(၁) ငရုတ္သီး
ငရုပ်သီးမှည့်တွင် ပိုးမွှားနှိမ်နင်းသော အာနိသင်များပါရှိပြီး အထူးသဖြင့် အခွံနှင့် အစေ့တွင် အာနိသင်ပိုမို မြင့်မားသည်။ ပိုးသတ်သည့် အစိတ်အပိုင်းမှာ အသီး ဖြစ်သည်။ စားသေ၊ ပိုးသေဆေး၊ ပိုးဟန့်တားဆေး၊ ထိသေ၊ အဆိပ်ငွေ့ ဆေး၊ ဗိုင်းရပ်(စ်)နှင်ဆေး စသည့် အာနိသင်များ ရှိသည်။ နှိမ်နင်းနိုင်သည့် ပိုးမွှား အင်းဆက်များမှာ ပုရွက်ဆိတ်၊ ပျ၊ ပဲသီးတောင့်ထွင်းပိုး၊ ကိုလိုရာဒိုကျိုင်း (လောင်မီးကျိုင်း)၊ ခူကောင်များ၊ စိန်ကွက် ဖလံ၊ ပိုးနဂါး၊ ငမြှောင်တောင်၊ ရွက်ဖြတ်ပိုးများ၊ ဒက်ပိုး၊ အကြေးပိုး၊ ယင်ဖြူ၊ ၊ ခရု၊ ပက်ကျိတို့ ဖြစ်သည်။ ကာကွယ်နိုင်သည့် အပင်ရောဂါများ သခွားဗိုင်းရပ်(စ်)ရောဂါ၊ ဆေးရွက်ကြီးပင်ဗိုင်းရပ်(စ်)တို့ ဖြစ်သည်။
ငရုပ်၏ လူတိို့အပေါ် အန္တရာယ် သက်ရောက်မှုမှာ ငရုပ်သည် လူတို့၏ အရေပြား၊ မျက်စိနှင့် အသက်ရှုလမ်းကြောင်း ထိခိုက် ယားယံစေသောကြောင့် ဖျော်စပ်ရာတွင် အထူးသတိပြုရန် လိုအပ်ပါသည်။
(က)ငရုပ်သီးဖျော်ရည်လိုအပ်သော ပစ္စည်းများ -ငရုပ်သီးမှည့် (၃၀) ကျပ်သား၊ ဆပ်ပြာ၂ ကျပ်သားနှင့် ရေ ၈ လီတာလုပ်ပုံ- ငရုပ်သီးမှည့် (၃၀) ကျပ်သားကို ပါးပါးလှီး၍ ရေ (၄) ပုလင်းဖြင့် ၁၅-၂၀ မိနစ် ကြာပြုတ်ပါ။ ဆပ်ပြာ ၂ ကျပ်သားကို ပါးပါး လှီးထည့်ပါ။ ၎င်းပြုတ်ရည်ထဲသို့ ရေ (၄) ပုလင်း ထည့်ပါ။ ထို့နောက် အအေးခံပြီး အရည်စစ်ပါ။ အသုံးပြုပုံှမှာ ငရုပ်သီးဖျော်ရည်ကို မိုးမရွာသော အချိန်တွင် တစ်ပတ် တစ်ကြိမ်၊ မိုးရွာသော အချိန်တွင် တစ်ပတ် ၂-၃ ကြိမ် ပက်ဖျန်း အသုံးပြုပါ။ ငရုပ်ပိုးနှိမ်ဆေးသည် ဟင်းသီး ဟင်းရွက်များတွင် ကျရောက်သော ပျပိုးများအတွက် အထူးအသုံးဝင်ပါသည်။အထူး သတိပြုရန် အာနိသင် ပြင်းလွန်းပါက အပင်ကို အဆိပ်သင့်စေနိုင်သဖြင့် စိုက်ကွက်ငယ် တွင်ရှေးဦးစွာ စမ်းသပ်ပြီးမှ သင့်လျော် သောဆေးနှုန်း ရယူရန် ဖြစ်သည်။
(ခ) ငရုပ်သီးနှင့်အရက်ဖျော်ရည်
လိုအပ်သော ပစ္စည်းများ - ငရုပ်သီး ၃.၅ ကျပ်သား၊ ကြံအရက် ၃ ပုလင်း (၃ လီတာ)၊ ရေ ၅ ဂါလံ
ပြုလုပ်ပုံ အဆင့်ဆင့်မှာ
ငရုပ်သီး ၃.၅ ကျပ်သားကို ကြံအရက် ၄ ပုလင်းနှင့်ရော၍ (၁၄) ရက်ကြာထားသိုပါ။ ထို့နောက် အရည်စစ်ချပါ။ အသုံးပြုပုံမှာ (၄) ဂါလံဆေးဖျန်းပုံး တစ်ပုံးစာ အတွက် စစ်ရည် (၁၀)ဇွန်းဖြစ်ပြီး တစ်ဂါလံအချိုးမှာ ၂ဇွန်းခွဲ ဖြစ်ပါသည်။ ခူကောင်များ၊ ပျပိုး၊ ဒက်ပိုး၊ အကြေးပိုး၊ ရွက်ဖြတ်ပိုး၊ ပဲသီးတောင့်ထိုးပိုးများ၊ စိန်ကွက်ဖလံများကို နှိမ်နင်းရန် အတွက် ဖြစ်သည်။ ခူကောင်၊ ဗောက်ဖတ်များကို၃ရက်ခန့် အကြာတွင်သေစေနိုင်သည်။
(ဂ) ငရုပ်သီးနှင့် ဂျင်း၊ ကြက်သွန်ဖြူ (သီးလုံးဖောက်ပိုး ကာကွယ်နှိမ်နင်းဆေး)ဖျော်ရည်
လိုအပ်သော ပစ္စည်းများ- ငရုပ်သီးစိမ်း အရင့် ၁.၅ ကျပ်သား၊ ဂျင်း ၁.၅ ကျပ်သား၊ ကြက်သွန်ဖြူ ၃ ကျပ်သား၊ ရေနံဆီ(၁-၂) ဇွန်း၊ ရေ ၃ လီတာ။
ပြုလုပ်ပုံအဆင့်ဆင့်မှာ
ကြက်သွန်ဖြူ (၃) ကျပ်သားကို ညက်အောင်ထောင်း၍ရေနံဆီ (၁)ဇွန်းနှင့် တစ်ည စိမ်ထားပါ။ ငရုပ်သီးစိမ်းရင့် တစ်ကျပ်ခွဲသားနှင့် ဂျင်းတစ်ကျပ်ခွဲသားကို ညက်အောင်ထောင်းထားပါ။ ထို့နောက် ရေ (၁)လီတာ ထဲတွင် ရွှေဝါဆပ်ပြာ ကွမ်းသီးလုံးခန့်ကို ရော၍ ဖျော်ပါ။ ကြက်သွန်ဖြူ နှင့်ရေနံဆီအရောကိုရေ (၁)လီတာနှင့် ရော၍ အရည်ကိုစစ်ယူပါ။ ထောင်းပြီးသား ငရုပ်သီးစိမ်းနှင့်ဂျင်းအရောကိုရေ (၁)လီတာ နှင့်ရော၍ အရည်ကိုစစ်ယူပါ။ ထို အရည်သုံးမျိုးကိုရောစပ်၍ ပိုးကျနေသော စိုက်ခင်းတွင် ပက်ဖျန်းနိုင်ပါသည်။ သီးလုံးဖောက်ပိုး၊ ထွာကောင်၊ ခူကောင်များ အတွက် အထူး သင့်တော်ပါသည်။
(၂) ပင်စိမ်း
ပူပိုင်းဇုံတွင် ပင်စိမ်း မျိုးပြား (၆၀) ခန့်ခွဲခြားသတ်မှတ်ထားသည်။ အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းမှာ အရွက်နှင့် ပင်စည် ဖြစ်သည်။ အာနိသင် ပိုးဟန့် တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေး၊ ခရုပက်ကျိနှိမ်ဆေး၊ ကြွက်နှိမ်ခြင်း၊ ပေါင်းနှိမ်ခြင်း။
နှိမ်နင်းနိုင်သည့်ပိုးမွှားများ- ဝါမျှင်စွန်းပိုး၊ သစ်သီးယင်၊ ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ၊ ပြောင်းပင်စည်ထိုးပိုး၊ ပြောင်းစေ့ထွင်းပိုး။
(က) ပင်စိမ်းရွက်ကြိတ်ရည်
လိုအပ်သော ပစ္စည်းများ - ပင်စိမ်းရွက် ၆ ကျပ်သား၊ ဆပ်ပြာရည် ၃-၄ စက်၊ ရေ ၁ လီတာ။
ပြုလုပ်ပုံ
- ပင်စိမ်းရွက် ၆ ကျပ်သားကို ရေ ၁ လီတာတွင် တစ်ညစိမ်၊ နောက်နေ့အရွက်များ စစ်ထောင်း၍ အရည် စစ်ယူပြီး ဆပ်ပြာရည် ၃-၄ စက်ခန့်ရောသမမွှေပါ။ ရွက်ထွင်းပိုးများ အတွက် ပင်စိမ်းရွက် ၁၂ ကျပ် သားကို ရေ ၁ ပုလင်းတွင် အထက်ပါနည်း အတိုင်း ဖျော်စပ်ပါ။ ပင်စိမ်းရွက် ကြိတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် သစ်သီးပင်များတွင် ကျရောက်သည့် ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌မေ့မျော အာနိသင်ရှိပြီး အကောင်ကြီးများပေါ်၌ ဟန့်တား အာနိသင်ရှိသည်။ ယင်းသည် ၉၀ ရာခိုင်နှုန်း ထိရောက်သည်။
(ခ) သစ်သီးယင်ထောင်ချောက်
လိုအပ်သောပစ္စည်းများ- ပင်စိမ်းရွက်၂.၅ ကျပ်သား၊ ရေ ၁၃ ဇွန်း (စတီးဇွန်း)၊ သံပုရာသီး၁ စိတ်၊ အုန်းမှုတ်ခွက်။
ပြုလုပ်ပုံမှာ
ပင်စိမ်းရွက်၂ ကျပ်ခွဲသားကိုကြေညက်အောင်ကြိတ်၍ ရေ ၁၃ ဇွန်းနှင့်ရောမွှေ၍ အုန်းမှုတ်ခွက် တွင်ထည့်ထားပါ။ အနွမ်း မမြန်စေရန် သံပုရာသီး တစ်စိတ် အရည်ညှစ် ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့် ရော၍ အုန်းမှုတ်ခွက်တွင် ထည့်၍ သစ်သီးပင်များတွင် ချိတ်ပါ။ သရက်ပင် တစ်ပင်လျှင် ထောင်ချောက် ၄ ခု နှုန်းချိတ်ပါ။
ကြွက်နှိမ်နင်းပုံ- ပင်စိမ်းရွက်ခြောက်မှုန့်ကို အစာနှင့် ရောကျွေးပါ။ ကြွက်ထီး မြုံသည်။
ပေါင်းနှိမ်နင်းပုံ- ပေါင်းများသောမြေနှင့် မြေရိုင်းများတွင် ပင်စိမ်းစိုက်ခြင်းဖြင့် ပေါင်းကာကွယ် နိုင်သည်။
(၃) ကြောင်ပန်းကြီး
ကြောင်ပန်းကြီးသည် အာရှ အရှေ့ပိုင်းဒေသ၊ မာဒါးဂါးစကားကျွန်း၊ အိန္ဒိယနိုင်ငံမှ ဂျပန်နိုင်ငံ အထိ ပေါက်ရောက် နိုင်သည်။ အပင်ထောင်မတ်၍ ကိုင်းဖြာသော အပင်ငယ်မျိုး ဖြစ်သည်။ အသုံးပြုနိုင်သော အစိတ်အပိုင်းမှာ အရွက် ဖြစ်ပြီး အာနိသင်မှာ ဥသေဆေး၊ ပိုးနှိမ်ဆေး၊ ထိသေဆေး၊ ဘက်တီးရီးယားပိုး ကာကွယ်ဆေးတို့ ဖြစ်သည်။ နှိမ်နင်းနိုင်သည့် ပိုးမွှားများမှာ ကြက်ဆူခူကောင်၊ ဖြတ်ပိုး၊ စိန်ကွက်ဖလံ၊ ခူမွှေးရှည်၊ စပါးပင်စည်ထိုးပိုး၊ ပဲစေ့ထွင်းပိုး၊ ဆန်စေ့ ထွင်းပိုး၊ ကြက်သန်း၊ နွားသန်း၊ ကြောင်သန်း။
လိုအပ်သော ပစ္စည်းများ - ကြောင်ပန်းရွက် ၁ ပိဿ ၂၀ ကျပ်သား၊ ရေ ၆.၅ လီတာ
ပြုလုပ်ပုံ အဆင့်ဆင့်မှာ
ကြောင်ပန်းရွက် ၁ပိဿ ၂၀ ကျပ်သားကို ရေ ၆ လီတာခွဲနှင့် တညစိမ်ပါ။ ၎င်းအရွက်များကို မိနစ် ၃၀ ကြာအောင် ပြုတ်၍ အရည်ကို စစ်ယူပါ။ ထိုအရည်ကို ရေ ၂ ဂါလံနှင့် ရောစပ် ပက်ဖျန်းပါ။ ပက်ဖျန်းခါနီးတွင် ဆပ်ပြာရည် ၁၇ စက် ထည့်ပါ။
မွေးမြူရေးခြံများ (ကြက်၊ နွား) ခြံများတွင် ခြံထောင့်များ၌ ကြောင်ပန်းရွက်ပုံထားပါက အရွက်နံ့သည် သန်းများကို နှင်ထုတ်နိုင်သည်။
(၄) မုယားကြီးရွက်
မုယားပင်သည် ခြုံငယ်မျိုး ဖြစ်သည်။ ကိုင်းဖြတ်နည်းဖြင့် လွယ်ကူစွာ မျိုးပွားနိုင်သည်။ မုယားကြီးရွက်၏ အရွက်ကို ပိုးသတ်ဆေး၊ မွှားသတ်ဆေး၊ ခံတွင်းပျက်ဆေး အဖြစ် အသုံးပြုနိုင်ပါသည်။ လူသားများအတွက်လဲ ဒဏ်ရာများ ပိုးမဝင်အောင် တားဆေး၊ ငှက်ဖျားကာကွယ်ဆေး၊ အဆစ်အမြစ် အရောင်ကုဆေး၊ တီဘီ အဆုတ်ရောဂါ၊ နာတာရှည် အဆုတ် လေပြွန်ရောဂါနှင့် အရေပြား ရောဂါများအတွက် အသုံးဝင်ပါသည်။
လိုအပ်သော ပစ္စည်းများ- လတ်ဆတ်သော မုယားကြီးရွက် ၆၀ ကျပ်သား၊ ဆပ်ပြာရည် ၅ ကျပ်သား၊ ရေ ၅ လီတာ။
ပြုလုပ်ပုံအဆင့်ဆင့်-
မုယားကြီးရွက် ၆၀ ကျပ်သားကို နုပ်နုပ်စင်း၊ ရေ ၅ လီတာဖြင့် တစ်ရက်စိမ်၍ အရည်ကို စစ်ယူပါ။ အပင်စွဲကပ်အား ကောင်းစေရန် ဆပ်ပြာရည် အနည်းငယ် ထပ်မံ ရောစပ်ပါ။ ဤဆေးကို ညနေပိုင်း နေအေးချိန်တွင် ပက်ဖျန်းပါ။
နှိမ်နင်းနိုင်သော ပိုးမွှားများမှာ လက်ဖက် အခေါက်အက်စေသော မွှားနီ၊ လက်ဖက် မွှားနီ၊ ပေါင်းမြက်များ၊ မှိုရောဂါများ။
(၅) ဘီးစပ်ပင်
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည့် ဘီးစပ်ပင်၊ ခွေးသေးပန်းပင်၊ ဇာမဏီပင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ ခြေချော်လဲ၍ ပွန်းပဲ့လျှင် ဘီးစပ်ရွက်ကို ခူးပြီး တံတွေးဆွတ်၊ လက်ဝါးနှစ်ဘက်ဖြင့် ကြေညက်အောင် ညှစ်ပြီး ပွန်းပဲ့သည့် နေရာကို အုံပေးလေ့ ရှိသည်။
လိုအပ်သော ပစ္စည်းများ- ဘီးစပ်ရွက် ၆၀ ကျပ်သား၊ ရေ ၅ လီတာ
ဖျော်စပ်ပုံမှာ
ဘီးစပ်ရွက် ၆၀ ကျပ်သားကို နုပ်နုပ်စင်းပြီး ရေ ၅ လီတာဖြင့် တစ်ရက်စိမ်၍ အရည်ကို ပိတ်ပါးစဖြင့် စစ်ယူပါ။ ဆပ်ပြာရည် (သို့) ဆပ်ပြာမှုန့် (သို့) ခေါင်းလျှော်ရည် တစ်ဇွန်း(ဟင်းစားဇွန်း) ထည့်ပါ။ တစ်ဧကစာအတွက် ရေ ၂၀ လီတာ ရောထည့်၍ ဖြန်းနိုင်ပါသည်။ တစ်ပါတ်တစ်ခါ ညနေဘက် အချိန်ဖြန်းပေးခြင်းဖြင့် အပင်ဖျက်ပိုးအားလုံးကို ကာကွယ်နိုင်သည်။
ကိုးကား- အစိမ်းရောင်လမ်း သင်ရိုး ညွှန်တမ်းစာအုပ်