မှိုဟုပြောရာတွင် သဘာဝမှိုနှင့် လူတို့ပြုပြင်ထားသောမှိုဟူ၍ နှစ်မျိုးနှစ်စားရှိပြန်ရာ စား၍ရသောမှိုနှင့် စား၍ မရသောမှိုတို့ကို ခွဲခွဲခြားခြားသိပြီးမှ စား၍ရသောမှိုကို ချက်ပြုတ်စားသောက်ရ၏။ စားမရေသာမှိုကိုစားမိလျှင် စားသူကို အသက်သေဆုံးသွားသည်အထိ ဒုက္ခပေးနိုင်၏။
အထူးသဖြင့် ကျေးလက်ဒေသများနှင့် တောထဲတောင်ပေါ်ဒေသများ၌ နေထိုင်သွားလာကြသူများသည် သဘာဝမှိုများကို အရမ်းမစားသင့်ပေ။
စား၍ရသောသဘာဝမှိုများတွင် ကောက်ရိုးမှို၊ မြက်ကြားမှို၊ တောင်ပို့မှို၊ မှိုဦးနက်၊ မှိုဖြူစသည့် စားသောက်ရသောမှိုများရှိသကဲ့သို့ ခွေးလှေးမှို၊ ကြက်ခူမှို၊ သဲမှို၊ မှိုကွန်ခြာ၊ သစ်ကြားမှို၊ နွားချေးမှို စသည့် မစားရသော မှိုများစွာရှိသည်။ မစားရသောမှိုများကို စားမိလျှင် အသက်ဆုံးသည်အထိ ဒုက္ခပေးနိုင်သောကြောင့် မှိုအကြောင်းကိုမသိဘဲ စားကောင်းသော မှိုလား၊ စား၍မရသော အဆိပ်ရှိမှိုလားဆိုသည်ကို ခွဲခွဲခြားခြားမသိဘဲ မှိုကို အရမ်းမစားသင့်ပေ။
အဆိပ်ရှိသောမှို (မစားရသောမှို) များကို သိနိုင်သော လက္ခဏာများ ရှိသည်။ မှိုများ၏ အရိုးကို လက်ဖြင့် ခြေကြည့်ပါ။ ကြေလျှင် ယင်းမှိုမှာ မစားကောင်းပါ။ မှိုကို ခြေကြည့်၍ နို့နှစ်ရည်ကဲ့သို့ ဖြူဖြူအရည်များထွက်လာလျှင်လည်း မစားရပါ။ ပိုးရှိသည့်မှို၊ ဆွေးနေသည့်မှိုများမှာ အမှည့်လွန်နေသည့် အသီးမျာကဲ့သို့ပင် အဆိပ်အတောက်ဖြစ်တတ်ပါသည်။ ကန်စွန်းရွက်ထည့်ချက်ကြည့်၍ စား၍ရသော မှိုလော (သို့မဟုတ်) အဆိပ်မှိုလော ဆိုသည်ကို သိနိုင်သည်။ (ကန်စွန်းရွက်ထည့်ချက်လိုက်လျှင် ဟင်းရည်အရောင်ပြောင်းကာ ညစ်ပုပ်ပုပ်ဖြစ်သွားပါက အဆိပ်မှိုဖြစ်သည်ဟု အချို့က ပြောကြသည်)။ လေ့လာသူတို့က ကန်စွန်းရွက်သည် အဆိပ်အတာက်ပြေကြောင်း ပြောကြသည်။
အဆိပ်အတောက်ဖြစ်လာသည့် လက္ခဏာများမှာ အစာစာပြီး များမကြာမီ
(၁) လည်ချောင်းမှာ တစ်ဆို့ဆို့ ဖြစ်လာမည်။ ရေငတ်လာမည်။
(၂) ဗိုက်အောင့်ဗိုက်နာဖြစ်လာမည်။
(၃) အန်လာမည်။
(၄) ပျို့လာမည်။
(၅) ဝမ်းလျောမည်။
(၆) အသားအရေပြာနှမ်းလာမည်။
(၇) သွေးခုန်နှုန်းအတိုး/ အလျော့ ဖြစ်လာမည်။
(၈) အသက်ရှုမြန်လာမည်။ ပြင်းထန်လာမည်။
အဆိပ်သင့်လက္ခဏာများတွေ့လျှင် အစာများ ပြန်အန်ထွက်ရန် ဆားရည်ကို များများသောက်ပြီး အစာကို အန်ထုတ်ပစ်ပါ။ လူနာကို နွေးနွေးထွေးထွေးထားပါ။ ဆေးရုံဆေးခန်းနှင့်ဝေးလျှင် ဝမ်းနှုတ်ဆေးကို တိုက်ပါ။ ဆူဆေးရလျှင် ပိုကောင်း၏။ လူနာသက်သာလာလျှင် ဟောလစ်၊ နွားနို့၊ ကော်ဖီ၊ သစ်သီးဖျော်ရည်စသော အစာနုနုကို တိုက်ကျွေးပါ။
မြသိန်း(လယ်ယာစီးပွားဂျာနယ်)