အဏ္ဏဝါဂေဟစနစ်ကို အကျိုးပြုသော ပင်လယ်မြက်များ

24/04/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကမ္ဘာပေါ်တွင်ပင်လယ်မြက်များသည် ပန်းပွင့်သော အပင်များအုပ်စု (Angiosperm) ၏ (၀.၀၁%) သာရှိပြီး အပူပိုင်းနှင့် သမပိုင်းဒေသများ၏ ကမ်းရိုးတန်းရေတိမ်ပိုင်းတွင် ပျံ့နှံ့ပေါက်ရောက်နေကြသည်။ ကမ္ဘာပေါ်တွင် ပင်လယ်မြက်အပင်အမျိုးအစား (၇၂) မျိုးရှိသည်။ အရွက်၊ အမြစ်နှင့် အပွင့်ရှိသောအပင်ဖြစ်သည့် ပင်လယ်မြက်(Seagrass) များသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၁ဝဝ)ခန့် အချိန်တည်းက ကုန်းမြေပေါ်ရှိမြက်များမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

Marine Flowering Plants ဟူ၍လည်းခေါ်ဆိုကြသည့် ပင်လယ်မြက်များသည် သက်ရှိဝန်းကျင်အတွက် လိုအပ်သောအထောက်အပံ့အချို့ကို ပေးပါသည်။ ပင်လယ်မြက်များသည် သဘာဝဖြစ်စဥ်၏ အချို့အစိတ်အပိုင်းများတွင် လူသားများ၏ လိုအပ်ချက်ကို တိုက်ရိုက် (သို့မဟုတ်)သွယ်ဝှိုက်ပြီး အကျိုးပြုပါသည်။

ပင်လယ်မြက်များ၏ အရေးပါပုံ

ပင်လယ်မြက်ခင်းများသည် အောက်ပါဂေဟစနစ် ဝန်ဆောင်မှုများ (Ecosystem services) ကို သဘာဝအတိုင်း လုပ်ဆောင်ပေးနေကြသည်။

(က) ကိုယ်တိုင် အခြားသတ္တဝါများနှင့်အကောင်ငယ်များအတွက် အစာများ ဖြစ်စေခြင်း၊ 

(ခ) အခြားသတ္တဝါများနှင့်အကောင်ငယ်များ ခိုလှုံနေထိုင်ပေါက်ဖွားရန်နေရာများ ဖြစ်စေခြင်း၊ 

(ဂ) ကာဗွန်စုဆောင်းပေး၍ အောက်စီဂျင်ထုတ်ပေးခြင်း၊ 

(ဃ) ကမ်းပြိုမှုမှကာကွယ်ပေးခြင်း၊ 

(င) အပန်းဖြေနိုင်စေခြင်း၊ 

(စ) စီးပွားရေးအရအရေးပါသော အဏ္ဏဝါကျောရိုးမဲ့မျိုးစိတ်များနှင့် ငါးမျိုးစိတ်များ(သားပေါက်မြေ၊ အစာကျွေးမြေ) ဖြစ်စေခြင်း အစရှိသည်တို့ ဖြစ်ကြသည်။

မြန်မာ့ပင်လယ်မြက်များ

မြန်မာနိုင်ငံ၏ ၂၈၃၂ ကီလိုမီတာရှည်လျားသည့် ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်နေကြသည့် ပင်လယ်မြက်အမျိုးအစား (၁၁) မျိုးရှိကြောင်း လေ့လာ သိရှိထားကြသည်။ ၄င်းတို့မှာ- (၁) မြက်ရွက်လုံး၊ (၂) မြက်မျှင်ငယ်၊ (၃) မြက်မျှင်ကြီး၊ (၄) မြက်ထိပ်ဆူး၊ (၅) မြက်ထိပ်ချော၊ (၆) မြက်အုန်းရွက်)၊ (၇) မြက်ရွက်ကွေး၊ (၈) မြက်တက်ကြီး၊ (၉) မြက်တက်ငယ်၊ (၁၀)  မြက်တက်ဆူးနှင့် (၁၁) မြက်တက်သွယ် တို့ ဖြစ်ကြသည်။

မြက်မျှင်ငယ်ကို တနင်္သာရီနှင့်ရခိုင်ကမ်းခြေ နေရာအများအပြားတွင် ပေါက်ရောက်နေကြောင်း တွေ့ရသည်။ မြက်တက်ကြီးများကို ရခိုင်ကမ်းခြေနေရာများတွင်သာ ပေါက်ရောက်နေကြောင်းတွေ့ရပြီး  မြက်တက်ငယ်ကို  တနင်္သာရီကမ်းခြေနေရာများတွင် ပေါက်ရောက်နေ ကြကြောင်းတွေ့ရသည်။ ယေဘုယျအားဖြင့် ရေချိုပြီးနုန်းများသဖြင့် နောက်ကျိနေသည့် ဧရာဝတီ၊ စစ်တောင်းနှင့်သံလွင်မြစ်ဝရှိ ရေချိုရေငန်စပ်ကမ်းခြေဒေသများတွင် ပင်လယ်မြက်အများစုသည် ပေါက်ရောက်နိုင်ခြင်းမရှိသော်လည်း အဆိုပါဒေသများ၏ ရွှံ့ပြင်များ (Mudflats) ပေါ်တွင် မြက်တက်သွယ် အပင်တစ်မျိုးသာ ပေါက်ရောက်နိုင်ကြောင်း တွေ့ရသည် ။

မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ပင်လယ်မြက်ခင်းများ ၏ဧရိယာမှာ ဧက (၃၀၀၀-၅၀၀၀) ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ တနင်္သာရီကမ်းခြေဒေသများရှိ ပင်လယ်မြက်ခင်းများသည် ရေကျချိန်တွင် လုံးဝ လေပေါ် ပေါ်နေတတ်ကြသော်လည်း ရခိုင်ကမ်းခြေဒေသများရှိ ပင်လယ်မြက်ခင်းများသည် ရေကျချိန်တွင် လုံးဝ ရေအောက်တွင် မြုပ်နေသည့်သဘာဝများ ရှိနေတတ်ကြခြင်းကြောင့် ဂေဟစနစ်များလည်း ကွဲပြားခြားနားနေကြသည်။

ရေသတ္တဝါမျိုးစိတ်အချို့ကို ထိန်းသိမ်းပေးသော ပင်လယ်မြက်များ

ပင်လယ်မြက်များသည် သဘာဝဖြစ်စဥ်၏ အချို့အစိတ်အပိုင်းများတွင် လူသားများ၏ လိုအပ်ချက်ကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီး အကျိုးပြုပါသည်။ ပင်လယ်ပြင်တွင် အချို့သော Coral Reef Fish မျိုးစိတ်များ၏ အရွယ်ရောက်မှုဖြစ်စဥ်အတွက် ပင်လယ်မြက်ကို မှီခိုကြရပါသည်။

ပင်လယ်မြက်များသည် ကမ်းရိုးတန်းဒေသ အကာအကွယ်ရှိသော အော်၊ ရေငန်အိုင်၊ မြစ်ဝများတွင် ပေါက်ရောက်လေ့ရှိပြီး ၄င်းတို့ရှင်သန်ရန် နေရောင်ခြည်နှင့် ရှင်သန်နိုင်မည့်အပူချိန် လိုအပ်ပါသည်။ ပင်လယ်မြက်ရှိသောနေရာတွင် ပင်လယ်မျှော့၊ ပင်လယ်လိပ်၊ပုစွန်ဆိတ်၊ ပုစွန်ထုပ်၊ ရေဝက်၊ လင်းပိုင်နှင့် ပင်လယ်ငှက်အချို့ ထိန်းသိမ်းကျက်စားလေ့ရှိသည့်အတွက် ငါးမျိုးစိတ်အချို့ကို ထိန်းသိမ်းသည့် ပတ်ဝန်းကျင်မြေပြင်အဖြစ် တာဝန်ထမ်းဆောင်ကြပါသည်။

ပင်လယ်မြက်များပျက်စီးခြင်း

ကမ္ဘာတစ်ဝှမ်းရှိ ပင်လယ်မြက်ခင်းများ၏ ၆၀ % သည် ၁၉၈၀ ခုနှစ်မှ ယနေ့ထိ ပျက်စီးနေရခြင်းမှာ အလင်းပြင်းခြင်းနှင့် အပူချိန်လွန်ကဲခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ပင်လယ်မြက်ခင်းများ ပေါက်ရောက်ရာ ကမ်းခြေဒေသများ ဖျက်စီးခံရခြင်း၊ နေရာဒေသများ ဆုံးရှုံးခြင်း၊ပင်လယ်ပြင် ညစ်ညမ်းခြင်းတို့ကြောင့် ဖြစ်သည်။

ပင်လယ်မြက်များကို ထိန်းသိမ်းမည်ဆိုလျှင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်ခြင်း၊ ကျွန်းနှင့် ကမ်းခြေများတွင် တည်ဆောက်ဖွင့်လှစ်ထားသော ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များနှင့် စွန့်ပစ်ရေများကို စနစ်တကျ စွန့်ပစ်စေခြင်း၊ ပင်လယ်မြက်ခင်းများနှင့် ပင်လယ်လိပ်များရှိရာနေရာတွင် ခရီးသွားရေယာဥ်များ၊ ငါးဖမ်းလှေများ ကျောက်ချခြင်းအား ရှောင်ရှားခြင်း၊ ရေယာဥ်များမှ ဆီယိုဖိတ်မှုများ မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ရပါမည်။

အချုပ်အားဖြင့် ဆိုရလျှင် ပင်လယ်မြက်များသည် ရေနေသတ္တဝါများ၏ အစာကွင်းဆက်တွင် အရေးပါသဖြင့် ပင်လယ်မြက်ခင်းများကို ထိန်းသိမ်းခြင်းအားဖြင့် ပင်လယ်ရေနေသတ္တဝါများ၏ အစာကွင်းဆက်နှင့် နေထိုင်ကျက်စားရာ နေရာများကို ထိန်းသိမ်းရာရောက်မည်ဖြစ်သည်။ ပင်လယ်လိပ်များနှင့် ရေဝက်များ၏ အဓိကအစာဖြစ်သည့် ပင်လယ်မြက်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းလုပ်ဆောင်ခြင်းသည် အဏ္ဏဝါဂေဟစနစ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပင်လယ်မြက်များ ရေရှည်တည်တံ့စေရေး စုပေါင်းထိန်းသိမ်းကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်