၊ အဝါ​ရောင်အ​မွေး​လေး​တွေဖုံးထားပါတယ်)

စပါးပင် ဘယ်အရွယ်မှာ ဆစ်ပိုးကျတတ်သလဲ?

  • စပါးပင် ရက်၂၀-၃၀ ရက်သား အရွယ်မှာ စတင်ကျ​ရောက်တတ်လို့ မိမိစပါးခင်းကို ၃ ရက်တစ်ကြိမ် ကွင်းဆင်းစစ်​ဆေးပါ။ (အရွက်​​တွေ​ပေါ် ဥမြုံ ရှိမရှိ၊ အရွက် ဖြူ​ခြောက်ရှိမရှိ)
  • ပျိုးခင်းမှ ပါလာ​သောဆစ်ပိုးကို စိုက်ခင်းသို့ပါလာပါက နှိမ်နင်းရခက်တတ်ပါတယ်။
  • စပါးပင် ဖုံးလုံးချိန် ဆစ်ပိုးကျ​ရောက်ပါက အနှံသ​န္ဓေ မ​အောင်ဘဲ နှံဖြူ​တွေ ထွက်လာပါတယ်။

ဆစ်ပိုးမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်မလဲ??

  • လယ်ထဲက အပင်အကြွင်းအကျန်တွေကို ထယ်မှောက်ပါ (သို့မဟုတ်) ရေသွင်းပြီး ထွန်ထယ်ဝင်ပါ။
  • ပျိုးပင် အရွက်ဖျားရှိ ဥမြုံများကို ရှာဖွေဖျက်ဆီးပါ။
  • ပျိုးစည်းများကို မစိုက်မီ တံစဉ်ဖြင့် ထိပ်ဖြတ်ပြီးမှ စိုက်ပါ။
  • ကောက်ကွက်မစိပ်လွန်းအောင် (သို့မဟုတ်) အပင်မထူအောင်ဂရုစိုက်ပါ။
  •  စပါးအပြီး စပါးသီးနှံ ထပ်ကာထပ်ကာ စိုက်ခြင်းမပြုပါနှင့်။
  • ဆစ်ပိုးဒဏ်ခံနိုင်သော စပါးမျိုးများကို စိုက်ပါ။
  • သက်တမ်းတို၊ အရပ်ပု စပါးမျိုးစိုက်ပါ။ (ဥပမာ-IR-20/IR-26)

ဆစ်ပိုးကျရောက်ပါက ဘယ်လို နှိမ်နင်းရမလဲ

၁။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

  • Telenomus spp (တီလီနိုမက်စ်)၊ Tetrastichus spp (တထြာစတီခက်စ်) ၊ Trichogramma spp (ထရိုင်ခိုဂရမ်မား) စတဲ့ ကပ်ပါးနကျယ်များ​မွေးမြူ၍ ကပ်ပါးပြုခြင်း။ 
  • ဆစ်ပိုးဥများကို သားရဲကောင်များလွှတ်၍  ဖျက်ဆီး​စေခြင်း။ (ဥပမာ ချို ရှည်နှံကောင်များ၊ အရွယ်ရောက်ပြီး ပင့်ကူများ....)

၂။ ဓာတု ပိုးသတ်​ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း။

  • ဖစ်ပရို​နေးလ်
  • ကလိုရမ် ထရာနိလီပရိုး
  • ဘီတီ
  • ပရိုဖီနို​​ဖော့+လမ်ဘဒါ
  • အီမာမက်တင်+သိုင်ယာမီသိုဇင်
  • ကာဘိုဆာလဖန်
  • ကာတက်ဟိုက်ဒြိုကလိုရိုဒ်

​​ဖော်ပြပါ ​ဆေးအုပ်စုများမှ တမျိုးမျိုးကို အညွှန်းပါအတိုင်း စနစ်တကျအသုံးပြုနိုင်ပါတယ်။

အထူးသတိပြုရမည့်အချက်များ

စပါးဆစ်ပိုးသည် ရွက်ဖုံးမှတဆင့် အဆစ်ထဲသို့ ဝင်​ရောက်ပြီး အူတိုင်အတွင်းသားကို စား​သောက်ဖျက်ဆီးပါတယ်။

တဖြည်းဖြည်း အပင်​ခြေအထိ​ရောက်နိုင်ပါတယ်။ အကယ်၍ ​ဆစ်ပိုးကျ​ရောက်​သောစပါးခင်းကို ရေမထုတ်ဘဲ ပိုးသတ်​ဆေးဖျန်းပါက ထိ​ရောက်မှု မရှိတာ​​တွေ့ရပါတယ်။

(ပိုးသတ်​ဆေးဖျန်းလျှင် ရေထုတ်ပြီးမှ ဖျန်းပါ)

စပါးဖုံးလုံးချိန် ဆစ်ပိုးကျ​ရောက်ပါက စပါးအထွက်နှုန်း ဆုံးရှုံးနိုင်ပါသဖြင့် ကြိုတင်ကာကွယ်​ဆေး ဖျန်းထားဖို့လိုပါတယ်။

(စပါး၂ လသားအရွယ်မှာ၊ ဆစ်ပိုး ဥကန်း​ဆေး Profenofos/Acetamepridဖျန်း​ပေးပါ။​ ဆေးဖျန်းသည့်အခါတိုင်း စွဲကပ်ပျံ့နှံ့​ဆေး အသုံးပြုပါ။) ဆစ်ပိုးကာကွယ်​ဆေးဖျန်းလျှင် အပင်​ခြေပိုင်းအထိ ​ဆေး​ရောက်​အောင် ဖျန်း​ပေးပါ။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်