သစ်သီးပင်များအတွက် ပင်ကြားတန်းကြား အကွာအဝေးအား စဉ်းစားဆုံးဖြတ်ခြင်း

01/01/1970 06:30 AM တွင် HanPhyoAung HanPhyoAung မှ ရေးသား

သစ်သီးခြံများ တည်ထောင် မစိုက်ပျိုးမီ စိုက်မည့် ပင်ကြား တန်းကြား အကွာအဝေးအား စဉ်းစား ဆုံးဖြတ်ခြင်းသည် စိုက်ပျိုးမည့်သူများ အတွက် လွန်စွာမှ အရေးပါလှပါသည်။ ပင်ကြားတန်းကြား အကွာအဝေးသည် ကျဉ်းလွန်းလျှင်သော်လည်းကောင်း၊ ကျယ်လွန်းလျှင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်

၁။ သစ်သီးခြံများ တည်ထောင်မစိုက်ပျိုးမီ

·         မိမိစိုက်မည့် သစ်သီးပင် အမျိုးအစား

·         စိုက်မည့် သစ်သီးပင်၏ မျိုးပွားထားသော စနစ် (အစေ့စိုက်၊ ကိုင်းဆက်၊ အဖူးမြှုပ်၊ မြေထုပ်စည်း၊ စသည်)

·         စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတု အခြေအနေနှင့် မြေအမျိုးအစား

·         အပင်၏ ကြီးထွားမှု သဘာဝနှင့် ပုံသဏ္ဌာန်

·         ကိုင်းဆက်၊ အဖူးမြှုပ် အပင်များ အတွက် အသုံးပြုသော အောက်ခံပင် အမျိုးအစား

·         စိုက်ပျိုးမည့် အကွက်ချ စိုက်နည်းစနစ် ပုံစံများ

·         ရေပေးသွင်းမည့် နည်းစနစ်

·         အပင်အား ကိုင်းနှိမ်ကိုင်းချိုင် ပုံသွင်းမည့် နည်းလမ်းများ

·         သစ်သီးခြံအား မိမိ ပြုစုစောင့်ရှောက်နိုင်မည့် အနေအထား စသည့်တို့ကို ထည့်သွင်း စဉ်းစား ဆောင်ရွက်သင့်ပါသည်။

သစ်သီးပင်များအား အစာရေစာများကို တစ်ပင်နှင့် တစ်ပင် လုယူစားမှုမှ ရှောင်ရှားရန်နှင့် အရိပ်အလွန် အကျွံ ကျခြင်းမှ ရှောင်ရှားရန် သင့်တော်သော အကွာအဝေးတွင် စိုက်ပျိုး သင့်ပါသည်။ ဥပမာ- ပုံတွင် ပြထားသည့်အတိုင်း ရှောက်သံပရာ လိမ္မော်မျိုးရင်းဝင် အပင် တစ်ပင်၏ အကိုင်း အခက်ဝေဖြာမှုသည် တစ်ဖက်မှ တစ်ဖက် ၅ မီတာ နေရာ ယူထားသည်။ ထို့ကြောင့် ယေဘူယျအားဖြင့် ရှောက်သံပရာ၊ လိမ္မော် မျိုးရင်းဝင် အပင်များအား ပင်ကြား တန်းကြားကို အနည်းဆုံး ၅ မီတာ အကွာအဝေးဖြင့် စိုက်သင့်ပါသည်။ သစ်သီးပင် အများ၏ အစာ အာဟာရအား စုပ်ယူ စားသုံးသော အမြစ်များသည် မြေအပေါ် မျက်နှာပြင်နှင့် ကပ်၍ ဖွံ့ဖြိုး ကြီးထွားလေ့ရှိသည်။ ထို့ကြောင့် အကယ်၍ အခြား အသီးပင်များအား သစ်သီးပင်များ၏ ကြားတွင် စိုက်ရန် အစီအစဉ်ရှိပါက သစ်သီးပင်များ၏ အကွာအဝေးကို ပို၍ ဝေးကွာစွာ စိုက်ပျိုးသင့်ပါသည်။

၂။ သစ်သီးပင်များစိုက်သောအခါ ပင်ကြားတန်းကြား အကွာအဝေး အလွန်အမင်းကျယ်လျှင်

·         အပင်ဦးရေနည်းသောကြောင့် အထွက်နှုန်းလည်း နည်းနိုင်ပါသည်။

·         ရေပေးသွင်းမှုပို၍ လိုအပ်နိုင်ပါသည်။

 

·         အချို့သီးနှံများတွင် အရည်အသွေးကို ထိခိုက်ကျဆင်းစေနိုင်သည်

(ဥပမာ၊ သင်္ဘောတွင် နေလောင်ခြင်း၊ အခေါက်ပင်စည်ကွဲအက်ခြင်း)။

၃။ ပင်ကြား တန်းကြား အကွာအဝေး အလွန်အမင်း ကျဉ်းလျှင်

·         အပင်များ တစ်ပင်နှင့်တစ်ပင် ကျပ်ညှပ်ကပ်နေသောကြောင့် ဘေးသို့ ကိုင်းဖြာထွက်မှု မရှိဘဲ အပင်များ အထွက်သို့ ရှည်ထွက်နေသည်။ ဖြာထွက်သော ကိုင်းများ၏ ခွများ

ကျဉ်းနေသောကြောင့် လေပြင်းတိုက်ခတ်မှု ဒဏ်ကို ခံရစေနိုင်သည်။

·         အပင်များ မြင့်နေသောကြောင့် ခူးဆွတ်ရန်၊ ဆေးဖျန်းရန်နှင့် ကိုင်းနှိမ်ကိုင်းချိုင်ရန် ခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်ပြီး ထိုအတွက် ကုန်ကျစရိတ်များ ပိုလာနိုင်ခြင်း တို့ကို ဖြစ်ပေါ်စေနိုင်သည်။

·         တစ်ပင်နှင့် တစ်ပင် ကျပ်ညှပ်နေသောကြောင့် အပင်တွင်း အလင်းရောင် ရရှိမှုနည်းခြင်းနှင့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု များနေခြင်းတို့ကြောင့် ၎င်းအပင်မှသီးသော အသီးများသည် အရည်အသွေးညံ့ပြီး အသီးအရွယ်အစား သေးနိုင်သည်။

·         အပင်များကြား ထယ်၊ ထွန်ဝင်ရန်လည်း ခက်ခဲနိုင်သည်။

၄။ မြန်မာနိုင်ငံရှိ သစ်သီးပင်အချို့အား စိုက်သင့်သော ယေဘူယျ ပင်ကြားတန်းကြား အကွာအဝေးများမှာ

သရက် (အစေ့စိုက် အပင်များ အတွက်) ၈-၁၂ မီတာ (၂၆- ၃၉ ပေ)၊ သရက် (ကိုင်းဆက် အပင်များ အတွက်) ၈-၁၀ မီတာ (၂၆- ၃၃ ပေ)

ပန်းသီး(အပင်ပုအောက်ခံပင်ဖြင့် ကိုင်းဆက် အပင်များ) ၄-၅ မီတာ (၁၃- ၁၆ ပေ) ၊ ပန်းသီး အရိုင်းအောက်ခံပင်ဖြင့် ကိုင်းဆက် အပင်များ) ၈-၉ မီတာ (၂၆- ၂၉ ပေ)

ငှက်ပျော - ၂-၃ မီတာ (၆.၆- ၉.၈ ပေ)

အုန်း - ၈-၁၀ မီတာ (၂၆- ၃၃ ပေ)

ဂွေးသီးပင် - ၈-၁၁ မီတာ (၂၆- ၃၆ ပေ)

ထောပတ်သီး - ၈-၉ မီတာ (၂၆- ၂၉ ပေ)

သီဟိုဠ်သရက် - ၆-၈ မီတာ (၂၀- ၂၆ ပေ)

ရှောက်သံပရာ - ၅-၉ မီတာ (၁၆- ၂၉ ပေ)

သြဇာသီး - ၄-၆ မီတာ (၁၃- ၂၀ ပေ)

ဒူးရင်းသီး - ၄-၆ မီတာ (၁၃- ၂၀ ပေ)

စပျစ် - ၂.၅ မီတာ (၈ ပေ)

မာလကာ - ၆-၈ မီတာ (၂၀ - ၂၆ ပေ)

နဂါးမောက် - (ပင်ကြား) ၂.၅-၃ မီတာ (၈- ၉.၈ ပေ) × တန်းကြား ၃-၄ မီတာ ( ၉.၈- ၁၃ ပေ)

ပိန္နဲသီး - ၁၂ မီတာ (၃၉ ပေ)

ဇီးသီး - ၈-၁၂ မီတာ (၂၆- ၃၉ ေပ)

လိုက်ချီး - ၉-၁၂ မီတာ (၂၉- ၃၉ ပေ)

မင်းကွတ် - ၉-၁၂ မီတာ (၂၉- ၃၉ ပေ)

မရမ်း - ၉-၁၂ မီတာ(၂၉- ၃၉ ပေ)

သင်္ဘော - ၂.၅ - ၃ မီတာ (၈- ၉.၈ ပေ)

သစ်တော်သီး (သစ်သော့သီး) ၄- ၅ မီတာ (၁၃- ၁၆ ပေ)

တရုတ်နှင်းသီး - ၈ မီတာ (၂၆ ပေ)

နာနတ် - (ပင်ကြား) ၃.၅ မီတာ (၁၁.၅ ပေ) × (တန်းကြား) ၅-၇ မီတာ (၁၆- ၂၃ ပေ)

မက်မန်း - ၅ - ၆ မီတာ (၁၆- ၂၀ ပေ)

သလဲ - ၃- ၆ မီတာ (၉.၈- ၂၀ ပေ)

ကြက်မောက် - ၈ - ၁၀ မီတာ (၂၆- ၃၃ ပေ)

သကြားသီး - ၇.၅ - ၉ မီတာ (၂၅- ၂၉ ပေ)

သစ်ကြားသီး - ၁၂ မီတာ (၃၉ ပေ) တို့ဖြစ်သည်။

 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး

- Fruit Culture in India (Singh, S, S. Krishnamurthi and S.L Katyal, 1967)

- Fruit Science Fundamentals, Lecture Guide, YAU (Hla Aung, 2002)

- Home Garden Technology


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်