စားကျက်များကို လွန်ကဲစွာအသုံးပြုခြင်း၊ မီးရှို့မှုလွန်ကဲခြင်း၊ တာဝန်မဲ့အလေအလွင့်များသော သစ်ခုတ်ခြင်း၊ အလွန်အကျွံ စုဆောင်းခြင်းတို့မှာ သစ်တေသယံဇာတများကို အလွဲသုံးခြင်းများပင် ဖြစ်သည်။ ယင်းကိစ္စများ၏ အကျိုးဆက်များအဖြစ် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း၊ မြစ်များ၊ ချောင်းများ ရောခြင်း အဖြစ်နှင့် ရင်ဆိုင်ရပေသည်။ အဖိုးတန်သော မြေဆီလွှာဖြစ်ပေါ်ရန် နှစ်ပေါင်းရာနှင့်ချီ၍ ကြာခဲ့သော်လည်း ပျက်စီးဆုံးပါးရာတွင် မုန်တိုင်းငယ်တစ်ခုနှင့်ပင် လုံလောက်ပေသည်။
အပူပိုင်းသစ်တောများမှာ မိမိတို့၏ စွန့်ပစ်ပစ္စည်းများကို ပြန်လည်စားသုံးခြင်းဖြင့် ရှင်သန်နေကြခြင်းဖြစ်သည်။ အာဟာရအများစုမှာ မြေဆီလွှာမှ ရရှိခြင်းမဟုတ်ဘဲ ပုပ်ဆွေးသွားသော အပင်အစိတ်အပိုင်းများမှ သာဖြစ်သည်။ အကယ်၍ သစ်ပင်တစ်ပင် ခုတ်လှဲခံရပါက သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းခံရပါက ထိုနေရာမှ အကာအကွယ်မဲ့ ဖြစ်သွားပြီး မြေဆီလွှာနှင့် အပင်အာဟာရများ ဆုံပါးရတော့သည်။ ထို့သို့ ပျက်စီးသွားပြီးသော သစ်တောနေရာ များတွင် အမြစ်အဖွဲ့အစည်းရှည်သော ကြီးထွားမြန်သော အခြေချစွမ်းရည်ကောင်းသော ဘောစကိုင်းပင်များကို ပြန်လည်စိုက်ပျိုးခြင်းအားဖြင့် လျင်မြန်စွာ ပြန်လည်အသက်ဝင်လာပြီး ပုံမှန်သစ်တောအဖြစ် ရှင်သန်သွားနိုင် သည်။
ဘောစကိုင်းပင်သည် မြေဆီလွှာကို-
(၁) နိုက်ထရိုဂျင်ပမာဏတိုးစေသည်
(၂) ဩဂင်းနစ်ပစ္စည်းများဖြစ်ပေါ်စေခြင်းဖြင့် မြေအနေအထားကို ကောင်းမွန်စေသည်။
(၃) တင်းမာနေသောမြေမျက်နှာပြင်ကို ခွဲပေးခြင်းဖြင့် မြေဆီလွှာအတွင်းသို့ လေနှင့်ရေကို ရောက်ရှိစေသည်။ ရေတိုက်စားမှုကို သက်သာစေသည်။
(၅) မြေဆီလွှာဆုံးပါးခြင်းကို လျော့နည်းစေသည်။
မြေဩဇာပင်
ဘောစကိုင်းသည် စင်စစ်အားဖြင့် မြေဩဇာပင် (Fertilizer Crop) ဖြစ်သည်။ အပူပိုင်းဒေသ၏ မြင့်သော အပူ ချိန်၊ အစိုဓာတ်များသော မြေဆီလွှာ၊ အရွက်၏အရွက်သေးငယ်ခြင်းတို့မှာ လျင်မြန်စွာဆွေးစေခြင်း၏ အကြောင်း ရင်းများဖြစ်သည်။ မြေသို့ကျပြီး (၂) ပတ်အတွင်း အပင်များစားသုံးနိုင်သော အခြေအနေသို့ရောက်လာသည်။ ဘောစကိုင်းအရွက်တွင် နိုက်ထရိုဂျင်ဓာတ် (၄) ရာနှုန်းပါဝင်သည်။ ဘောစကိုင်းစိုက်ခင်း တစ်ဟက်တာမှ တစ်နှစ် ကာလအတွင်း နိုက်ထရိုဂျင် ကီလို (၅၀၀) မှ (၆၀၀) ရရှိနိုင်သည်။ ဘောစကိုင်းအရွက်ကို မြေဩဇာအဖြစ် အသုံးပြုသော ပြောင်းစိုက်ခင်းမှာ ဓာတ်မြေဩဇာများ အသုံးပြုသကဲ့သို့ပင် အထွက်နှုန်းကောင်းသည်။ ပြောင်းစေ့ တစ်တန်ပိုထွက်ရန် ဘောစကိုင်းရွက်ခြောက်အလေးချိန် တစ်တန် သုံးရန်လိုအပ်သည်။ ထိုအလေးချိန်မှာ အစို အလေးချိန် (၄) တန်နှင့် ညီမျှသည်။ ဘောစကိုင်း တစ်ဟက်တာစိုက်ခင်းမှ တစ်နှစ်အတွင်းရရှိသော အရွက်များ ၏ နိုက်ထရိုဂျင်တန်ဖိုးမှာ အမိုနီယမ်ဆာလ်ဖိတ် တစ်တန်နှင့် ညီပေသည်။
ဘောစကိုင်းအရွက်မှာ သဘာဝအလျောက် ”ရွက်စိမ်းမြေဩဇာ” (Green Manuring ဖြစ်လျက်ရှိသည်။) တစ်ဟက်တာအတွင်း အပင်တစ်သောင်းမှ နှစ်စဉ် အရွက်ခြောက်အလေးချိန် (၈.၅) တန်ဖြစ်ပြီး နိုက်ထရိုဂျင် ဓာတ် (၁၀၀) ကီလိုနှင့် ညီမျှသည်။ တိရိစ္ဆာန်ချေးများကဲ့သို့ပင် မြေဩဇာကောင်းသည်။ နိုက်ထရိုဂျင်ဓာတ်ကို ဆုံးပါးစေသော အဏုဇီဝရုပ်များ မြေဆီလွှာအတွင်းရှိနေလင့်ကစား အပင်အတွက် အာဟာရများ ထောက်ပံ့နိုင် သည်။ ဘောစကိုင်းအရွက်၏ (၆၅) ရာနှုန်းသော နိုက်ထရိုဂျင်ဓာတ်ကို အပင်များစားသုံးနိုင်သည်။ ဘောစကိုင်း အရွက်များသည် နိုက်ထရိုဂျင်တစ်မျိုးတည်းသာမက အခြားအာဟာရများကိုလည်း ထောက်ပံ့လျက်ရှိသည်။ ဘောစကိုင်းအမြစ်များသည် မြေ၏အနက်ပိုင်းမှ မီးစုန်းနှင့် ပိုတက်စီယမ်ဓာတ်များကို အပင်အတွက် စုပ်ယူပေး သည်။ မြေတစ်ဟက်တာမှ တစ်နှစ်တာကာလအတွင်း ကြွေကျသော ဘောစကိုင်းအရွက်များတွင် မီးစုန်း(၄၄) ကီလိုနှင့် ပိုတက်စီယမ် (၁၈၇) ကီလိုပါဝင်သည်။ ထို့ပြင် ထုံးဓာတ်နှင့် အခြားအနည်းလိုဓာတ်စင်များလည်း ပါဝင်သည်။
ဦးဖရက်သိန်းဖေ
စိုက်ပျိုးရေးစာစုများ