နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၂)

22/02/2024 11:00 AM တွင် U Thet Lwin U Thet Lwin မှ ရေးသား

နွေသီးထပ်အဖြစ် စိုက်ပျိုးသင့်သော မတ်ပဲမျိုးများနှင့် အရည်အချင်းလက္ခဏာများမှာ

ရေဆင်း-၄

၁။ မျိုးအမည်... T9

၂။ မျိုးနံပါတ်..................VM-ရ၅-၁၂

၃။ မူရင်းဒေသ....အိန္ဒိယ

၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅

၅။ အသက်ရက်..၆၉

၆။ ၅ဝ% ပန်းပွင့်ရက် ကြာသောရက်..၃၂

၇။ လင်းတာတုန့်ပြန်မှု..မရှိ

၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ

၉။ ဖြစ်ထွန်းနိုင်သောအပူချိန်(ဒီဂရီစင်တီဂရိတ်) ..၂၀-၃၀

၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်

၁၁။ pH ..၅.၅-၆.၅

၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း

၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်

၁၄။ အတောင့်အရောင်.. နက်

၁၅။ အစေ့အရောင် .. နက်

၁၆။ အပင်အမြင့်(စမ) .. ၃၄

၁၇။ တစ်ပင်ပါအကိုင်း ... ၃

၁၈။ တစ်ပင်ပါသီးတောင့် .. ၃၁

၁၉။ တစ်တောင့်ပါအစေ့ .. ၄-၆

၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၁၂

၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၁

ရေဆင်း ၄ မတ်ပဲအကြောင်း ပြောရလျင်တော့ ကုန်နိုင်မယ်မထင်ပါဘူး။

ဒါပေမဲ့ မိမိ ယခုရေးသားနေသော ရေဆင်း ၄ မှာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ချိခဲ့သည့် မျိုး၏ အကြောင်းဖြစ်ပြီး ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး များတွင် စိုက်ပျိုးလျက် ရှိနေကြသည့် ရေဆင်း ၄ မတ်ပဲမျိုးနှင့်မူ ဗီဇနှင့် သွင်ပြင်လက္ခဏာမှာမူ ကွဲပြားမှု ရှိနေတာကို တွေ့ရှိရသဖြင့် ထိုမျိုး၏ အကြောင်းကို သီးသန့်ရေးပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ရေဆင်းမတ်ပဲ-၇ 

၁။ မျိုးအမည်..ရေဆင်း ၇

၂။ မူရင်းအမည် - YB-9401-2-17 [ မိဘအမည် - ရေဆင်း ၆x ရေဆင်း ၄ ]

၃။ မူရင်းဒေသ.... မြန်မာ

၄။ တင်သွင်းသည့်ခုနှစ် ..

၅။ အသက်ရက်.. ၈၀- ၈၅ရက်

၆။ ၅ဝ% ပန်းပွင့်ရက် ..၄၅ - ၅ဝ ရက်၊

ကြာသောရက်

၇။ လင်းတာတုန့်ပြန်မှု..မရှိ

၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ

၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀

(ဒီဂရီစင်တီဂရိတ်)

၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်

၁၁။ pH ..၅.၅-၆.၅

၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း

၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်

၁၄။ ပင်စည်နှင့်အရွက်များတွင် ရောင်ချယ်ရှိ/မရှိ....ရှိ

၁၄။ အတောင့်အရောင်.. နက်

၁၅။ အစေ့အရောင် .. နက်

၁၆။ အပင်အမြင့်(စမ) ..၄၅ - ၅၅ စင်တီမီတာ

၁၇။ တစ်ပင်ပါအကိုင်း ... ၂ - ၄ ကိုင်း

၁၈။ တစ်ပင်ပါသီးတောင့် ..၂၅ - ၃၀ တောင့်

၁၉။ တစ်တောင့်ပါအစေ့ ..၄ - ၆ စေ့

၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၅ - ၅.၅ ဂရမ်

၂၁။ အထွက်နှုန်း (တင်း/ဧက) ...၂၀ - ၂၅ တင်း/ဧက

 ရေဆင်း (၇) မတ်ပဲမျိုး၏အရည်အချင်းများ

~ အထွက်နှုန်းကောင်းခြင်း။

~ အဝါရောင်မှိုစေ့ရောဂါ ခံနိုင်ရည် ရှိခြင်း။

~ မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီ အားလုံးတွင် စိုက်ပျိုးနိုင်ခြင်း။

~ အထွက်နှုန်းတည်ငြိမ်မှု ကောင်းသောကြောင့် မတ်ပဲ စိုက်ပျိုး သော ဒေသမရွေး စိုက်ပျိုးနိုင်ခြင်း။

ရေဆင်း (၇) မတ်ပဲမျိုး၏အရည်အချင်း(အားသာချက်)များကတော့ ~

၁။ အဝါရောင်မှိုစေ့(Virus)ရောဂါ ခံနိုင်ရည်ရှိခြင်း။

၂။ မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီ အားလုံးတွင် စိုက်ပျိုးနိုင်ခြင်း။

၃။ အထွက်နှုန်းတည်ငြိမ်မှု ကောင်းသောကြောင့် မတ်ပဲ စိုက်ပျိုး သော ဒေသမရွေး စိုက်ပျိုးနိုင်ခြင်း။

၄။ အပင် ဖြစ်ထွန်းမှု အနေအထားကောင်းမွန်ခြင်း

၅။ မြေကောင်း၊ မြေညံ့ မရွေး ကောင်းစွာဖြစ်ထွန်းခြင်း။ 

၆။ ပြုစုထိမ်းသိမ်းမှုဖြင့် အပင်သက်တမ်းအား ရှည်အောင် လုပ်ဆောင်နိူင်ခြင်း။

၇။ အစေ့ကြီးခြင်း(အစေ့ ၁၀၀ အလေးချိန် မြင့်မားခြင်း)

၈။ အထွက်နှုန်းကောင်းခြင်း။

တို့ဖြစ်ရာ ယခုလို ရာသီဥတုဖောက်ပြန်မှု များနေသောအချိန်တွင် မတ်ပဲစိုက်တောင်သူများအား ဒုက္ခအပေးဆုံး ရောဂါဖြစ်သည့် အဝါရောင်မှိုစေ့(Virus)ရောဂါ ခံနိုင်ရည် ရှိခြင်းနှင့် အထွက်နှုန်း တည်ငြိမ်ခြင်းက အားသာချက် ဖြစ်နေပါတယ်။

ရေဆင်း(၇)မတ်ပဲမျိုး၏ အားနည်းချက်လို့ ပြောရမည့် အစေ့အရောင် စိမ်းနက်ပြောင်သည် ရှေးယခင်နှစ်များက မတ်ပဲဝယ်ယူသည့် ကုန်သည်ပွဲစားများ၏ အကြောင်းပြ ဈေးနှိမ်စရာ အကြောင်းပြချက်များကြောင့် ရေဆင်း(၇) စိုက်ပျိုးလိုသူများအတွက် အခက်တွေ့စရာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အခြားမတ်ပဲများထက် အားသာချက်များသဖြင့် ပွဲစားဈေးနှိမ်ခြင်းကို ကြောက်စရာအဖြစ် မမြင်ကြတော့ပါဘူး၊ အချို့မြို့နယ်များတွင် အခြားမတ်ပဲများနှင့် ဈေးတူပေး၍ ဝယ်ယူပေးလာခြင်းက မျိုးစေ့ထုတ်လုပ်သူ၊ ဌာန၊ စိုက်ပျိုးသူများအတွက် စိတ်ချမ်းသာစရာပါ။

TBL 9 မတ်ပဲမျိုး

TBL 9 မတ်ပဲမျိုး သည်  တစ်ကိုင်းပါ သီးတောင့် များခြင်းများကြောင့် လက်တွေ့ မစိုက်ကြရသေးခင်မှာပင် လူမှုကွန်ယက် စာမျက်နှာမှတဆင့် လူသိများလာပြီး တောင်သူအခေါ် ပင်ဝါမထိုးခြင်း {အဝါရောင်မိုစိတ်(Virus) ခံနိူင်ရည်ရှိခြင်း} ကြောင့် တောင်သူအချို့ အကြိုက်တွေ့ နေသည့် မျိုးဖြစ်ပါတယ်။

TBL 9 သည် ရေဆင်း(၃) မတ်ပဲမျိုးနှင့် Virus ဒဏ်ခံနိုင်ရည် ရှိခြင်း၊ မရှိခြင်း၊  အစေ့အကြီး အသေး၊ အပွင့်နှင့် အဆုံးသတ်ခြင်း မသတ်ခြင်းမှအပ အရည်အချင်းလက္ခဏာ အများစုမှာ တူညီနေပြီး မြေကောင်းကြိုက်ခြင်း၊ အပင်သက်တမ်းကိုရှည်အောင် လိုသလိုလုပ်ဆောင်၍မရခြင်း စတဲ့အပင်သဘာဝကတော့ စာပစပ် မတ်ပဲမျိုးနှင့် တူညီပါတယ်။

 TBL 9 မတ်ပဲမျိုး၏ အားသာချက်ကတော့ ~

၁။ အဝါရောင်မိုစိတ်(Virus)ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း။

၂။ အသက်ငယ်ခြင်း။

၃။  တစ်ကိုင်းပါ သီးတောင့်များခြင်း (အသီးသီးနှုန်းမြင့်မားခြင်း) 

၄။ အလင်းရောင်တုန့်ပြန်မှု မရှိသောကြောင့် ရာသီမရွေး စိုက်ပျိုးနိူင်ခြင်း။ 

၅။ အထွက်ကောင်းခြင်း တို့ဖြစ်ပါတယ်။

TBL 9 မတ်ပဲမျိုး၏ အားနည်းချက်ကတော့ ~

၁။ ပင်ပိုင်းကြီးထွားမှု အားနည်းခြင်း။

၂။ မြေကောင်း၊ မြေညံ့ အထွက်သိသာစွာကွာခြားမှုရှိခြင်း(မြေကောင်းကြိုက်ခြင်း)

၃။ ပြုစုထိန်းသိမ်းမှုဖြင့် အပင်သက်တမ်းအား ရှည်အောင် လုပ်ဆောင်ရန် အခြားမတ်ပဲမျိုးများကဲ့သို့ မလွယ်ကူခြင်း တို့ဖြစ်ပါတယ်။

 မတ်ပဲသီးနှံ၏ အပင်သက်တမ်း အတိုအရှည်၊ သီးပွင့်ချိန် နောက်ကျခြင်း၊ စောခြင်းမှာ ပုံသေသတ်မှတ်၍ မရဘဲ စိုက်ပျိုးချိန်နှင့် သီးပွင့်ချိန်၌ ဖြစ်ပေါ်နေသော ရာသီဥတု၊ မိမိတို့၏ ပြုစုထိမ်းသိမ်းမှု အပေါ်တွင် တည်မှီနေသလို အပွင့် အသီးအားကောင်းရန်နှင့် အစေ့တည်ခြင်းအတွက် အဟာရများစွာ လိုအပ်နေတယ် ဆိုတာကိုတော့ သတိပြုစေလိုပါတယ်။ အပင်သက်တမ်း၊ အထွက်နှုန်းတို့သည် နွေသီးနှံတွင် အရေးပါ၍ သေချာစွာ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။

အပင်သက်တမ်းအား မိမိလိုအပ်သလို စွဲဆန့်ရန်မှာ အပင်အတွက် လိုအပ်သည့်အဟာရကို အပင်ကြီးထွားလျက်ရှိနေချိန် အဟာရလိုအပ်ချိန်တွင် ထည့်သွင်းပေးရမှာပါ၊ အပင်ကျမှ အဟာရကို ပုံအော၍ မရပါဘူး၊ စိုက်ပျိုးသူအချို့သည် အပင်ကျရိပ်သန်းမှ ကျလာမှ အဟာရကို ထည့်သွင်းနေကြတာဖြစ်၍  သေခါနီး လူနာကို အသက်ကယ်ဆေး ပေးနေသလို ဖြစ်နေတာတွေ့ရပါတယ်။

အထွက်နှုန်းကောင်းရန်မှာ အပင်အနေအထားကောင်းမွန်ခြင်း၊ ပွင့်သီးမှုများခြင်း၊ ကာလကြာရှည်ခြင်း ဖြစ်ရာ စိုက်ပျိုးသူအနေဖြင့် အပင်သက်တမ်းရှည်စွာဖြင့် အသီးအပွင့်အောင်မြင်ရန် တင်ရန် လုပ်ဆောင်ရပါမည်။

အပင်ဖြစ်ထွန်းမှုရှိခြင်း မရှိခြင်း

မတ်ပဲသီးနှံတွင် အပင်ဖြစ်ထွန်းမှုရှိခြင်း မရှိခြင်းသည်လည်း အဓိကအချက်တစ်ခုဖြစ်ပါတယ်။

မည်သည့်အချိန်စိုက်စိုက် အပင်ဖြစ်ထွန်းမှုအားကောင်းတာကတော့ ရေဆင်း ၇ မတ်ပဲမျိုးဖြစ်ပါတယ်။

ဆောင်းရာသီတွင် အပင်အားမကောင်းတာကတော့ အမွေးမပါ၊ ချက်ဖြူ အရိုးစိမ်းနီဖျော့  ရေဆင်း ၄ မတ်ပဲမျိုးဖြစ်ပါတယ် (တောင်သူများစိုက်ပျိုးနေကြသော အမွေးပါ၊ ချက်ဖြူ မျိုးကို ဆိုလိုခြင်း မဟုတ်ပါ)

မည်သည့်အချိန်စိုက်စိုက် မြေမကောင်းလျင် အပင်အားမကောင်းတာက TBL 9 ဖြစ်ပါတယ်။

ဒီတော့ မိမိစိုက်ပျိုးသည့်မျိုး၊ မြေအဆင့်အတန်း၊ မြေအမျိုးအစား၊ အပေါ်မူတည်ပြီး သွင်းအားစုထည့်သွင်းခြင်း၊ ပြုစုထိမ်းသိမ်းခြင်းအား လုပ်ဆောင်ရပါမည်။

ငါက ဘယ်မျိုးစိုက်မိလို့ စိုက်ထားလို့ ဆိုပြီး နောင်တရစရာ စိတ်ပူပန်စရာ မလိုပါဘူး၊ အပင်အတွက် လိုအပ်သည့် အဟာရကို ဖြည့်စည်းပေးရန် အဓိကလိုအပ်ပါတယ်။

မိမိအနေဖြင့် အကြံပြုလိုတာကတော့ 

နွေသီးနှံ မတ်ပဲ စိုက်ပျိုးရာတွင် ဘယ်သူတွေဘာပြောပြော မိမိကြိုက်နှစ်သက်သည့် မျိုးအားစိုက်ကြမည်ဖြစ်ရာ မိမိစိုက်ပျိုးသည့် မျိုး၏ အားနည်းချက်ကို သိထားလျင် ကြိုတင်ပြင်ဆင်ခြင်း၊ ပြုစုထိမ်းခြင်းအား လုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

 မြေဩဇာအသုံးပြုခြင်း

နွေသီးနှံစိုက်ပျိုမည်ဆိုပါလျှင် စတင်စိုက်ပျိုးသည်မှ အစပြု၍ ဓာတ်မြေဩဇာကို စနစ်တကျသုံးစွဲခြင်း၊ မြေအစိုဓာတ်လိုအပ်ချိန် စနစ်တကျ ရေသွင်းခြင်းကို အလေးထားလုပ်ဆောင်ခြင်း မပြုဘဲ ရွက်ဖြန်းမြေဩဇာကို အားကိုးပြီး အပင်ဖြစ်ထွန်းအောင် လုပ်နေလို့ကတော့ အပင်အတွက် လိုအပ်သည့် အခြေအနေ ရှိလာမှာ မဟုတ်သလို လိုအပ်သည့် အထွက်ကို ရနိူင်မှာမဟုတ်ပါဘူး။

နွေသီးထပ် မတ်ပဲသီးနှံ စိုက်ပျိုးမည်ဆိုလျင် ဓာတ်မြေဩဇာအားမြေခံအနေအဖြစ် မဖြစ်မနေထည့်သွင်းသင့်သည်လို့ မိမိအနေဖြင့် ရှုမြင်မိပါတယ်။

မြေခံအနေဖြင့် 15R, 16R, စသည့် မြေဩဇာအထိ အသုံးပြုစရာမလိုဘဲ 15:7:8, 12:7:5 စသည့် အချိုးလောက် သုံးလျှင်ပင် အဆင်ပြေပြီး တစ်ဧကလျင် ⅓,¼အိတ်ခန့် သုံးလျှင် အဆင်ပြေပြီး ပ/ဒု  ရေသွင်းချိန် ရောက်ရှိမှသာ ယူရီးယားမြေဩဇာအား တစ်ကြိမ်အတွက် တစ်ဧကလျင် ⅓,¼ အိတ်ခန့်ကို အသုံးပြုလျှင် အဆင်ပြေပါတယ်။

နွေသီးနှံ စိုက်ပျိုးချိန်တွင် ရွက်ဖြန်းမြေဩဇာအား အသုံးပြု၍ အပင်ကြီးထွားအောင် ဆောင်ရွက်ခြင်းထက် ရေသွင်းချိန်တွင် အပင်အတွက်လိုအပ်သော ဓာတ်မြေဩဇာအား အသုံးပြုခြင်းက ပိုမိုထိရောက်ပါတယ်။

မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်း

မတ်ပဲအား နွေသီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမှုစနစ်အပေါ် အခြေခံ၍ မြေပြုပြင်ခြင်းလုပ်ငန်းသည် အရေးပါသော နေရာမှ ပါဝင်နေပါတယ်။

ထယ်ရေးမဲ့စနစ်နှင့် ထွန်ယက်ထားသော မြေပြင်တွင် မျိုးစေ့ကြဲပက် စိုက်ပျိုးခြင်းတွင် ထွန်ယက်ခြင်းသည် အရေးမကြီးသော်လည်း ထွန်ယက်စိုက်ပျိုးမည်ဆိုလျင်တော့ မြေပြုပြင်ခြင်းဖြစ်သည့် အချိန်အခါမီ တိုင်ပင်ကိုက် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း တို့အား အလေးထားလုပ်ဆောင်ရမည်ဖြစ်ပြီး မြေအစိုဓာတ်ထိမ်းရန်အတွက် ကြမ်းဖုန်းခြင်းအား လုပ်ဆောင်ရန် လိုအပ်ပါတယ်။ 

စိုက်နည်းစနစ်များ 

ရေ မြေ ဒေသ ရာသီဥတု အပေါ်မူတည်၍ စိုက်စနစ်များ မည်မျှပင် ကွဲပြားခြားနား စေကာမူ သီးနှံဖြစ်ထွန်းရန်အတွက် လိုအပ်သော မြေပြုပြင်မှု၊ မျိုးစေ့အပင်ပေါက်ရန်၊ ပြုစုထိမ်းသိမ်းမှု စနစ်များကို အခြေခံနေပြီး အပင်ဖြစ်ထွန်ချိန်တလျောက် လိုအပ်သည့် မြေအစိုဓာတ်ရရှိရန် အလေးထား ဆောင်ရွက်ရမည့်အပြင် အပူချိန်မြင့်မားချိန် ပန်းပွင့်ခြင်း အသီးဝင်ခြင်းတို့အား အဟန့်အတားဖြစ်စေသည့် ပိုးမွားရောဂါကို ကာကွယ်ခြင်းနှိမ်နင်းခြင်းတို့အား အချိန်နှင့်တပြေးညီ လုပ်ဆောင်ရမည် ဖြစ်ပါတယ်။ 

မြေအမျိုးအစား ရာသီဥတု အပေါ်မူတည်၍ စိုက်ပျိုးစနစ် အမျိုးမျိုးရှိနေပါသည်။

၁။ ထယ်ရေးမဲ့စနစ်

၂။ ထွန်ရေးပေါ် ကြဲပက်စနစ်

တနယ်မြေစေး၊ တနယ်ဖွတ်ချေး မြေများတွင် လုပ်ဆောင်နိူင်ပြီး သဲဆန်သောမြေများတွင် မလုပ်ဆောင်သင့်ပါဘူး။ သဲဆန်သောမြေသည် မြေအစိုဓာတ်မထိန်းနိုင်ခြင်း၊ မြေကြပ်ခြင်းကို ဖြစ်ပေါ်စေ၍ ဖြစ်ပါတယ်။

မတ်ပဲ၊ ကုလားပဲ၊ ဂျုံ၊ နေကြာ၊ စပါး စသည့် ဆောင်း၊ မိုး သီးနှံ ရိတ်သိမ်းပြီး၍ ခြောက်သွေ့နေသော မြေပြင် (သို့) ထွန်ယက်ထားသည့် ထွန်ရေးပြင်ပေါ်သို့ မိမိကြဲပက်လိုသည့် မျိုးစေ့ပမာဏအား ကြဲပက်ပြီး ရေဝအောင် တင်ပေးပြီး အပင်ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ထိုမှတဆင့် ရရှိလာသည့် အပင်များကို ပြုစုထိမ်းသိမ်းခြင်းဖြစ်ပါတယ်။

၃။ ထွန်ယက်စိုက်ပျိုးခြင်း(ထွန်ပဲစနစ်) ပုံမှန် စိုက်ပျိုးနေကြသော စိုက်စနစ် ဖြစ်ပါသည်၊ 

သတိပြုရမှာကတော့ နွေသီးနှံတွင် ထွန်ယက်စိုက်ပျိုးခြင်းမှာ ဆောင်းသီးနှံကဲ့သို့ မြေကြီးအား အခြောက်ခံ၍ မရဘဲ မျက်ခြေမပြတ်စောင့်ကြည့် ထွန်ယက်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။ထွန်ယက်စိုက်ပျိုးရာတွင် မျိုးစေ့အား သေချာစွာ  ဖုံးအုပ်မိရန် အထူးလိုအပ်ပါတယ်။

မျိုးစေ့နှုန်း

သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းတွင် စိုက်ပျိုးသည့် နည်းစနစ်အပေါ်မူတည်၍ မျိုးစေ့နှုန်း ကွာခြားမှု ရှိသလို မြေအမျိုးအစား၊ မြေအစိုဓာတ် အပေါ်မူတည်၍ ကွာခြားမှုရှိနေကြပါတယ်။

စိုက်ပျိုးသူအနေဖြင့် ဘယ်ဒေသကလူ မျိုးဘယ်လိုသုံးတယ် ဘယ်လောက်ထွက်တယ်ဆိုပြီး သူများသုံးလို့ လိုက်သုံးနေခြင်းသည် မှန်ကန်သောလုပ်ရပ်မဟုတ်ပါဘူး။

မိမိ၏ မြေအမျိုးအစား၊ စိုက်စနစ် အပေါ်မူတည်၍ မျိုးစေ့နှုန်းကို အလျော့အတင်းပြုလုပ်ရန် လိုအပ်ပြီး မျိုးစေ့နှုန်းများတိုင်း အထွက်မများနိူင်ဘူးဆိုတာ သိစေခြင်ပါတယ်။

မျိုးစေ့နှုန်းမှာ မြေအမျိုးအစားအလိုက် ကွာခြားမှုရှိရာ

သဲနှုန်းမြေများ သဲဆန်သောမြေများတွင် မျိုးစေ့အပင်ပေါက်ရန် လွယ်ကူသဖြင့် မျိုးစေ့နှုန်းလျှော့၍ ရသော်လည်း တနယ်မြေစေး တနယ်ဖွတ်ချေး နုန်းမြေများတွင် မျိုးစေ့နှုန်းအား လျှော့ချ၍မရနိူင်ပေ။

မျိုးစေ့ချထွန်ဖြင့် စိုက်ပျိုးပါက (၄-၆)ပြည်၊ သဲဆန်သောမြေဖြစ်ပါက (၈-၁၂)ပြည်၊ နုန်းတင်မြေနု ဖြစ်ပါက (၁၀-၁၄)ပြည်၊ တနယ်မြေစေး၊ တနယ်ဖွတ်ချေး ဆိုပါက (၁၄-၁၆) ပြည်အထိ သုံးစွဲသင့်တယ်လို့ ဆိုသော်လည်း မိမိတို့ဒေသအလိုက် သုံးစွဲနေကြသော မျိုးစေ့နှုန်းနှင့် ပတ်သက်၍ အငြင်းမပွားလိုပါဘူး။

အချို့ဆိုလျှင် ဆောင်းသီးနှံတွင် မျိုးစေ့နှုန်း တစ်ဧကလျှင်(တစ်ဧကလျှင်(၂၄-၃၂)ပြည်အထိ သုံးစွဲနေကြတာကိုး( ရေဆင်း ၂၊ ၃၊၅ ကဲ့သို့ မျိုးများတွင်ပင် သုံးနေကြတာပါ)

 သတိပြုရမှာကတော့ မျိုးစေ့နှုန်းများခြင်း၏ ဆိုးကျိုးဖြစ်သည် အပင်ဦးရေများခြင်းကြောင့် ကြုံတွေ့နေရသည့် ပိုးမွားရောဂါ ကျရောက်မှုဒဏ်ကိုတော့ ခံစားကြရမှာဖြစ်ပါတယ်။

ရေပေးသွင်းခြင်း

မတ်ပဲအား နွေသီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက ရေပေးသွင်းခြင်း လုပ်ငန်းသည် ပထမဦးဆုံး စတင်လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းဖြစ်ပါတယ်။

၁။ ထယ်ရေးမဲ့စနစ်၊ ထွန်ရေးပေါ် ကြဲပက်စနစ်ဖြင့် စိုက်သည်ဖြစ်စေ။

၂။ ထွန်ယက်စိုက်ပျိုးခြင်း(ထွန်ပဲစနစ်) ဖြင့် စိုက်သည်ဖြစ်စေ။

ပထမဦးဆုံး လုပ်ဆောင်ရမှာက ရေတင်ခြင်းဖြစ်ပြီး ထိုလုပ်ငန်းပြီးမှသာ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း တို့လုပ်ဆောင်ရမှာပါ။

၁။ ထယ်ရေးမဲ့စနစ်၊ ထွန်ရေးပေါ် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါလျှင် 

ပထမရေ အဖြစ်

မြေပြင် (သို့) ထွန်ယက်ထားသော ထွန်ရေးပြင်တွင် မျိုးစေ့ကြဲပက်ပြီး ရေဝအောင်တင်ရမှာပါ။

ရေဝအောင် ဆိုရာတွင် မနက်တင်သော ရေသည် (၆- ၁၂) နာရီအတွင်း ခမ်းသွားရန်လိုပါသည်။

( ထယ်ရေပြင်အား ရေတင်ခြင်းဖြစ်၍ ထိုကာလထားနိုင်ခြင်းဖြစ်ပြီး အပင်အားရေသွင်းလျင်မူ (၆) နာရီကြာလျင် ရေခမ်းမှသာလျင် အပင်မထိခိုက်နိူင်မှာပါ)

ထိုသို့ မျိုးစေ့ကြဲပက်ပြီး ရေသွင်းခြင်း၏ အားသာချက်မှာ အပင်ပေါက်နှုန်းကောင်းခြင်း(အစေ့ထယ်ရေးပေါ်တင်ခြင်း မရှိခြင်း) အပင်ကြီးထွားနှုန်းမြန်ခြင်းဖြစ်ပြီး အားနည်းချက်မှာ မြေအစိုဓာတ်မှာ ထွန်ရေးလုပ်ဆောင်ထားသည့် အခင်းလို ကြာရှည်မထိမ်းနိူင်၍ ဒုတိယရေပေးသွင်းခြင်းအား ဂရုစိုက် လုပ်ဆောင်ရန်ရန် လိုအပ်ပါတယ်။

ဒုတိယရေအား

အပင်အခြေအနေကြည့်၍ ရေပေးသွင်းရမည်ဖြစ်ရာ ရေလိုအပ်ခြင်း ရှိမရှိအား မွန်းလွဲ ၂ နာရီခန့်တွင် ကြည့်ပါက အပင်ညှိုးနေခြင်း၊ အရွက်အရောင် ပြောင်းနေခြင်း ဖြစ်ပါက ရေသွင်း ပေးရန် လိုအပ်ပါသည်။

(အရွက်အရောင်ပြောင်းနေခြင်း ဆိုရာ၌ ပုံမှန်ရှိနေမြဲ အရောင်ထက် ရင့်လာခြင်း၊ ပြာနှမ်းနှမ်း ဖြစ်လာခြင်းကို ဆိုလိုပါတယ်)

ပုံမှန်အားဖြင့် (၁၅-၂၀)ရက်ခန့်တွင်

 ပထမအကြိမ်ရေတင်ရပြီး ရေသွင်းပါက တစ်ဧကလျှင် ယူရီးယား(N) အား တစ်ဧကလျှင် ⅓/¼ အိတ်နှုန်းအား ရေတင်သည့်ရှေ့မှ ပက်ကြဲပေးပြီး ရေသွင်းပေးလျှင် အပင်ဖြစ်ထွန်းမှုအတွက် အထောက်အကူ ပြုပါမည်။

တတိယရေအား 

ပင်သက် (၃၅-၄၀) ခန့်တွင် ရေတင်သင့်တယ်လို့ ဆိုရသော်လည်း အဓိကရေသွင်းသင့် မသွင်းသင့်မှာ အပင်အခြေအနေကြည့်၍ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။

စတုတ္ထရေအား

မိမိ၏ အပင်အခြေအနေကြည့်၍ ရေပေးသွင်းသင့်ပါတယ်။

နွေသီးနှံတွင် ရေပေးသွင်းခြင်း၊ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းဖြင့် အပင်သက်တမ်းအား ရှည်အောင်လုပ်ဆောင်ပြီး အပွင့်အသီး ကာလကြာရှည်အောင် လုပ်ဆောင်ပြီး သီးနှံအထွက်တိုးအောင် ဆောင်ရွက်နိုင်ပါတယ်။

၂။ ထွန်ယက်စိုက်ပျိုးခြင်း(ထွန်ပဲစနစ်) ဖြင့် စိုက်ပျိုးမည်ဆိုပါက

မြေပြင်အား ရေတင်ခြင်း ပြုပြီးမှာ ထွန်ယက်စိုက်ပျိုးသူရှိသလို မြေပြင်ကို ထယ်ဖြင့်လှန်ပြီး ရေဝအောင်သွင်းပြီး သင့်တော်သော မြေအနေအထား ရောက်ရှိမှ ထွန်ယက်ခြင်း မျိုးစေ့ချခြင်း(မျိုးစေ့ချထွန်) ကြဲပက်ခြင်းပြုကြတာပါ။

ထိုသို့စိုက်ပျိုးပြီး ရေလိုအပ်ချိန်ရောက်မှသာ ဒုတိယ၊ တတိယစသည်ဖြင့် အပင်အတွက် ရေလိုအပ်မှုအပေါ် မူတည်၍ ရေသွင်းကြတာပါ။

ထွန်ပဲစနစ်သည် ထယ်ရေးမဲ့စနစ်၊ ထွန်ရေးပေါ် ကြဲပက်စနစ်တို့နှင့် နှိုင်းယှဉ်ပါက အပင်ပေါက်နည်းခြင်း၊ အပင်ဖြစ်နောက်ကျခြင်းမှလွဲ၍ ဒုတိယအကြိမ် ရေသွင်းခြင်းအား နောက်ကျမှ သွင်းနိုင်ပြီး အတိမ်းအစောင်း ခံနိုင်သည်ကို တွေ့ရှိရပါတယ်။ အားနည်းချက်ကတော့ ထွန်ယက်စရိတ် ပိုခြင်း၊ အပင်ပေါက်အားနည်းခြင်း(ခဲတင်ခြင်း) ဖြစ်ပါတယ်။

ဒုတိယ၊ တတိယ၊ စတုတ္ထ အကြိမ် ရေပေးသွင်းခြင်းများမှု

ထယ်ရေးမဲ့စနစ်၊ ထွန်ရေးပေါ် ကြဲပက်စနစ် ရေပေးသွင်းခြင်းကဲ့သို့ပင် အပင်အခြေအနေ၊ မြေအနေအထား အပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

မိမိက ထွန်ယက်စိုက်ပျိုးခြင်း(ထွန်ပဲစနစ်) ဖြင့်စိုက်ပျိုးထားလို့ အခြားစိုက်ပျိုးနည်းတို့၏ ရေသွင်းစနစ်နှင့် မတူပါဘူးလို့ ပြော၍မရသလို ပုံတူကူးချ၍ မရနိုင်ဘူးဆိုတာကို သိထားရန်လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်ပါလျှင် တရားသေ၊ ပုံတူကူးချမှုမပြုလုပ်သင့်ဘဲ ဒေသ၏ ရေမြေရယသီဥတုအပေါ် မူတည်၍ ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

မည့်သည့်စနစ်ပင်ဖြစ်စေ အားနည်း၊ အားသာချက်များကတော့ ရှိနေမှာပါ။

ရေပေးသွင်းခြင်းနှင့် ပတ်သက်၍ သတိပြုစရာ

စိုက်ပျိုးသူများ အထူးသတိထားရမှာကတော့

နွေမတ်ပဲသီးနှံစိုက်ပျိုးရာတွင် ရေပေးသွင်းခြင်းနှင့်အတူ မြေဩဇာ ကြဲပက်ခြင်းပြုခြင်းကြောင့် အပင်သက်တမ်းရှည်ခြင်း ဖြစ်နိုင်ပါတယ်။

အပင်သက်တမ်း ရှည်ခြင်းနှင့်အတူ ပွင့်သီးမှုလည်း ရှိနေရာ စိုက်ပျိုးသူများအနေဖြင့် မိမိဒေသ၏ ရာသီဥတုအခြေအနေ အပေါ်မူတည်၍ ရေပေးသွင်းသည့် အကြိမ်ရေကို လျော့ချ၍ အပင်သက်တမ်းအား လျှော့ချနိုင်ပါတယ်။

မတ်ပဲပင်၏ သက်တမ်းသည် (၇၅- ၉၀) ရက်လို့ ဆိုထားပေမဲ့လည်း ရေပေးသွင်းပါလျင် အပင်သက်တမ်းသည် (၇၅-၉၀) ရက်သာမကတော့ဘဲ (၁၀၀-၁၂၀) ရက် ထက်ပင် ကျော်လွန် အသက်ရှည်ပြီး သီးပွင့်နိူင်၍ အပင်သက်တမ်းရှည်တိုင်း ထားမည်ဆိုပါလျင် မိုးရွာသွန်းမှုနှင့် ကြုံတွေ့ပြီး ဆုံးရှုံးမှု ကြုံတွေ့နိူင်၍ ဖြစ်ပါတယ်။

 ပေါင်းမြက်နှိမ်နင်းခြင်း

နွေသီးနှံ၌ ပေါင်းမြက် ပေါက်ရောက်မှုသည် ဆောင်းသီးနှံတွင် ပေါက်ရောက်မှုထက် ဆိုးဝါးပါတယ်။

ဆောင်းရာသီတွင် အပင်ပေါက်ပြီး (၂) ပတ်သားမှစ၍ ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းစင်အောင် လုပ်ဆောင်ရမည်လို့ ဆိုထားသော်လည်း နွေရာသီတွင်မူ အပင်ငယ်စဉ်မှစ၍ ပေါင်းမြက်ကင်းစင်ရန် အလေးထား လုပ်ဆောင်ရပါမည်။

နွေသီးနှံစိုက်ပျိုးမှုသည် ရေပေးသွင်းရသောကြောင့် ပေါင်းမြက်ပေါက်ရောက်မှုအား ပေါင်းသတ်ဆေးကိုသာ အားကိုးလုပ်ဆောင်၍ မရဘဲ လူဖြင့် ရှင်းလင်းပေးရန်လည်း လိုအပ်ပါသည်။

ပိုးမွားရောဂါ ကာကွယ်နှိမ်နင်းခြင်း

 ငမြောင်တောင်(Armyworn) ~ ဆောင်းသီးနှံတွင်သာမက နွေသီးနှံတွင်လည်း ကျရောက်ဖျက်စီးမှု ရှိနေပါတယ်။

ငမြောင်တောင်၏ ဘဝစက်ဝန်း ပိုးလောက်ကောင် ဘဝနှင့်တွေ့ဆုံပါက ဖျက်စီးမှု များခြင်းကြောင့် စတင်စိုက်ပျိုးချိန်တွင် မျိုးစေ့လူးနယ်ဆေး လူးနယ်၍စိုက်ပျိုးခြင်း အပင်ပေါက်စအချိန် ဖျက်စီးပါက မနက်စောစောနှင့်ညအချိန် ထိသေ အဆိပ်ငွေ့ အာနိသင်ရှိ ဆေးပက်ဖြန်းခြင်း အပင်ရေသွင်း၍ရသည့် အရွယ်ဖြစ်ပါက ရေပါးပါး ခင်းလုံးပြည့်သွင်းခြင်းဖြင့် နှိမ်နင်းနိူင်ပါသည်။

ဖျက်စီးမှုဆိုးဝါးပါက တနေ့အတွင်း (၁၀/၁၅) ဧကအထိ ဖျက်စီးနိူင်ပါသည်။

~ သုံးစွဲသင့်သောဆေး~

Emameetin Benzoate,

Emameetin Benzoate+Lambda-Cyhalothrin, Indoxacarb, Chlorantraniliprole.

ပင်စည်ထိုးယင်(Bean Stem Fly) ~ အပင်ငယ်စဉ်တွင် ဥမှပေါက်လာသော လောက်ကောင်များသည် အရွက်၏အတွင်းသားသို့ ဝင်ရောက်စားသောက်ပြီး အရွက်၏အပေါ်အောက် မျက်နှာပြင်ကြားမှ ဝင်ရောက်ပြီး ရွက်ရိုးတံမှတဆင့် ပင်စည်အတွင်းသို့ ဝင်ရောက်စားသောက်ဖျက်စစစစဥစီးကာ မြေနှင့်နီးရာ အခြေနားတွင် ရုပ်ဖုံးဘဝပြောင်းသွားသည်။ ပင်စည်အခြေတွင်နေပြီး ဖူးဖောင်နေပြီး အပင်နှုတ်ခွဲကြည့်ပါက ပိုးလောက်ကောင်(သို့)ရုပ်ဖုံးကိုတွေ့ရတတ်သည်၊ ရုပ်ဖုံးရင့်က ပင်စည်ကွဲထွက်သွားသည် ထိုအပင်များသည် နောက်ပိုင်းတွင် သေဆုံးသွားမည်ဖြစ်သည်။

ထိုပိုးမှာ ယခင်ကထိခိုက်မှုနည်းသော်လည်းယခုအခါတွင် ထိခိုက်မှုများသော ပိုးမွှားဖြစ်လာပါသည်။

သို့ဖြစ်၍ ပထမဆုံး ရွက်ပေါင်းထွက်ချိန် ပင်သက် (၇-၁၀)ရက် မှ စတင်၍ ပင်လုံးပြန့်ဆေး ပက်ဖြန်းရန်လိုအပ်ပါသည်။

~ သုံးစွဲသင့်သောဆေး ~

Carbosulfan , Thaimethoxam ,

ပျပိုး(Aphids) ~ အပင်ငယ်စဉ်မှစတင်၍ သတိပြုနှိမ်နင်းရန် လိုအပ်ပြီး ထိုပျိုးမြားမှ အချိုရည်စစ်ထုတ်ခြင်းကြောင့် အပင်ပုံပျက်ပြီး ကြီးထွားမှု ရပ်ဆိုင်းနိူင်ပါသည် ထို့အပြင် ရောဂါသယ်ဆောင်မှု အဓိက ပိုးဖြစ်ပါသည်။

~ သုံးစွဲသင့်သောဆေး ~

Acetamiprid, Dimethoate, Acephate, Cypermethrin,

Lambda-Cyhalothrin,

လှေးပိုး(Thrips) ~ နွေရာသီ အပူမြင့်မားခြင်းကြောင့် အဓိက ကြုံတွေ့ရမည့် ပိုးဖြစ်ပြီး အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးမှု ရှိသဖြင့် ပိုးသတ်ဆေး စနစ်တကျ သုံးရန်လိုအပ်ပါတယ်။ 

နွေရာသီစိုက် မတ်ပဲခင်းများတွင် ရေမကြာခဏ ပေးသွင်းနေခြင်းကြောင့် လှေးကျရောက်မှုမှာ ရေမသွင်းသော သီးနှံများထက် သက်သာမှု ရှိသည်ကို တွေ့ရှိရပါတယ်။

လှေး သည် သစ်ရည်စုပ်ခြင်းကြောင့် အညွန့်များမှာ ဘုလုံးဖြစ်နေခြင်း အဖူးနှင့် ပန်းပွင့်များ ပုံသဏ္ဌာန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေ၍ ဖော်ပြထားသည့် ပင်လုံးပြန့်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိူင်သည်။

သုံးစွဲသင့်သောဆေး 

Fipronal ,Thaimethoxam+Emameetin Benzoate ,Acetamiprid+Fipronal, Spinetoram,

 ယင်ဖြူ (White fly) Mosaic Virus ရောဂါပိုးဒဏ် ခံနိုင်ရည်ရှိသည့် မတ်ပဲမျိုးကို စိုက်ပျိုးထားသဖြင့် Yellow mosaic ကျရောက်မှု မရှိနိူင်သော်လည်း ယင်ဖြူ၏ ဒါဏ် ခံရနိူင်သဖြင့် ပိုးသတ်ဆေးအား အသုံးပြုရန် လိုအပ်ပါတယ်။

ယင်ဖြူသည် အဝါရောင် မှိုစေ့ရောဂါကို အဓိက သယ်ဆောင်သော ပိုးဖြစ်ပြီး အရွက် အောက်မျက်နှာပြင်တွင် ခိုအောင်းနေတတ်သည်။ အပင်ကိုခါကြည့်လျင် ဖလံနှင့် တူသော အဖြူရောင် အကောင်ငယ်များ လျှင်မြန်စွာ ပျံထွက်လာပြီး အရွက်အောက် မျက်နှာပြင်တွင် ပြန်လည်တွယ်ကပ် ငြိမ်သက် နေတတ်သည်။

ယင်ဖြူအား မိမိစိုက်ခင်းတွင် မမြင်တွေ့ရလောက်အောင် ပျောက်ကင်းအောင် နေ့စဉ် ပိုးသတ်ဆေးဖြန်းလျင်ပင် မရနိူင်သဖြင့် ယင်ဖြူနှင့် ငွေအကုန်ခံဘို့ မကြိုးစားပါနှင့်လို့ ဆိုခြင်ပါတယ်။

~ သုံးစွဲသင့်သောဆေး ~

Abamectin, Thaimethoxam, Dimethoate, Acetamiprid.

ပဲတောင့်ထိုးပိုး (Pea pod borer. Maruca test) စိုက်ပျိုးသူအချို့က ပွင့်ထွေး၊ ငမြောင်တောင်၊ သီးလုံးဖောက် ဆိုပြီး ရောထွေးနေကြတာကို တွေ့ရပါတယ်၊ အမှန်က ပိုးတစ်မျိုးစီဖြစ်ပြီး ဖျက်စီးမှု ပုံသဏ္ဌာန်လည်းမတူညီကြပါဘူး။

ပဲတောင့်ထိုးပိုး(ပွင့်ထွေး)သည် ဥမှ အကောင်ပေါက်လာပါက လောက်ကောင်သည် ပဲပင်၏ အဖူး၊ အပွင့်များထဲသို့ ဝင်ရောက် စားသောက်ဖျက်ဆီးပြီး ပါးစပ်မှ ချည်မျှင်များထုတ်ပေး၍ အဖူး အပွင့်များကို ရစ်ထွေးပြီး ဖျက်ဆီးခြင်း ဖြစ်ပါတယ်။

သီးတောင့်ဝင်ချိန်တွင် အသီးအရင်းမှ အပေါက်ငယ်ဖောက်ကာ သီးတောင့်ထဲသို့ ဝင်ရောက်စားသောက်ခြင်းဖြစ်ပြီး ဖျက်ပိုးရှိသောနေရာတွင် ပိုးချေး (မစင်)များကို တွေ့ရနိုင်သည်။

ပဲတောင့်ထိုးပိုး(ပွင့်ထွေး) ၏ စားသောက်ပုံ အလေ့အထဖြစ်သည့်  ခိုအောင်းဖျက်ဆီးခြင်း၊ သီးတောင့်အတွင်း

ဝင်ရောက်စားသောက်ခြင်း တို့ကြောင့် ဓာတုဆေး ထိရောက်ရန် အခွင့်အရေးနည်းပါးပါတယ်။

အဖူးဝင်ချိန်တွင် စတင်ကျရောက်သော ဖျက်ပိုးဖြစ်ခြင်းကြောင့်လက္ခဏာပြမှ ဆေးသုံးခြင်းသည် အဖူးကြွေခြင်း၊ အသီးမတင်ခြင်းကို ဖြစ်စေပါတယ်။

အပင်ဖြစ်ထွန်းမှု အကောင်းဆုံးအချိန်၊ အအဖူးဝင်ရန် အားယူချိန်တွင် အောက်ပါ ဆေးများကို နားလည်တတ်ကျွမ်းသူ၏ ညွန်ကြားချက်၊ အညွှန်းပါ နှုန်းထားအတိုင်း အသုံးပြုနိုင်သည်။

~ သုံးစွဲသင့်သောဆေး  

Chlorantrahiliprole,  Bt (Bacillus thuringiensis), Emamectin benzoate, spinosad, Fubendiamide , Indoxacarb, Thiodicarb, Flubendiamide, Lufenuron,

ရွက်စုံစားခူဝါ(Common Hairy Caterpillar)~ လောက်ကောင်ငယ်များသည် အစိမ်းရောင် တစ်ရှုးသားကို ခြစ်စားပြီး အရွက်များအစိမ်းရောင်ပျောက်ပြီး အမှေးပါးသာ ကျန်ရစ်သည်၊ အကောင်ကြီးများသည် အပင်တပင်မှ အခြားတစ်ပင်သို့ ကူးပြောင်းပြီး ကိုက်ဖြတ်စားသောက်ပြီး ထိုသို့စားသောက်ခြင်းကြောင့် အရွက် အညွန့်များ စုတ်ပြတ်နေတတ်ပါသည်။ 

အဝေးမှကြည့်လျင် အခင်းမှာ အကွက်လိုက်ဝါနေပါမည်။

~ သုံးစွဲသင့်သောဆေး ~

Cypermethrin, Lambda-Cyhalothrin,Emamectin benzoate,

ပုရစ်(Field circket)~ အပင်ငယ်စဉ်မှစ၍ ရိတ်သိမ်းချိန်အထိ ဖျက်စီးမှုရှိပါသည်။ အချို့ဒေသများတွင် ပုရစ်ဖျက်စီးမှုအား သီးနှံရိတ်သိမ်းချိန်တွင် ဆိုးဝါးစွာကျရောက်ခြင်းကြောင့် အထွက်နှုန်းသိသာစွာ ထိခိုက်သည်ကို တွေ့ရှိရပါသည်။ 

ညနေ ညပိုင်းတို့တွင် စုဝေးရောက်ရှိပြီး ပဲပင်ပေါက်များ၏ ပင်စည် အရွက်များ အပင်သီး မှည့်ချိန်တွင် အသီးများအား စားသောက်ဖျက်စီးပါသည်။

~ သုံးစွဲသင့်သောဆေး ~

Cypermethrin, Lambda-Cyhalothrin,

 ဖားဥမှို(powdery mildew) ~ အရွက်ပင်စည်၏ နူနယ်သော အစိတ်အပိုင်းများပေါ်တွင် ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့သို့တွေ့ရတတ်သည်။

အရွက်အစိမ်းရောင် ပျက်၍ အားနည်းကာ အစာမချက်နိူင်သဖြင့် အသီးတင် အဆန်တည်မှု မကောင်းဘဲ အထွက်လျော့နိူင်၍ သတိပြုစောင့်ကြည့်ရန် လိုပါသည်

~ သုံးစွဲသင့်သောဆေး - Sulphur, Tebuconazole, Kresoxim Methyl, Iprodione,Thiophanate methyl. 

Chlorothalonil, Hexaconazole,

 သံချေးရောဂါ( Rust) ~အရွက်နှင့်အသီးပေါ်တွင် ပင်အပ်ခေါင်းအရွယ် နီညိုညိုအဖုများမှသည် ရောဂါပြင်းထန်ပါက အဖုငယ်များ တဆက်တစပ်တည်းဖြစ်ကာ တစ်ရွက်လုံးနီညိုလာသည် တခါတရံ ဝါရော်ပြီး  ခြောက်သွေ့ကာ အရွက်သေသွားသည်။

အပူချိန်(၃၅ ဒီဂရီစင်တီဂရိတ်)အထက် ရေငွေ့ဓာတ်(၇၀.၈၀) ရာခိုင်နှုံး ရှိချိန်တွင် ပွင့်စသီးစနှင့် ကြုံကြိုက်မိပါက ရောဂါကျနိုင်ပါသည်။

~ သုံးစွဲသင့်သောဆေး ~Azoxystrobin , Tebuconazole , Propiconazole, Chlorothalonih,  Hexaconazole ,

 အဝါရောင်မိုစေ့ရောဂါ (yellow mosaic)~ ရောဂါဖြစ်ပွားပါက ကုသ၍မရသော (Virus) ရောဂါဖြစ်ပါသည် အပင်ငယ်စဉ်မှစ၍ စုတ်စားပိုးများ ကျရောက်မှုမရှိအောင် ဂရုစိုက်စောင်ကြည့်ပြီး ကာကွယ်နှိမ်နင်းသွားရန် လိုပါသည်။

အကောင်းဆုံး နည်းလမ်းကတော့

ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးအား စိုက်ပျိုးခြင်း ဖြစ်ပါတယ်။

~ သုံးစွဲသင့်သောဆေး ~

Dimethoate , Abamectin  , Thaimethoxam, 

 စာကိုစပိုစာရွက်ပြောက်ရောဂါ (Cercospora leaf spot)~

အရွက်ပေါ်တွင် အဝါရောင်အပြောက်ငယ်များ စတင်တွေ့ရပြီး မကြာမီ ကျယ်ပြန့်လာကာ အပေါ်ယံမျက်နှာပြင်တွင် အညိုဖျော့ (သို့)မရမ်းဖျော့ရောင် ပြောင်းသွားသည် အောက်မျက်နှာပြင်တွင် ခရမ်းရောင်အကွက်အဖြစ်တွေ့ရသည်။

အနာကွက် ကျယ်ပြန့်ပြီး ပေါင်းစပ်သွားပါပြီး နောက်ဆုံးတွင် ခြောက်သွားသည်။ ရာသီဥတု ပူနွေးစိုစွတ်လျင် ကျရောက်မှု ပြင်းထန်သည်။

ထိုရောဂါအား မကျရောက်ခင် ကြိုတင်ကာကွယ်ရန်လိုပြီး ရောဂါကျရောက်မှ ကုသလို့ မရနိူင်ပါဘူး။

ယခုနှစ်ပိုင်း ပဲရိတ်ချိန်မတိုင်မီ အပင်များကျသွားပြီး စောစော ရိတ်နေရခြင်းမှာ စာစပိုရာရွက်ပျောက်ရောဂါကြောင့် ဖြစ်ပါတယ်။

မိမိအနေဖြင့် မြစ်ခြောက်ဆွေးရောဂါ၊ အဝါရောင်မိုစိတ်ရောဂါတို့ထက်ပင် ကြောက်သောရောဂါလို့ ဆိုချင်ပါတယ်။

~ သုံးစွဲသင့်သောဆေး ~ Copper oxychloride ,Copper hydroxide , Thiophanate methyl , Propiconazole , Chlorothalonil , Difenoconzole ,

တို့ဖြင့် ကာကွယ်နိူင်ပါတယ်။

 မှည့်ပျောက်စွန်းရောဂါ (Anthracnose)~

အရွက်ပေါ်တွင် နီညိုရောင် အနာကွက်၊ ပင်စည်/အကိုင်းတွင် အနက်ရောင် အနာကွက်ရှည်များ ဖြစ်ပေါ်တတ်သည်။

အသီးအနာကွက်များမှာ နူစဉ် သံချေးရောင်ရှိ၍ ရင့်လျင် နှုတ်ခမ်းသားမို့မောက်ပြီး နီညိုရောင်အရစ်ဖြင့် ဝိုင်းရံထားသော ချိုင့်ခွက်နာများ ဖြစ်လာသည်။

~ သုံးစွဲသင့်သောဆေး ~

Thiophanatemethyl , Difenoconzole ,

 Azoxystrobin , 

 ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterialblight of bean)~

အရွက်၏ အောက်မျက်နှာပြင်တွင် အရွယ်ငယ်သော ရေစိုနာကွက်များ စတင်ဖြစ်ပေါ်လာပြီး အကွက်ပြောက် တဖြေးဖြေး ကြီးထွားပေါင်းစပ်သွားပြီး အရွက်တစ်ရှုးသားများ သေသွားပါသည်။

ရေစိုနာကွက် ပါတ်လည်တွင် အဝါရောင်တစ်ရှုးသားများ ရစ်ဝိုင်းထားသည်။ 

အရွက် အသီး ပင်စည်ကိုင်း တို့တွင် ကျရောက်နိူင်ပါသည်။

~ သုံးစွဲသင့်သောဆေး ~ Kasugamycin, Bismerthiazol, Copper oxychloride, Copper hydroxide,

 မြစ်ခြောက်ဆွေးရောဂါ  (Rhizoctonia spp)

မြစ်ခြောက်ဆွေး၊ မြစ်ပုပ်၊ ပင်ခြေပုတ်၊ ခါးရိရောဂါဖြစ်စေသောမှိုများစွာရှိသော်လည်းအဖြစ်များသော မှိုများဖြစ်သည့် Rhizoctonia,Pythium,Phytophthora,Fusarium,Aphanomyces စသောခါးရိမြစ်ပုပ်ပင်ညှိုးဖြစ်စေသောမှိုများစွာရှိသည့်အနက် လက်ရှိအချိန်တွင် Rhizoctonia spp ကြောင့်ဖြစ်သော မြစ်ခြောက်ဆွေးရောဂါမှာအဖြစ်များပြီး ထိုရောဂါ ဖြစ်လျှင် အပင်ငယ်စဉ် ခရောင်း(Crown) ဟုခေါ်သည့် အမြစ်နှင့်ပင်စည်ဆုံတဲ့နေရာ အောက်မှ စပြီးမဲ လာပြီး ရောဂါဆိုးဝါးလာပါက အပင်များညိုးနေခြင်း၊ အရွက်များပူကပ်လာခြင်း၊ ရောဂါဖြစ်နေသောအပင်တွင်သာ ထိပ်ဖျားညှိုးကျလာပြီး အရွက်နှင့်ပင်စည်များ အဝါရောင်ဖျော့(ကောက်ရိုးရောင်) သို့ပြောင်းနေကာ အပင်ကိုနှုတ်ကြည့်ပါက မြစ်မွှာများ ပြတ်ကျန်ခဲ့ပြီး အမြစ်ထိပ်ဖျား ပုပ်နေသော ရေသောက်မြစ် တစ်ခုတည်းသာ ပါလာတတ်ပြီး တခါတရံ အမြစ်သစ်(ကင်းမြစ်မွာ) သာပါလာတာကို တွေ့ရပြီး အမြစ်များသည်လည်း ခြောက်နေပြီး သေနေသော အမြစ်အဖျားပိုင်းကို ချိုးကြည့်ပါက ကျွတ်ဆတ်နေမှာပါ။

စိုက်ပျိုးချိန်တွင် အရည်အသွေးကောင်းမွန်သော မျိုးစေ့လူးနယ်ဆေးနှင့် ထရိုင်ကိုဒါးမားကို အသုံးပြု၍ စိုက်ပျိုးရန် လိုအပ်ပါတယ်။

ဆောင်းရာသီတွင် ရောဂါဆိုးဝါးသည့်အကွက် ဖြစ်သော်လည်း နွေသီးနှံစိုက်ပျိုးသည့်အခါတွင် ထရိုင်ကိုဒါးမားအား မြေအစိုဓာတ်ရှိချိန်တွင် သုံးစွဲပါက ၈၀% အထိ သေဆုံးမှု လျော့ပါးသည်ကို တွေ့ရှိရပါတယ်။

မြစ်ခြောက်ဆွေးရောဂါအတွက် အောက်ပါမှိုသတ်ဆေးများကိုလည်း အသုံးပြုနိူင်ပါတယ်။

သုံးစွဲသင့်သောဆေး - Trichoderma, Thiophanate methyl, Tebuconazole, Azoxystrobin,

သတိပြုရန်လိုအပ်သည့် ပြဿနာများ

နွေမတ်ပဲစိုက်ပျိုးမည်ဆိုလျှင် သတိပြုရမည့် အချက်များ ရှိလာပါတယ်။

မတ်ပဲအား ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့ပြီး နွေသီးနှံအဖြစ် ထပ်မံစိုက်ပျိုးမည်ဆိုလျှင် သတိထား လုပ်ဆောင်ရမည့် အချက်များဖြစ်သည့် ~

၁။ မတ်ပဲစေ့ကျန်မှ အပင်ပြန်ပေါက်လာခြင်း။

၂။ ယခင်သီးနှံတွင် ကျရောက်ခဲ့သည့် ရောဂါများ၏ ဆိုးကျိုးများ ဖြစ်ကြပါတယ်။

၁။ မတ်ပဲစေ့ကျန်မှ အပင်ပြန်ပေါက်လာခြင်း

ထိုပြဿနာကတော့ လွယ်မလိုနှင့် ခက်သော ကိစ္စတစ်ခုပါ။

ဆောင်းသီးနှံရိတ်သိမ်း၍ ကျနေရစ်သော သစ်စေ့များသည် အပင်ပေါက်ပြီး နွေသီးနှံကို အခက်တွေ့စေခြင်းပါ။

နွေသီးနှံစိုက်ပျိုးသူသည် ~

ပထမသီးနှံတွင် အလင်းရောင်တုန့်ပြန်မှုရှိ၊ အပူချိန်တုန်ပြန်မှုရှိသော မျိုး(စာပစပ်၊ ရေဆင်း ၊ ပဲကန်ဇွန်း) တို့ကိုစိုက်ထားခဲ့ပြီး ဒုတိယသီးနှံအဖြစ် အလင်းရောင်တုန့်ပြန်မှုမရှိ၊ အပူချိန်တုန်ပြန်မှု အနည်းငယ်ရှိသောမျိုး( ရေဆင်း ၄၊ ရေဆင်း ၇၊ TBL 9 ) တို့ကို စိုက်ပျိုးမိလျင် ပထမစိုက်ခဲ့သော သီးနှံသည်ရိတ်သိမ်းချိန်တွင် အစေ့ကြွေခဲ့ခြင်းကြောင့် ရေသွင်းစိုက်ပျိုးခြင်းဖြစ်၍ တဖြည်းဖြည်းအပင်ပေါက်လာပြီး ဒုတိယသီးနှံအား ဒုက္ခပေးမှာဖြစ်ပါတယ်။

ပထမ စိုက်ခဲ့သည့်မျိုးမှ ပေါက်လာသည့်အပင်များကို ရှင်းလင်းသင့်သော်လည်း ပြောင်စင်ရန် ရှင်းလင်းရန် မလွယ်ကူပေ။

ပထမစိုက်ခဲ့သည့်မျိုးသည် Mosaic ရောဂါဒါဏ် မခံနိူင်၍ အပင်ဝါပြီး အလင်းရောင်တုန့်ပြန်မှုရှိ၊ အပူချိန်တုန်ပြန်မှုရှိသော မျိုးဖြစ်သဖြင့် နွေရာသီတွင် အသီးမသီးနိူင်သဖြင့် ပြဿနာမရှိသော်လည်း၊

ပထမသီးနှံတွင် အလင်းရောင်တုန့်ပြန်မှုမရှိ၊ အပူချိန်တုန်ပြန်မှု အနည်းငယ်ရှိသော မျိုး(ရေဆင်းမတ်ပဲ ၇) ကဲ့သို့သော မျိုး

ကိုစိုက်ထားခဲ့ပြီး ဒုတိယသီးနှံတွင် အလင်းရောင်တုန့်ပြန်မှုမရှိ၊ အပူချိန်တုန်ပြန်မှု အနည်းငယ်ရှိသော(TBL 9၊ ရေဆင်း ၄) မျိုး ကဲ့သို့သော မျိုးမတူကို စိုက်မိပြီး မျိုးသန့်ထုတ်သူဆိုလျင်တော့ ဖြေရှင်း၍ မရနိူင်သောပြဿနာဖြစ်၍ ပထမသီးနှံနှင့်တူသောမျိုးကိုသာ ဒုတိယသီးနှံတွင် စိုက်ရမှာပါ။ မျိုးထုတ်လုပ်သူ မဟုတ်ဘဲ သီးနှံအဖြစ် ပြန်လည်ရောင်းချရန်အတွက် ဆိုလျင်တော့ ဘယ်မျိုးကိုစိုက်စိုက် စိုက်လို့ရပါတယ်။

၂။ ယခင်သီးနှံတွင် ကျရောက်ခဲ့သည့် ရောဂါများ၏ ဆိုးကျိုးများ

ဆောင်းသီးနှံတွင်ကျရောက်ခဲ့သည့် ရောဂါများကတော့ ဒုတိယသီးနံအတွက် ဆိုးကျိုးကို အနည်းနှင့်အများ ဖြစ်စေမှာပါ။

ပထမသီးနှံတွင် ဖားဥမှို၊ သံချေး၊ စာရာစပိုရာ၊ အဝါရောင်မိုစိတ် ရောဂါများအပြင် မြစ်ခြောက်ဆွေးကဲ့သို့သော မြေဆောင် ရောဂါများ ဆိုးဝါးစွာ ကျရောက်ထားခဲ့သည်ဆိုလျင်တော့ အထူးဂရုစိုက်လုပ်ဆောင်ရမည် ဖြစ်ပါတယ်။

အဝါရောင်မိုစိတ်ရောဂါအတွက် နွေရာသီစိုက်ပျိုးသည့် မျိုးများသည် ပြဿနာမရှိသော်လည်း အခြားရောဂါများအတွက်မူ အရည်အသွေး ကောင်းမွန်သော မှိုဆေး၊ မျိုးစေ့လူးနယ်ဆေးများ  ဖြစ်သည့် ဓာတုဆေးများကို စနစ်တကျ အချိန်ကိုက် သုံးစွဲခြင်ပြုရမည့် အပြင် ထရိုင်ကိုဒါးမားမှိုကိုလည်း မြေကြီးအတွင်း ရောက်ရှိပြီး စိုက်ပျိုးသီးနှံအတွက် အကျိုးပြုရန် စနစ်တကျ သုံးစွဲရမည် ဖြစ်ပါတယ်။

ကျရောက်တတ်သော ရောဂါများ။

 ဖားဥမှို(powdery mildew) ~ ဆောင်းရာသီတွင်သာမက နွေရာသီတွင်လည်း ဒုက္ခပေးမည့် ရောဂါဖြစ်ပါတယ်။

ရောဂါအတွက် သုံးစွဲသင့်သောဆေး များကတော့ 

- Sulphur, Tebuconazole, Kresoxim Methyl, Iprodione,Thiophanate methyl. 

Chlorothalonil, Hexaconazole,

သံချေးရောဂါ( Rust) ~

ရောဂါအတွက် သုံးစွဲသင့်သောဆေး များကတော့ 

~ Azoxystrobin , Tebuconazole , Propiconazole, Chlorothalonih,  Hexaconazole ,

စာကိုစပိုရာ ရွက်ပြောက်ရောဂါ (Cercospora leaf spot)~

ထိုရောဂါအား မကျရောက်ခင် ကြိုတင်ကာကွယ်ရန်လိုပြီး ရောဂါကျရောက်မှ ကုသလို့ မရနိူင်ပါဘူး မိမိအနေဖြင့် မြစ်ခြောက်ဆွေးရောဂါ၊ အဝါရောင်မိုစိတ်ရောဂါတို့ထက်ပင် ကြောက်သောရောဂါလို့ ဆိုခြင်ပါတယ်။

ဒါပေမဲ့ နွေရာသီတွင် စာကိုစပိုရာ ကျရောက်မှုမှာ ဆောင်းရာသီတွင်မူ လျော့နည်း၍ဖြစ်ပါတယ်။

ရောဂါအတွက် သုံးစွဲသင့်သောဆေး များကတော့ 

~ Copper oxychloride ,Copper hydroxide , Thiophanate methyl , Propiconazole , Chlorothalonil , Difenoconzole ,

တို့ဖြင့် ကာကွယ်နိူင်ပါတယ်။

~ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterialblight of bean)~

ရောဂါအတွက် သုံးစွဲသင့်သောဆေး များကတော့ 

 ~ Kasugamycin, Bismerthiazol, Copper oxychloride, Copper hydroxide,

 မြစ်ခြောက်ဆွေးရောဂါ  (Rhizoctonia spp)

စိုက်ပျိုးချိန်တွင် အရည်အသွေးကောင်းမွန်သော မျိုးစေ့လူးနယ်ဆေးနှင့် ထရိုင်ကိုဒါးမားကို အသုံးပြု၍ စိုက်ပျိုးရန် လိုအပ်ပါတယ်။

ဆောင်းရာသီတွင် ရောဂါဆိုးဝါးသည့်အကွက် ဖြစ်သော်လည်း နွေသီးနှံစိုက်ပျိုးသည့်အခါတွင် ထရိုင်ကိုဒါးမားအား မြေအစိုဓာတ်ရှိချိန်တွင် သုံးစွဲပါက ၈၀% အထိ သေဆုံးမှု လျော့ပါးသည်ကို တွေ့ရှိရပါတယ်။

မြစ်ခြောက်ဆွေးရောဂါအတွက် သုံးစွဲသင့်သောဆေးများကတော့ ~

 Trichoderma, Thiophanate methyl, Tebuconazole, Azoxystrobin

နွေသီနှံမတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုတွင် ဆောင်းသီးနှံ၏ အကျိုးဆက် အဖြစ် မြေဆောင်၊ လေဆောင် ရောဂါများ ကျရောက် လာနိူင်သဖြင့် ရောဂါကျရောက်နိုင်မှုအား.မျက်ခြေမပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တပြေးညီ ပြုစုထိန်းသိမ်းမှု လုပ်ငန်းအား အလေးထား လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။

မိမိအနေဖြင့် နွေမတ်ပဲ စိုက်ပျိုးမှုနှင့် ပတ်သက်၍ ရေးသားရာတွင် မိမိကိုယ်တိုင် စိုက်ပျိုးခဲ့သည့် အတွေ့အကြုံကိုအခြေပြု၍ ရေးသားခြင်းဖြစ်ရာ မျိုးသုံးစွဲခြင်း၊ စိုက်ပျိုးနည်းစနစ် တို့မှာမူ ရေမြေရာသီဥတု အခြေအနေအပေါ် မူတည်၍ ကွဲပြားမှု ရှိနေနိုင်ရာ လိုအပ်လျင် သုံး၍၊ မလိုအပ်ပါက ပယ်ရန် ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်