ဆားငန်ရေဝင်ခြင်းကြောင့် စပါးအဖျင်းများရတဲ့ ပြဿနာကို ဖြေရှင်းနည်း

07/09/2023 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရခိုင်ဒေသမှာ ဆားငန်ရေတွေဝင်ခြင်းကြောင့် စပါးစိုက်တောင်သူတွေ ကြုံတွေနေရတဲ့ စပါးအဖျင်းများခြင်း ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို အစိမ်းရောင်လမ်းရဲ့တောင်သူတွေပါ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်ရှင့်။

မေး : ကျွန်တော်တို့ဒေသ (ရခိုင်) မှာ မိုးစပါးစိုက်ပျိုးပြီး နို့ရည်စတည်သည့်အချိန်တွင် ဆားငန်ရေဝင်ရောက်ပါက စပါးနှံသည် နို့ရည်ခဲသည့်အဆင့်မရောက်ပဲ (အနှံများမငိုက်ပဲ) အဖျင်းများဖြစ်ပေါ်လာသည်မှာဘာကြောင့်လဲ၊ မည်သို့ဖြေရှင်းဆောင်ရွက်သင့်ပါသလဲ။ 

ဖြေ : မိုးစပါးစိုက်ပျိုးပြီး နို့ရည်စတည်သည့်အချိန်တွင် ဆားငန်ရေဝင်ရောက်ပါက စပါးနှံသည် နို့ရည်ခဲသည့်အဆင့်မရောက်ပဲ (အနှံများမငိုက်ပဲ) အဖျင်းများဖြစ်ပေါ်လာသည်မှာ ဆားငန်ရေကြောင့် အပင်အပြင်ဘက်ရှိ ပျော်ရည် (အစိုဓာတ်) သည် အပင်တွင်းရှိ ပျော်ရည်ပြင်းအားပမာဏထက် များလာကာ များရာမှ နည်းရာသို့စီးဆင်းသည့် စိမ့်ဝင်ပျံ့နှံ့ခြင်း ဖိအား (Osmotic pressure) ကြောင့် အပင်သည် အပြင်က အာဟာရဓာတ်ကို မစုပ်ယူနိုင်ရုံမက အပင်တွင်းရှိ အာဟာရဓာတ်များပါ အပြင်သို့ စိမ့်ထွက်သွားခြင်းကြောင့် နို့ရည်မခဲနိုင်ပဲ အဖျင်းများ များလာရခြင်းဖြစ်သည်။ 

ဖြေရှင်းသည့်နည်းလမ်းအားဆောင်ရွက်ရာတွင် ထိုဆားငန်ပျော်ရည်ကို ဆားငန်ပြင်းအားပမာဏ လျော့နည်းသွားအောင် ဆာဖြူရစ်အက်ဆစ် (sulphuric acid) ကို မှန်ကန်သော အချိုးအစားကို အသုံးပြု၍ ရေသွင်းရေထုတ်နည်းလမ်းဖြင့် လုပ်ဆောင်ပေးနိုင်သော်လည်း ထိုကဲ့သို့ နည်းလမ်းသည် ရေရှည်တွင် မြေချဉ်၍ မြေကြီးပျက်ဆီးနိုင်သည့် ပြဿနာဖြစ်ပေါ်စေနိုင်သည့်အတွက် ဆားငန်ရေဝင်မြေ (saline soil) များကို ဓာတုဗေဒနည်းလမ်းဖြင့် ကုစားလျှင် မထိရောက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။ 

မိုးခေါင်ရေရှားဒေသများတွင် အတွေ့ရများသည့် ဆိုဒီယမ် ဆားပေါက်မြေ (sodic soil) မျာကို ကယ်ဆီယမ်ပါဝင်သော ဓာတုမြေသြဇာများကို အသုံးပြု၍ လျော့နည်းအောင် ဆောင်ရွက်နိုင်ပါသည်။

ဆိုဒီယမ်ဆားပေါက်မြေများကို ရေတွင် ပျော်ဝင်မှုအားကောင်းသော ဂျစ်ပဆန်မြေသြဇာကို သုံး၍ ဆိုဒီယမ်ပါဝင်မှု ပမာဏလျော့နည်းအောင် ကယ်လ်စီယမ်(ထုံး) ဖြင့် ဖလှယ်ထုတ်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်။

ထုံးတွင် ပါဝင်သော ကယ်စီယမ်သည် ရေတွင် ပျော်ဝင်မှုလျော့နည်းသောကြောင့်

  • ဂျစ်ပဆန် သို့မဟုတ် ဖောစဖောရစ်အက်ဆစ်ထုတ်လုပ်မှုမှ ဘေးထွက်ပစ္စည်း (gypsum-like byproduct) – phosphogypsum,
  • ကျောက်မီးသွေးစက်ရုံ၏ ဘေးထွက်ပစ္စည်း - coalgypsum,
  • လက်တစ်အက်ဆစ်ထုတ်လုပ်မှုမှ ဘေးထွက်ပစ္စည်း- lactogypsum ကို အသုံးပြုပေးရမည်ဖြစ်သည်။

၎င်းတို့ကို ပက်ဖျန်း၍ ရေတွင်ပျော်ဝင်လာသော ဆိုဒီယမ်များကို ရေသွင်းရေထုတ်နည်းလမ်းဖြင့် ဆေးကြော (irrigation with drainage system) ပေးရမည်ဖြစ်သည်။

ဂျစ်ပဆန်ပမာဏသည် မြေကြီး၏ ဆားပါဝင်မှုနှုန်း၊ မြေကြီး၏ ဇီဝရုပ်ပိုင်းဆိုင်ရာ အခြေအနေ (ဥပမာ- မြေပတ်ဝန်းကျင်၊ မြေကြီး၏ မိခင်ကျောက်သား၊ မြေသားအနုအကြမ်း၊ သွင်းရေအရည်အသွေး၊ မြေအောက်ရေအနေအထား၊ စိုက်ပျိုးသော သီးနှံ) များပေါ်တွင် မူတည်သည်။  ဂျစ်ပဆန်ကို သဘာဝမြေဆွေး၊ မြေသြဇာများနှင့် ပေါင်းစပ်အသုံးပြုလျှင် ဆားပေါက်မြေများကို ကုစားရာတွင် ပိုမိုထိရောက်ကြောင်းလေ့လာသိရှိရပါသည်။ 

အချုပ်အားဖြင့်ဆိုရသော်

(၁) ဆားငန်ရေဝင်သည့်အခါ ထိရောက်တဲ့နည်းလမ်းများမှာ အရည်အသွေးကောင်းပြီး လုံလောက်သော ရေပမာဏဖြင့် ဆေးကြောပေးခြင်း (irrigation with drainage system) ဖြစ်ပါသည်။

(၂) ဆားငန်ရေဝင်သော မြေများကို သဘာဝပစ္စည်း (တိရစ္ဆာန်ချေး၊ မြေဆွေး) များကို အသုံးပြု၍လည်း ဆားပမာဏလျော့နည်းအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ သဘာဝမြေဆွေးများသည် မြေကြီးအတွင်း အော်ဂဲနစ်ကာဗွန်ပမာဏကို များပြားစေပြီး မြေသားဖွဲ့စည်းတည်ဆောက်ပုံ (soil’s macro-aggregation) ကို ကောင်းမွန်စေသည်။

၎င်းမြေသားတည်ဆောက်ပုံသည် အမြစ်ဇုံအတွင်းမှ ဆားများ စိမ့်ထွက်သွားပြီး မြေကြီးအတွင်း အစိုဓာတ်နှင့် အာဟာရဓာတ် စိမ့်ဝင်နိုင်မှု (soil permeability) ကိုကောင်းမွန်စေသည်။ ၎င်းအပြင် မြေကြီးမှ အငွေ့ပျံမှုကို လျော့နည်းစေပြီး မြေမျက်နှာပြင်တွင် ဆားစုပုံသည့် ပြဿနာကိုလည်း လျော့နည်းစေနိုင်ပါသည်။ 

ထို့ကြောင့် ဆားငန်ရေဝင်သောမြေများနှင့် ဆားပေါက်သော မြေများကို ပြုပြင်ရာတွင် ထိရောက်သော နည်းလမ်းမှာ ကောင်းမွန်သော ရေဖြင့် ရေသွင်းရေထုတ်ပြုလုပ်ပေးခြင်းနှင့် သဘာဝမြေဆွေး၊ သဘာဝမြေသြဇာများကို ထည့်သွင်းအသုံးပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ဆားငန်ရေဝင်သောမြေများနှင့် ဆားပေါက်သောမြေများတွင် မြေသားတည်ဆောက်ပုံမပျက်စီးစေရန် တတ်နိုင်သမျှ ထယ်ထိုးထွန်မွှေခြင်းလုပ်ငန်းများကို လျှော့ချပေးရမည်ဖြစ်သည်။ ထယ်ထိုးထွန်မွှေခြင်းကြောင့် မြေသားတည်ဆောက်ပုံ ပျက်စီးပါက ဆားဖလှယ်ထုတ်နိုင်မှုစွမ်းအားကို လျော့ကျစေ၍ အမြစ်ဇုံတွင် ဆားစုပုံမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းလည်း သိရှိရပါသည်။

Reference

Shahid, S. A., Zaman, M., and Heng, L. (2018b). “Salinity and Sodicity Adaptation and Mitigation Options,” in Guideline for Salinity Assessment, Mitigation and Adaptation Using Nuclear and Related Techniques. Editors M. Zaman, S. A. Shahid, and L. Heng (Vienna: International Atomic Energy Agency), 55–89. doi:10.1007/978-3-319-96190-3_3

Qadir, M., Oster, J. D., Schubert, S., Noble, A. D., and Sahrawat, K. L. (2007). Phytoremediation of Sodic and Saline‐Sodic Soils. Adv. Agron. 96, 197–247. doi:10.1016/s0065-2113(07)96006-x

Amezketa, E., Aragüés, R., and Gazol, R. (2005). Efficiency of Sulfuric Acid, Mined Gypsum, and Two Gypsum By-Products in Soil Crusting Prevention and Sodic Soil Reclamation. Agron. J. 97, 983–989. doi:10.2134/agronj2004.0236

Paz, A., Hristov, B., Amezketa, E., Falsone, G., Zambujo, J., Canfora, L., et al. (2020). Minipaper: Prevention, Mitigation and Adaptation Strategies for Soil Salinisation at Farm Level. Brussels: EIP-AGRI Focus Group Soil salinization. Available at: https://ec.europa.eu/eip/agriculture/sites/agri-eip/files/fg36_minipaper_preventinomitigationadaptation_2020_en.pdf.

Lakhdar, A., Rabhi, M., Ghnaya, T., Montemurro, F., Jedidi, N., and Abdelly, C. (2009). Effectiveness of Compost Use in Salt-Affected Soil. J. Hazard. Mater. 171, 29–37. doi:10.1016/j.jhazmat.2009.05.132

Gonçalo, F. F., Dias, N. D., Suddarth, S. R. P., Ferreira, J. F. S., Ray, G., Anderson, R. G., et al. (2020). Reclaiming Tropical saline-sodic Soils with gypsum and Cow Manure. Water 12, 57. doi:10.3390/w12010057

Ilan Stavi, Niels Thevs and Simone Priori, 2021. Soil Salinity and Sodicity in Drylands: A Review of Causes, Effects, Monitoring, and Restoration Measures. Front. Environ. Sci., 11 August 2021. Sec. Soil Processes vol. 9 – 2021. Available webpage: https://www.frontiersin.org/articles/10.3389/fenvs.2021.712831/full

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်