တီလားပီးယား လယ်တစ်သီး၊ ငါးတစ်သီး မွေးမြူနည်းမှာ အရွယ်ရောက်လွယ်သဖြင့်မွေးမြူရေးကန် အထူးပြုလုပ်ရန်မလိုဘဲ လယ်တွင်စပါးစိုက်ပျိုးရင်း ငါးကို တစ်ဖက်က မွေးမြူခြင်းဖြစ်သည်။
တီလားပီးယားငါးမှာ အကောင်ပေါက်မြန်၊ အကြီးမြန်သောကြောင့် ဤငါးမျိုးကို ပိုမိုမွေးမြူသင့်ပေသည်။ လယ်စိုက်ရင်းမွေးမြူပြီးနောက် လယ်ရေခမ်းခြောက်ခါနီးအချိန်တွင် ဖမ်းဆီးနိုင်ပါသည်။
သာမန်အားဖြင့် တီလားပီးယားငါးမျိုးများကို အစာမကျွေးဘဲနေလျှင် ရပေသည်။ အစာကျွေးပါမူ ပိုမိုကြီးထွားမြန်ဆန်လာမည်မှာ အငြင်းပွားစရာမရှိပေ။ ရေကန်စွန်းပင်ရှိသော လယ်ကွက်တွင် ကန်စွန်းပင်များကို စားသောက်နိုင်ကြသည်။
တီလားပီးယားငါးကို ရေလွှမ်းခြင်းကင်းသော လယ်ကွက်များနှင့် လယ်တဲဘေး မြေကွက်လပ်ချိုင့်ဝှမ်းများတွင် မွေးမြူနိုင်ပါသည်။ ငါးများမထွက်စေရန် လယ်ကန်သင်းကို ဖို့ပေးရမည်ဖြစ်သည်။
ရေဝင်၊ ရေထွက်ကောင်းစေရန် ပြုပြင်ပေးပြီး ရေဝင်၊ ရေထွက်အပေါက်များ၌ သံဆန်ခါများ တပ်ဆင်ပေးရမည်။ (သို့မဟုတ်) ဝါးယင်းများဖြင့် ငါးမထွက်အောင်ပြုလုပ်ပေးရပါမည်။
လယ်ကွက်တွင် ငါးကောင်းစွာနေထိုင်နိုင်ရန် ကျင်းရှည်များ တူးဖော်ပေးရမည်။ ကျင်းရှည်များမှာ အနက်(၂)တောင်၊ အကျယ်(၆)တောင်၊ အလျားကိုမူ လယ်ကွင်းအလိုက် ကန်သင်းဘေးတွင် ကပ်၍ တူးဖော်ပေးထားရမည်။
ကျင်းတူးသဖြင့် ရရှိသော မြေစာများကို ပိုမိုခိုင်ခံ့သော လယ်ကန်သင်းရိုးများ ဖို့ပေးနိုင်ပါသည်။ လယ် (၁) ဧကတွင် (၁) လက်မမှ (၁) လက်မခွဲအရွယ် တီလားပီးယားငါးသားပေါက် ကောင်ရေ (၄၀၀၀ မှ ၅၀၀၀) အထိ၊ (၂) လက်မ မှ (၂) လက်မခွဲအရွယ် ငါးကောင်ရေ( ၃၀၀၀ မှ ၃၅၀၀)အထိ၊ (၃) လက်မ မှ (၃) လက်မခွဲအရွယ် ငါးကောင်ရေ (၁၅၀၀ မှ ၂၀၀၀)အထိ မွေးမြူနိုင်ပါသည်။
လယ်ကွက်တွင် ရေခမ်းပြီး ကျင်းများအတွင်း၌ ရေကျန်ရှိချိန်တွင် ငါးကြီးများကို ဖမ်းနိုင်ပါသည်။ တဖန် စပါးမှည့်၍ လယ်ကွက်များရေထုတ်ချိန်တွင် တစ်ကြိမ်ထပ်၍ ငါးကြီးများကို ဖမ်းယူရရှိနိုင်ပါပြီ။
လယ်များတွင် တင်ရှိနေသော ရေစပ်စပ်တွင် မွေးမြူခြင်းအားဖြင့် စပါးပင်ခြေတွင်ရှိသော ပေါင်းပင်များနှင့် လယ်ဖျက်ပိုးများကို တီလားပီးယားငါးများက စားသောက်ပစ်တတ်သောကြောင့် စပါးပင်များ ပိုမိုသန်စွမ်းလာနိုင်ပါသည်။
ငါးများစွန့်ပစ်သော မစင်များကြောင့် စပါးပင်များ ပိုမိုသန်စွမ်းနိုင်သဖြင့် "တီလားပီးယား လယ်တစ်သီး၊ ငါးတစ်သီး မွေးမြူနည်း" ကို မွေးမြူသင့်ပေသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref: ငါးလုပ်ငန်းဦးစီးဌာန။