ဆူးပန်းရွက် စိုက်ပျိုးနည်း

19/12/2021 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ဆူးပန်းပင်သည် အရွက်နှင့်အစေ့များကို စားသုံးရပြီး၊ အပင်အမြင့် ၁ ပေခွဲနှင့် အကျယ် ၁ ပေခန့်ရှိသည်။ အပင်ငယ်စဉ်အရွက်နုများကို ဟင်းသီးဟင်းရွက်အဖြစ် အချဉ်ဟင်းချက်၍သော်လည်းကောင်း သုပ်စား၍သော်လည်းကောင်း စားသောက်ကြသည်။ အစေ့များကိုကြိတ်၍ အဆီထုတ်ပြီး စားသုံးဆီအဖြစ်၊ ဆပ်ပြာချက်လုပ်ရာတွင်လည်းကောင်း၊ အမြန်အငွေ့ပျံလွယ်သဖြင့် သင်္ဘောဆေးဖော်စပ်ရာတွင်လည်းကောင်း၊ ဖယောင်းပုဆိုးပြုလုပ်ရာတွင်လည်းကောင်း သုံးစွဲကြသည်။ ဆီကြိတ်ဖတ်ကို ကျွဲနွားစာအဖြစ်၊ မြေသြဇာအဖြစ် သုံးစွဲကြသည်။ ဆူးပန်းပင်၏ မူရင်းဒေသမှာ အဘီဆီးနီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ဖြစ်သည်။

စိုက်ပျိုးခြင်း

   မိုးရေဖြင့် မေလတွင်ဖြစ်စေ၊ ကုန်းမြေ၌ စက်တင်ဘာလတွင်ဖြစ်စေ၊ ကိုင်းမြေတွင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွင်ဖြစ်စေ စပါးအပြီး သီးထပ်အဖြစ် နိုဝင်ဘာတွင်ဖြစ်စေ စိုက်ပျိုးကြသည်။ မိုးနှောင်းပိုင်းတွင် စိုက်ပျိုးခြင်းက မိုးဦးပိုင်းစိုက်ပျိုးခြင်းထက် ပိုမိုဖြစ်ထွန်းသည်။ ဆူးပန်းပင်သည် အပူပိုင်းဒေသနှင့် သမပိုင်းဒေသတို့တွင် ဖြစ်ထွန်းသောသီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံတွင် နေရာဒေသမရွေးစိုက်ပျိုးနိုင်သည်။ အပူချိန် ၇၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ အပူဒဏ်တာရှည်ခံရလျှင် အပွင့်များဖိုပြီး မျိုးစေ့အောင်မြင်မှုနည်းပါးသည်။ မိုးရေချိန်လက်မ ၂၅ မှ ၄၀ အတွင်းရရှိရန်လိုအပ်သည်။ မိုးရေမလုံလောက်လျှင် ရေသွင်း၍စိုက်ပျိုးနိုင်သည်။

   မျိုးစေ့ကို ပင်ကြား ၄-၆ လက်မ၊ ၁-၁ ၁/၂ လက်မ အနက်ချရသည်။ တန်းကြား၁၅-၁၈ လက်မခြားရသည်။ အစေ့သေးငယ်သဖြင့် မြေဆီလွှာမှုန့်ညက်နေရန် လိုအပ်သည်။ သဘာဝမြေဆွေး ၁-၂ လက်မအထူတင်ပေးရသည်။ အချိုးညီဓာတ်မြေသြဇာ ၅-၅-၅ ကို စိုက်ပျိုးပြီး ရက်၄၀ ခန့်ကြာလျှင် လိုအပ်က ထည့်ပေးရသည်။ အမြစ်များ ရှည်ရှည်ဆင်းနိုင်သဖြင့် ရေပေးနိုင်လျှင် မြေမျိုးမရွေး အပင်ဖြစ်ထွန်းသည်။ 

ရိတ်သိမ်းခြင်း

   အရွက်နုများကို စိုက်ပြီး ရက် ၃၀ နောက်ပိုင်းတွင် ခူးယူစားနိုင်သည်။ အသက်ရက် ၁၂၀-၁၃၅ ရက်ခန့်အကြာ အရွက်များခြောက်ပြီး၊ အပွင့်များညှိုးလာလျှင် အပင်ကိုရိတ်သိမ်းနိုင်သည်။ တစ်ဧကမှာ အစေ့ ၂၀-၃၅ တင်းခန့်အထိ ထွက်နိုင်သည်။ အစေ့တစ်တင်းမှ ဆီ ၂ပိဿာခွဲခန့် ထွက်သည်။ 

မျိုး

   အယဉ်မျိုးတစ်မျိုးနှင့် အရိုင်းမျိုး ၂ မျိုးရှိသည်။ အရိုင်း ၂ မျိုးမှာ C.Oxyacantha နှင့် C.Lanatus တို့ဖြစ်သည်။

အာဟာရဓာတ်ပါဝင်မှု

   ရာခိုင်နှုန်းအားဖြင့် ရေငွေ့ ၈၉.၉၊ ပရိုတိန်း ၃.၃၊ အဆီ ၀.၇၊ သတ္တု ၁.၀၊ ကာဗိုဟိုက်ဒရိတ် ၅.၁၁၊ ထုံး ၀.၁၈၊ မီးစုန်း ၀.၀၆ ပါဝင်သည်။ ဂရမ် ၁၀၀ လျှင် သံ ၇.၆ မီလီဂရမ်၊ ကယ်လိုရီ ၄၀၊ ကယ်ရိုတင်း (ဗီတာမင်အေ) ၅၅၀၀ အိုင်ယူရှိပါသည်။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်