မြေကြီးရဲ့ ဓာတ်ဂုဏ်သတ္တိတွေထဲမှာဆိုရင် ပထမဆုံးအပိုင်းကတော့ အာဟာရတွေဖြစ်ပါတယ်။
အာဟာရတွေ
မြေကြီးထဲက အပင်တွေ ရတယ်ဆိုတဲ့ အာဟာရတွေဆိုတာ မိဘဖြစ်တဲ့ကျောက်တွေကနေ တစ်ဖြည်းဖြည်းချင်း ထုတ်ပေးရင်းနဲ့ အပင်တွေက ရတာပါ။ အာဟာရတွေကို လေထဲကနေလည်း ရနိုင်ပါသေးတယ်။ မိုးထဲက ပါလာတဲ့၊ လေထဲမှာ ရှိနေတဲ့ နိုက်ထရိုဂျင်တွေဟာဆိုရင် မြေထဲက ရိုက်ဇိုးဘီးယားလိုမျိုး အနုဇီဝသက်ရှိတွေရဲ့ အကူအညီနဲ့ မြေထဲကို ထည့်ပေးလိုက်လို့ရပါတယ်။ အမှန်အတိုင်းဆို သဘာဝကနေ ရှိနေတဲ့ စနစ်တွေအရဆို လုံလောက်နေပေမဲ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်ကျတော့ အာဟာရအတွက် မလုံလောက်တာကြောင့် အပြင်ကနေ လိုအပ်တဲ့ မြေသြဇာတွေကို ထပ်ထည့်ပေးရတာဖြစ်ပါတယ်။
စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ ဘာလို့ ထပ်လိုအပ်လဲဆိုတော့ သီးနှံတစ်ခုစိုက်တိုင်းမှာ မြေကြီးထဲမှာရှိတဲ့ အာဟာရတွေကို ထုတ်ယူသွားပါတယ်။ အောက်က ဇယားလေးက ဂျုံတစ်တန်လောက် ထုတ်ဖို့အတွက် ကိုယ့်မြေထဲက အာဟာရ ဘယ်လောက်ရင်းလိုက်ရလဲ ဆိုတာကို ဖော်ပြထားပါတယ်။
မြေထဲက ယူထုတ်သွားတဲ့ အာဟာရတွေပဲရှိပါသေးတယ်။ ထပ်ထည့်လိုက်ရတာတွေ မပါပါဘူးနော်။ မြေက အာဟာရတွေ ပြည့်စုံနေမှပဲ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေနိုင်မှာပါ။ အပင်တွေကရလို့ ကုန်သွားတဲ့အာဟာရတွေနဲ့ အပင်အမြစ်တွေရဲ့ အောက်ကို ပျော်ကျပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေလည်းရှိပါတယ်။ အဲ့လို အာဟာရတွေ ဆုံးရှုံးတယ်ဆိုတာက ရေနဲ့ဖျော်ပြီးတော့ ပျောက်ဆုံးသွားတဲ့ နိုက်ထရိတ်လိုမျိုးပါ။ အဲ့လို ဆုံးတာတင်မကဘူး၊ အပူကြောင့်ကုန်ဆုံးသွားတဲ့ အာဟာရတွေလည်း ရှိပါတယ်။ အဲ့လိုအချက်တွေကြောင့် မြေကြီးရဲ့ အသေးစိတ် အာဟာရတွေကိုလေ့လာရတာ ဖြစ်ပါတယ်။
မြေချဉ်ငံကိန်း
မြေချဉ်ငံကိန်းအကြောင်းကတော့ တီးမိခေါက်မိ ဖြစ်ပြီးသားဆိုတော့ အများကြီးမပြောတော့ပါဘူး။ (၀)ကနေ (၁၄) ထိရှိတယ်။ (၇) က မချဉ်မငန်ပါ။ (၇) အောက်ရောက်သွားရင် ချဉ်ပြီးတော့ (၇) အထက်ဆိုရင် ငန်ပါတယ်။ မြေချဉ်ငံကိန်းကတော့ မြေကြီးထဲက အာဟာရတွေကို ထုတ်ပေးမပေးဆိုတာနဲ့ အပင်တွေဖြစ်ထွန်းမှု မထွန်းမှု ဆိုတဲ့အချက်တွေကို ဆုံးဖြတ်ပါတယ်။
ရရှိနိုင်တဲ့အာဟာရနဲ့ မရရှိနိုင်တဲ့အာဟာရ
ရှိနေတဲ့ ပုံစံလိုက်ပြီးတော့ အပင်တွေက မြေထဲက အာဟာရကို ရနိုင် မရနိုင်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ပြီးတော့ မြေချဉ်ငံကိန်းနဲ့လည်း ဆုံးဖြတ်ပါတယ်။ မြေချဉ်ငံကိန်းနဲ့ပတ်သက်ပြီး မြေထဲက အာဟာရတွေ ရနိုင် မရနိုင်ဆိုတာကို အောက်မှာ ဇယားလေးနဲ့ ပြထားပါတယ်။
မြေကြီးထဲက ရနိုင်တဲ့ အာဟာရတွေက အပေါ်ယံ ၁၀ စင်တီမီတာကဖြစ်ပါတယ်။ အဲ့နေရာမှာ အော်ဂဲနစ် ပစ္စည်းတွေနဲ့ အောက်စီဂျင်ပေါများလို့ဖြစ်ပါတယ်။
မြေကြီးထဲကို အာဟာရတွေ ဖြည့်လိုက်တယ်။ မြေသြဇာကျွေးလိုက်တယ်ဆိုရင် အပင်တွေက လွယ်လွယ်ရ နိုင်တာလည်း ရှိတယ်။ မြေချဉ်ငံကိန်းနဲ့ မြေအမျိုးအစားပေါ်မူတည်ပြီးတော့ တစ်ချို့က မြေနဲ့ တစ်ခါတည်း ကပ်ပြီးတော့ တစ်သားတည်း ဖြစ်သွားတယ်။ တစ်ချို့ကျတော့ စိမ့်ဝင်ပြီး ပျောက်ဆုံးသွားတယ် အဲ့လိုဖြစ်တတ်တာက အော်ဂဲနစ်ပစ္စည်းတွေ နည်းပါးပြီးတော့ မြေစေးမရှိတဲ့ မြေတွေမှာ ပိုပြီးတော့ ဖြစ်တတ်ပါတယ်။
အရိုးမှုန့်တို့ ဘာချေး ညာချေးဆိုတာတွေကိုကျတော့ ဖြည်းဖြည်းချင်းပြန်ထုတ်ပေးတဲ့ မြေသြဇာတွေလို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အပင်တွေ တိုက်ရိုက်မစားသုံးနိုင်တဲ့ ပုံစံတွေဖြစ်ပြီးတော့ အပင်တွေ စားသုံးနိုင်ဖို့အတွက်ကိုကျတော့ ပုံစံပြန်ပြောင်းပေးရပါတယ်။ အဲ့လို ပုံစံပြောင်းနိုင်ဖို့အတွက်ကို မြေကြီးထဲမှာ ရှိတဲ့ အနုဇီဝသက်ရှိတွေရဲ့ အကူအညီနဲ့ ဖြည်းဖြည်းချင်း ပြန်ပြောင်းရတာမို့ ဖြစ်ပါတယ်။
ခု ပြောခဲ့တဲ့ အကြောင်းတွေ ဖြစ်တဲ့ မြေချဉ်ငံကိန်းတွေ၊ အာဟာရတွေဆိုတာက မြေကြီးတစ်ခုရဲ့ ဓာတုဆိုင်ရာ လက္ခဏာတွေ ဖြစ်ပါတယ်။ ကြုံလို့ ကြိုက်လို့ လေ့လာဖြစ်တယ်ဆိုရင် ဒါဟာမြေကြီးတစ်ခုရဲ့ ဓာတ်ဂုဏ်သတ္တိတွေေဖြစ်တယ်ဆိုတာကို မှတ်မိနိုင်ကြမယ်လို့ ထင်ပါတယ်။
References
-
Centre of Land Protection Research, “Know Your Soil – Introduction to Soils”
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်