သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် မွေးမြူရေးသမားများ ဆောင်ရွက်နိုင်ရန် အကြံပြုချက်များ

15/05/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

 သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရပြီဆိုတာနဲ့ မိမိတို့ရဲ့ မွေးမြူရေးခြံတွေဟာ ပုံမှန်အနေအထား မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်ငြိမ်သက်သွားချိန်မှာ လိုအပ်တဲ့ ပြုပြင်မှုတွေ မဖြစ်မနေလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ကာကွယ်တားဆီးဖို့၊ အတတ်နိုင်ဆုံး လျှော့ချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ မုန်တိုင်းနဲ့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပြီးတဲ့နောက် မွေးမြူရေးသမားတွေ ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို စုစည်းပြီး အကြံပြုတင်ပြလိုပါတယ်။ 

(၁) ချိတ်ဆက် စုဖွဲ့ ဆောင်ရွက်ပါ။

သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာမှာ မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အသင်းအဖွဲ့နဲ့ စုပေါင်းပြီး ဟန်ချက်ညီညီဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမယ့် အစီအမံတွေကို မိမိရဲ့ မိသားစု၊ ရပ်ရွာနဲ့ မြို့နယ်အဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ စုဖွဲ့ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

  • မိမိရဲ့မွေးမြူရေးခြံမှာ တိရစ္ဆာန်သေဆုံးမှု၊ ပျောက်ဆုံးမှု၊ အစာနဲ့ ရေလိုအပ်ချက်၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာ ရေးအခြေအနေ စတာတွေကို စစ်ဆေးပြီး မှတ်တမ်းတင်ရပါမယ်။ စစ်ဆေးတွေ့ရှိချက်မှတ်တမ်းတွေကို ရပ်ရွာမှာ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တွေကို သတင်းပေးပို့သင့်ပါတယ်။ ဒါမှသာ တိရစ္ဆာန်အသေတွေကို ရှင်းလင်းဖို့၊ ပျောက်ဆုံးတိရစ္ဆာန်တွေကို ရှာဖွေဖို့၊ နာမကျန်းတဲ့ တိရစ္ဆာန်တွေကို ဆေးဝါးကုသဖို့နဲ့၊ အစာ၊ ရေ အစရှိတဲ့ အကူအညီတွေ ရရှိဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။ 
  • ဒေသခံ တိရစ္ဆာန်ဆေးကုဆရာဝန်၊ တိရစ္ဆာန်ဆေးကုဌာနဆိုင်ရာတွေ အပြင် မွေးမြူရေးအသင်းအဖွဲ့ တွေ ကို ဆက်သွယ်ပြီး တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။ ဒါမှသာ နောက်ဆက် တွဲ တိရစ္ဆာန်ရောဂါကျရောက်မှု ကာကွယ်‌ရေးနဲ့၊ ရောဂါဖြစ်ပွားလာရင်လည်း ရောဂါပျံ့နှံ့မှု လျော့ချဖို့နဲ့ လေလွင့်ဆုံးရှုံးမှု လျော့ချဖို့အတွက် အထောက်အကူပြုမှာပါ။ 
  • သဘာဝဘေးအန္တရာယ်အပြီးမှာ မိမိရဲ့ မွေးမြူရေးလုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ဘာတွေ လိုအပ်မလဲ၊ မိမိလက်ထဲမှာ သွင်းအားစု အရင်းအမြစ်တွေ ဘာတွေ ကျန်ရှိနေသေးလဲ ဆိုတာကို သုံးသပ်ပါ။ 

(၂) သန့်ရှင်းရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပါ။ 

  • လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်တာ၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေ ရှိ၊ မရှိ စစ်ဆေးပါ။ ရှိခဲ့မယ် ဆိုရင် လျှပ်စစ်ဌာနကို အကြောင်းကြားပြီး လျှပ်စစ်အန္တရာယ်ကင်းအောင် ဆောင်ရွက်ခိုင်းပါ။ 
  • ရေကျသွားပြီးတဲ့နောက် ခြံအတွင်းမှာ ကျန်ရှိနေတဲ့ ရွှံနွံတွေ၊ နုန်းတွေ၊ သဲတွေကို ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်။
  • ကျွံလွယ်၊ ကျိုးလွယ်တဲ့ အရာတွေနဲ့ ချွန်ထက်တဲ့ အရာတွေက လူနဲ့ တိရစ္ဆာန်တွေကို ဘေးအန္တရာယ်ဖြစ် စေနိုင်တာမို့ ဖယ်ရှားရှင်းလင်းရပါမယ်။ 
  • ဓာတုပစ္စည်းတွေ (ဥပမာ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေ) ခြံထဲကို ရောက်ရှိနေခြင်း ရှိ၊ ရှိ စစ်ဆေးပြီး ရှိ ရင် သေသေချာချာ ဖယ်ရှားရှင်းလင်းရပါမယ်။ 
  • အင်းဆက်၊ မြွေ အစရှိတဲ့ တွင်းအောင်းသတ္တဝါတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုရပါမယ်။
  • ခြံအနီးအနားမှာ သေဆုံးနေတဲ့ တိရစ္ဆာန်တွေ၊ ပုပ်သိုးနေတဲ့ အစာတွေကို သဘာဝမြေသြဇာ ဖြစ်သွားအောင် မြေဆွေးချခြင်း (composting) ပြုလုပ်ပါ။ 
  • ပိုးမွှားရောဂါတွေဘေးက ကာကွယ်နိုင်ဖို့အတွက် ခြံကို သန့်ရှင်းရေးပြုလုပ်ပြီးတဲ့နောက် မွေးမြူရေးခြံသုံး ပိုးသတ်ဆေး (Disinfectants) တွေကို အညွှန်း အတိုင်း ဖြန်းပက်ပေးသင့်ပါတယ်။ 
  • အမိုးအကာ ပျက်ဆီးသွားတဲ့ မွေးမြူရေးခြံတွေအတွက် ယာယီအမိုးအကာ တွေ ဆောက်လုပ်သင့်ပါတယ်။ မဆောက်လုပ်နိုင်တဲ့ မွေးမြူသူတွေအနေနဲ့ အလှူရှင်တွေ၊ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်း ပြီး ယာယီအမိုးအကာ ရရှိရေး ဆောင်ရွက်သင့်ပါတယ်။ 

(၃) တိရစ္ဆာန်များကို အစာနှင့် ရေ ကျွေးမွေးနိုင်ရေး ပြင်ဆင်ပါ။ 

  • ဖြစ်နိုင်မယ်ဆိုရင် တိရစ္ဆာန်တွေကို မုန်တိုင်းမကျမီ ကြိုတင်သိုလှောင်ထားတဲ့ ရေကိုသာ တိုက်ကျွေးသင့် ပါတယ်။ ရေတက်ထားတဲ့ ရေတွေကို တိုက်ရိုက်သောက်သုံးတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီရေတွေထဲမှာ ဓာတုအဆိပ်အတောက်တွေ၊ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ ပါလာနိုင်တာကို သတိပြုရပါမယ်။ 
  • ရေနစ်မြုပ်သွားခဲ့တဲ့ ရေတွင်း၊ ရေကန်တွေကို ပြန်လည်တူးဖော်ပြီး သန့်ရှင်းရပါမယ်။ 
  • သင့်လျော်တဲ့ အစာ နဲ့ ရေ ရရှိတဲ့အချိန်အထိ တိရစ္ဆာန်တွေ အသက်ဆက်ရှင်နိုင်အောင် ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိမိရဲ့ တိရစ္ဆာန်နဲ့ အစာပမာဏကို ထိန်းညှိပြီး ချွေတာကျွေးမွေးဖို့ လိုအပ်ပါ တယ်။ 
  • ရေစိုသွားတဲ့ အစာကြမ်းတွေ (ဥပမာ ကောက်ရိုး) တွေ၊ အစာနု (ဥပမာ ပဲဖတ်၊ နှမ်းဖတ်) ကို ခြောက် သွေ့အောင် နေလှန်းရပါမယ်။ အဲဒီ လုပ်ငန်းကို တတ်နိုင်သမျှ စောစောမြန်မြန် ဆောင်ရွက်သင့်ပါတယ်။ အချိန်ကြာတာနဲ့အမျှ မှိုပေါက်ပွားတဲ့ အန္တရာယ် ရှိနိုင်လို့ပါ။ 
  • တိရစ္ဆာန်တွေကို မှိုတက်တဲ့ အစာတွေ လုံးဝ မကျွေးမိဖို့ လိုအပ်ပါတယ်။ 
  • အသုံးပြုလို့ မရတော့တဲ့ အစာနု၊ အစာကြမ်းတွေကို တိရစ္ဆာန်တွေကို မကျွေးမွေးတော့ပဲ မြေသြဇာအဖြစ် ပြောင်းလဲအသုံးချရပါမယ်။
  • ကျွေးနေကျ မဟုတ်တဲ့ အစာနုတွေကို ကျွေးမွေးမယ်ဆိုရင် အစပိုင်းမှာ အနည်းငယ်သာ စတင်ကျွေးမွေးပါ။ အဲဒီနောက် ပုံမှန် ကျွေးမွေးရမယ့် ပမာဏရောက်တဲ့အထိ တစ်ရက်ကို အနည်းငယ်ဆီ တိုးကျွေးသွားရပါမယ်။  

(၄) တိရစ္ဆာန်များ ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပါ။ 

  • သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ တိရစ္ဆာန်ကျန်းမာရေးသုံး First-aid-kit ကို အသုံးပြုပါ။ 
  • ကုသလို့ မရနိုင်လောက်အောင် ဒဏ်ရာပြင်းထန်တဲ့ တိရစ္ဆာန်တွေကို အညင်သာဆုံးနည်းနဲ့ ဖျက်ဆီး ပစ်ပြီး အသားကို ရောင်းချနိုင်ဖို့လည်း စဉ်းစားထားသင့်ပါတယ်။ 
  • မကျန်းမာတဲ့ တိရစ္ဆာန်တွေ ရှိ/မရှိ ကို နေ့စဉ် စစ်ဆေးရပါမယ်။ 
  • နေမကောင်းတဲ့ လက္ခဏာတွေ့တယ်ဆိုတာနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို ချက်ချင်း ခေါ်ဖို့ လိုပါတယ်။ အချိန်စောင့်နေ၊ ဆွဲနေတာမျိုး မလုပ်သင့်ပါဘူး။ ရေကြီးပြီးနောက် ကူးစက်ရောဂါတွေ ကျရောက်တတ် တာမို့ အမြန်ဆုံး ရောဂါကို သိရှိပြီး ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ မကျန်းမာတဲ့ တိရစ္ဆာန်တွေကို ခွဲခြားထားနိုင်မယ့် နေရာကို ပြင်ဆင်ထားရှိရပါမယ်။ 
  • ရောဂါနဲ့ သေဆုံးသွားတဲ့ တိရစ္ဆာန်အသေကောင်တွေကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း၊ မြေဆွေးပြုလုပ်ခြင်း စသ ဖြင့် ရောဂါပိုး မပျံ့နှံ့သွားအောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေနဲ့ ဖျက်ဆီးသင့်ပါတယ်။ ရောဂါနဲ့ သေဆုံးတဲ့ တိရစ္ဆာန်ရဲ့ အသားကို ရောင်းချခြင်း၊ စားသောက်ခြင်း မပြုလုပ်သင့်ပါဘူး။ 

(၅) သင်ခန်းစာ ထုတ်ယူပြီး အနာဂတ်အတွက် ပြင်ဆင်ပါ။ 

  • ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ နဲ့ ကျရောက်ပြီး အခြေအနေတွေ၊ အဖြစ် အပျက်တွေ၊ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပါ။ 
  • သုံးသပ်ချက်တွေအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအမံတွေကို ပြင်ဆင်ချမှတ်ပါ။ 
  • မိမိ အသစ်ပြင်ဆင်ချမှတ်လိုက်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအမံတွေကို မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေနဲ့ မျှဝေဆွေးနွေးပါ။ ဆွေနွေးအကြံပြုချက်တွေအပေါ် မူတည်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ထပ်မံဆောင်ရွက်ပါ။ 

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်