ကြယ်ပဲပင် စိုက်ပျိုးနည်းကို NTC ကုမ္ပဏီမှ သင်ကြားပို့ချပေးသောနည်းနှင့် ညောင်တကားနှင့် ပုလဲ သင်တန်းကျောင်းများတွင် စိုက်ပျိုးထားသော အတွေ့အကြုံများကို ပေါင်းစပ်ပြီး လိုရင်းကိုသာ ဖော်ပြထားပါသည်။
ကြယ်ပဲ မူရင်းဒေသမှာ အီကွေတာ ရာသီဥတုရှိသော ပီရှုးနိုင်ငံ တောင်ပိုင်းဒေသတွင် ဖြစ်သောကြောင့် ကြယ်ပဲပင်ကို ကြယ်ပဲပင်ကို ရေမဝပ်သော မြေနှင့် တစ်နှစ်တာလုံး ရေရရှိနိုင်သော ဒေသမျိုးလို ဖန်တီးပြီး စိုက်ပျိုးမှသာ စိုက်ပျိုးအောင်မြင်နိုင်မည် ဖြစ်သည်။
အစေ့ ပျိုးထောင်နည်း
ကြယ်ပဲ မျိုးစေ့သည် အခွံမာပြီး အပင်ပေါက်ရန် ကြာသဖြင့် မြန်မြန်အပင်ပေါက်အောင် ရေတွင် ၁၂ နာရီခန့်ကြာ စိမ်ပါ။ ရေတွင် စိမ်ပြီး ခြောက်နာရီခန့် ကြာလျှင် ရေအသစ်လဲပြီး ရေအသစ်တွင် ဟိုမိုင်းမှိုသတ်ဆေးမှုန့် ရေတစ်လီတာတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး အစေ့များကို စိမ်ပါ။ အချိန်စေ့ပါက ရေပေါ် ပေါသော အစေ့ကို ဖယ်ပစ်ပြီး ရေအောက်မြုပ်သော အစေ့များကို ဆယ်၍လေသလပ်ခံပြီး အခြောက်ခံပါ။ ဆေးစိမ်ပြီးမျိုးစေ့များကို အစိုဓာတ်ရှိသော သဲကျင်းထဲတွင် အစေ့တစ်လွှာခန့်နှင့်အတူ ဖြန့်ပြီး သဲအစိုနှင့် ပါးပါးဖုံးဖုံးပေးပါ။ သဲကျင်းကိုလည်း အစိုဓာတ်ရန် ဖုံးပေးပါ။ ၄-၅ ရက် ကြာလျှင် ကြယ်ပဲ အစေ့များ အမြစ်လောင်းထွက်လာသော အခါ ပျိုးအိတ်ထဲသို့ ရွေ့ပြောင်းစိုက်ပေးရပါမည်။
ပျိုးအိတ် ပြင်ဆင်ခြင်း
ကြယ်ပဲပင်များကို ပျိုးအိတ်တွင် ၄-၅ ရက်သာ အလွန်ဆုံး ထားရပါမည် ဖြစ်၍ ၃x၇ လက်မ အရွယ် အပေါက်ပါ ပျိုးအိတ်များကို အသုံးပြုပါ။ ပျိုးအိတ်တွင် ထည့်ရန် မြေကို အပေါ်ယံ မြေ ၂ ဆ၊ နွားချေးဆွေး ၁ ဆ နှင့် ဖွဲပြာ/သဲ ၁ ဆကို ရောစပ်ပြီး သေချာစွာ အိတ်တွင် ဖြည့်ပါ။ အညှောက်ပေါက်နေသော မျိုးစေ့များကို ပျိုးအိတ်ထဲတွင် ဒေါင်လိုက် အစေ့ကို ၃/၄ အနက်ခန့် မြုပ်ပြီး စိုက်ပါ။ တစ်ပတ်ခန့် ကြာလျှင်အညွှန့်လောင်းမြေပေါ် ပေါ်လာလျှင် လိုအပ်ပါက အစေ့ခွံကို ဖယ်ရှားပေးပါ။ အစေ့ကို နက်နက်မြုပ်ပြီး စိုက်ပါက အစေ့ရွက်မြေမှ တိုးထွက်ရာတွင် ခါးကျိုးသွားနိုင်သည်။ ပျိုးပင်များ ၄၅ ရက်သားရှိလျှင် ရွေ့ပြောင်းစိုက်ပါ။ ကြာကြာထားလျှင် တစ်ပင်နှင့် တစ်ပင် ရစ်ပတ်ပြီး ရွေ့ပြောင်းရန် အခက်အခဲ ရှိနိုင်သည်။
စိုက်ခင်းမြေပြုပြင်ခြင်း
ကြယ်ပဲပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် စိုက်ခင်းမြေကို သေချာစွာ ပြုပြင်ရန် လိုအပ်သည်။ မြေမှ သစ်ငုတ်များ ဖယ်ရှားပြီး သေချာစွာ ညှိပါ။ ရေမဝတ်ရန်နှင့် ရေသွင်းရေထုတ်ပြုလုပ်နိုင်ရန် ၁၀ ပေခြား ၃ ပေ အကျယ် ၈ လက်မမြင့် ဘောင်များ ပြုလုပ်ပါ။ ဘောင်ကျင်းပြုလုပ်ခြင်းဖြင့် ဘောင်ကြားတွင် ရေသွင်းရေထုတ် ပြုလုပ်ရန် မြောင်းဖြစ်ပေါ်လာမည်။ ဘောင်အလယ်တွင် ၁၈ လက်မ ပတ်လည် စိုက်ကျင်းများကို ၇ ပေ ခြားတူးပါ။ စိုက်ကျင်းများထဲတွင် သဘာဝမြေဆွေးနှင့် အပေါ်ယံမြေကို ထရိုင်ကိုဒါးမားနှင့် ရောပြီးဖြည့်ပါ။ အကယ်၍ ခြရှိသောမြေတွင် ဖြူရာဒန် လက်ဖက်ဇွန်းတစ်ဇွန်းနှင့် ရောနယ်ပြီး မြေပြင်ပါ။ မိုးနည်းသောဒေသတွင် မေ၊ ဇွန်နှင့် မိုးများသောဒေသတွင် စက်တင်ဘာလတွင် မြေချစိုက်ပါ။
တိုင်ထောင်ပေးခြင်း
ကြယ်ပဲပင်များကို တစ်ပင်ခြင်း တိုင်ထောင်ပေးပါ။ တိုင်ကို ဝါး၊ သစ်မာ၊ အင်္ဂတေတိုင်များ အသုံးပြုနိုင်ပါသည်။ ဝါးသုံးပါက တိုင်များကို ဝါယာကြိုးဖြင့် သွယ်တန်းထားပေးပြီး ဝါး ၁၀ လုံးခြားတွင် ၇ ပေ အမြင့် ၄ လက်မ ပတ်လည် အင်္ဂတေ တိုင်များ ထားပြီး ဝါယာကြိုးတန်းများ ဆွဲထားပေးပါ။ ကြယ်ပဲ အညွှန့်များ ဝါယာကြိုးပေါ်သို့ ရောက်လျှင် ခေါင်အညွှန့်နှိမ်ပြီး ထွက်လာသောဘေးကိုင်းများကို ကြိုးတန်းပေါ် တင်ပေးပါ။ ကြိုးတန်နှင့်ဝေးသော အကိုင်းများကို နောက်ပိုင်းတွင် ဖြတ်ပေးပါ။ သွပ်ကြိုးတန်းများကို တာရှည်ခံအောင် ပလပ်စတစ် ဖုံးထားသော ဝါယာကြိုးများကို အသုံးပြုပါ။ အစွန်ဆုံးတိုင်များမှ ကြိုးတန်းများကို အိကျမသွားအောင် မြေထဲတွင် ဆိုင်းကြိုးများဖြင့် ၎င်းအစွန်ဆုံး တိုင်များကို ဒေါက်များဖြင့် ကြားကန်ထားပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ကြယ်ပဲပင်များကို ပြုစုခြင်း
ကြယ်ပဲပင်များသည် မြေချစိုက်ပြီး တစ်လခန့်အကြာတွင် အပေါ်ဆုံးတန်းအထိ မြင့်တက်လာပြီး ခေါင်ညွှန်နှိမ်ပေးလိုက်လျှင် ထွက်လာသော ဘေးတက်များကို ကြိုးတန်းပေါ်သို့ပတ်ပေးပါ။ ကြိုးတန်းကို တိုင်ပေါ်တွင် နှစ်တန်းမှ သုံးတန်းအထိ တစ်ပေခြား အထက်အောက်တန်းထားပြီး ဘေးတက်များကို ကြိုးတန်းပေါ် တင်ပေးပါ။
ကြယ်ပဲပင်ကို မြေချစိုက်ပြီး ၄ လ အကြာတွင် ပန်းပွင့်ပြီး အသီးများကို ၆ လ အကြာတွင် ပထမဆုံး ရင့်မည့်ပြီး ဆွတ်ခူးနိုင်ပါသည်။ ကြယ်ပဲ ပန်းခိုင်သည် အမပွင့် အဖိုပွင့်များ ပါရှိသည်။ ပန်းခိုင်တွင်အောက်တွင် အမပွင့် တစ်ပွင့်သာ ပါတတ်ပြီး ကျန်အပွင့်များမှာ အဖိုပွင့်များ ဖြစ်သည်။ NTC မှ သုတေသနများအရ Maddoc Solution ခေါ်ဟော်မုန်းဆေးကို ပန်းပွင့်များကို ဖြန်းပေးခြင်းဖြင့် အမပွင့်သို့ပြောင်းသွားနိုင်သည်ဟု စမ်းသပ်တွေ့ရှိထားသည်။ ယခုအခါ ၎င်းဟော်မုန်းဆေးကို စီးပွားဖြစ်ရောင်းချပေးလျှင် ကြယ်ပဲတစ်ပင်မှ အထွက်နှုန်းများစွာ ပိုလာနိုင်သည်။ လက်ရှိ မှော်ဘီ မြို့နယ်နှင့် ပုလဲမြို့သစ်မြို့နယ်တွင် စိုက်ထားသော ရေလုံလောက်စွာ ရရှိသော ကြယ်ပဲ အပင်များသည် ၄ လ တစ်ကြိမ် အသီးများ ခူးဆွတ်နိုင်သည်။ ရေမပေးနိုင်လျှင် ပန်းပွင့်များပွင့်သော်လည်းအသီးမတင်ပါ။
ကြယ်ပဲပင်များကို အသီးများများသီးအောင် အသီးသီးပြီးတိုင်း ကိုင်းအိုများကို ဖြတ်ပေးခြင်းနှင့် အသီးမသီးသော အကိုင်းများကို အကြာခဏ ဖြတ်ပေးရန် လိုအပ်သည်။ ခြောက်သွေ့သော ရာသီတွင် မြေကို အစိုဓာတ်ရအောင် နေ့စဉ်မနက်စောစောရေလောင်းပေးပါ။ သဘာဝမြေဆွေးကို ၁၅ ရက်တစ်ကြိမ် အပင်ခြေမှ တစ်ပေ တစ်ပေခွဲရှိမြေကို ဖယ်ရှားပြီး သဘာဝမြေဆွေးများကို ၁၅ ရက် တစ်ကြိမ်ကျွေးပေးပါ။ ကြယ်ပဲသီးများသည် အစိမ်းရောင်ရှိပြီး ရင့်မှည့်ချိန်တွင် အညိုရောင် ပြောင်းသွားချိန်တွင် ဆွတ်ခူးပါ။ အထူးသဖြင့် မိုးတွင်းကာလတွင် အသီးခွံ အပြော့သည် လျင်မြန်စွာ မှိုတက်ပြီး ပုတ်တတ်သောကြောင့် အသီးများခူးပြီး အခြောက်ခံပါ။ အပြင်ဆုံးအသီးခွံတွင် အာဟာရများစွာပါဝင်သောကြောင့် လျင်မြန်စွာ မှိုတက်သည်။ အသီးများခြောက်သွားလျှင် အသီးခွံအမာဖြင့်ထား၍ ၎င်းအစေ့များကို ထွင်ပြီး အစိုဓာတ် ၁၀ % ထိ ရအောင် နေလှမ်း အခြောက်ခံပါ။ သေချာမခြောက်ပါက လျှင်မြန်စွာ မှိုတက်ပြီး ပျက်စီးသွားနိုင်သည်။
အသီးများဆွတ်ခူးပြီးနောက် ကြယ်ပဲပင်သည် နှစ်လခန့် အနားယူတတ်သည်။ အသီးများ ခူးဆွတ်ပြီးပြီးခြင်း မလိုအပ်သော အကိုင်းများကို ဖြတ်ပေးခြင်းဖြင့် နောက်ထပ်အသီးများစွာ သီးမည် ဖြစ်သည်။
ကြယ်ပဲပင်များကို သေချာပြုစုပါက တစ်ပင်မှ ၂ ကီလိုခန့် အသီးရနိုင်ပြီး နောက်ပိုင်းတွင် ၂ ကီလိုခန့် နှစ်စဉ် ၁၀ နှစ်အထိ တိုးတတ်လာနိုင်သည်။
မှတ်သားရန် များမှာ
အပင်သက်တမ်းသည် ၁၅-၅၀ နှစ်၊ ပထမနှစ်တွင် နှစ်ကြိမ် ဆွတ်ခူးနိုင်သည်။ ဒုတိယနှစ်မှ စ၍ ၃-၄ ကြိမ် ဆွတ်ခူးနိုင်မည်။ အစေ့အရွယ်အစားနှင့် အလေးချိန်မှာ ပြုစုမှုပေါ်မူတည်တက်သည်။ အပင်သက်တမ်းသည်လည်း ပြုစုမှုပေါ် မှုတည်တတ်သည်။ ရေပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ အားဆေးနှင့် အကိုင်းဖြတ်ပေးခြင်းသည် သိပ်အရေးကြီးသည်။
ကြယ်ပဲတွင် အဓိက ကျရောက်သောရောဂါများနှင့် ပိုးမွှားများ
ရောဂါများ
အဓိကရောဂါမှာ ပင်ခြေပုပ်ရောဂါဖြစ်ပြီး အပင်သက်တမ်းတစ်လျောက် ကျရောက်နိုင်သည်။ ကုသရန်မှာ ရေမဝပ်စေရန် ရေနုတ်မြောင်းကောင်းစွာ ပြုလုပ်ပေးပါ။ ထရိုင်ကိုဒါးမားမှိုကို မိုးတွင်းမှာ ၁၅ ရက်တစ်ကြိမ် အပင်ခြေကို ဖျန်းပေးပါ။
ပိုးမွှားများ
အဓိက ပင်စည်ထိုးပိုး ကျရောက်တတ်ပြီး အူလှိုက်စားသဖြင့် အပင်များ ညှိုးပြီး သေသွားသည်။ ပင်စည်ထိုးပိုးကျလျှင် သိသိခြင်း ပိုးဝင်သော အပေါက် အထက်နှင့် အောက်တည့်တည့်ကို အပ်နှင့် ထိုးပြီး ပိုးကို သတ်ပါ။
ခူမွှေးစုပ်ပိုး
ခူမွှေးစုတ်ပိုးများကျရောက်ပါက သဘာဝပိုးသတ်ဆေးဖြစ်သော တမာသီး၊ တမာပိုးသတ်ဆေး၊ ရေနံဆီ၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း ဆေးဖြင့် ဖျန်းပြီး ကာကွယ်ပါ။
သဘာဝ စိုက်ပျိုးနည်း
ကြယ်ပဲသည် ဆေးဖတ်ဝင် စားသုံးသော အစားအစာဖြစ်၍ သဘာဝပစ္စည်းများကို အသုံးပြုပြီး စိုက်ပျိုးရန်ဖြစ်သည်။ ၎င်းသဘာဝနည်းဖြင့် စိုက်ပျိုးရာတွင် အသုံးပြုနိုင်သော သဘာဝတွင်းထွက် ပစ္စည်းများဖြစ်သည့် ထုံး၊ ဒုတ္တာ၊ ကန့်တို့ကို ပိုးသတ်ဆေးနှင့် ရောဂါကာကွယ်ရန် အသုံးပြုနိုင်ပြီး မြေသြဇာအဖြစ် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ အပြင် ၎င်းတို့နှင့် ပြုလုပ်ထားသော စူပါဘိုကာရှီ၊ ငါးအမိုင်နိုအက်စစ် အချဉ်ဖောက်ထားသော အသီးအရွက်များနှင့် အကျိုးပြုအနုဇီဝများဖြစ်သော EM နှင့် ထရိုင်ကိုဒါးမားတို့ဖြစ်သည်။
ကြယ်ပဲကို အသုံးပြုနည်းများ
ကြယ်ပဲအရွက်ကို လက်ဖက်ခြောက်အဖြစ် သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာခြင်း အကျိုးများကို ရရှိစေနိုင်သည်။
အစေ့ကိုကြိတ်ပြီး အဆီကို ငါးကြီးဆီအစား စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းအကောင်းသော ကိုလက်စထရောများကို ဖယ်ရှားပေးသည်။ ကြယ်ပဲတွင် အဆီ ၄၀-၅၀ ရာခိုင်နှုန်း ပါဝင်သည်။
ကြယ်ပဲဆီကို ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သည်။
အစေ့များကို အခွံနှင့်လှော် သို့မဟုတ် အခွံချွတ်ပြီး ကြော်စားလျှင် အလွန်ကြွတ်ရွပြီး အရသာရှိသော အာဟာရဖြစ်စေသည့် သရေစာဖြစ်သည်။
ကြယ်ပဲစေ့တွင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေသော အရာများ လုံးဝမတွေ့ရကြောင်း သိပ္ပံ ပညာရှင်များ စမ်းသပ်ချက်များမှ တွေ့ရသည်။
ကြယ်ပဲဆီဖြင့်ခရင်အမျိုးမျိုးပြုလုပ်ပြီး အရေပြားပေါ်ဖြစ်တတ်သော ဝက်ခြံနှင့်မှဲ့ခြောက်များ ပျောက်ကင်းစေသည်။
လူသုံးကုန်များ ဖြစ်သော ဆပ်ပြာနှင့် ခေါင်းလျော်ရည်များပြုလုပ်နိုင်သည်။
ကြယ်ပဲတွင်ပါဝင်သော အင်ဇိုင်းနှင့် ဗီတာမင်များ မပျက်စီးရန် အစေ့များကို မီးအေးအေး (၁၁၅ ဒီဂရီ ဆဲလ်စီးယပ်) ထက် အကျော်ဘဲ ကျက်ရုံ ကျော်ကျော် လှော်ရန် လိုအပ်ပါသည်။
Reference; Ms Wanida Okeke
[email protected]
မောင်မောင်ထွေး
ပါမောက္ခ (ငြိမ်း)
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်