ခရမ်းချဥ်အရွက် တွန့်လိပ်ခြင်းကို ဖြစ်ပေါ်စေသောအကြောင်းများ

11/07/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ခရမ်းချဥ်ပင်မှာ အရွက်တွေ တွန့်လိပ်လာခြင်းဟာ ယေဘုယျအားဖြင့်တော့ ရောဂါကျရောက်နေခြင်းရဲ့ လက္ခဏာတစ်ခုလို့ ယူဆနိုင်ပါတယ်။ သို့ပေမဲ့လည်း အရွက်တွန့်လိပ်လာခြင်းဟာ ရေလောင်းများခြင်း/နည်းခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အပူဒဏ်ခံရခြင်း စတာတွေကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ 

ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ခရမ်းချဥ်ပင်မှာ အရွက်တွေတွန့်လိမ်လာရတဲ့ အကြောင်းအရင်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ စောစောစိုက်ပျိုးခြင်း

အပူချိန်ကိုကောင်းစွာ ခံနိုင်ရည်မရှိသေးတဲ့ ခရမ်းချဉ်ပင်တွေနဲ့ ရာသီဥတု အေးလွန်းနေချိန်မှာ စောစောစိုက်ပျိုးထားတဲ့ ခရမ်းချဉ်ပင်တွေဟာ အရွက်တွေတွန့်လိပ်လာခြင်းကို ခံစားရနိုင်ချေပိုများပါတယ်။ ၎င်းတို့ဟာ အများအားဖြင့် အောက်ဘက်အရွက်တွေမှာ စတင်ဖြစ်ပွားလေ့ရှိပြီး အရွက်များဟာ အပေါ်ဘက်သို့ ကွေးကောက်ကာ အတွင်းဘက်သို့ ဝင်သွားတဲ့ပုံစံ တွေ့ရမှာဖြစ်ပါတယ်။ ထို့အပြင် အရွက်တွေဟာ ထူထဲလာပြီး ပုံမှန်အားဖြင့်တော့ စိမ်းလန်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ခရမ်းချဥ်စိုက်ပျိုးမယ်ဆိုရင် နေ့အပူချိန် ၂၁ မှ ၂၆ ဒီဂရီစင်တီဂရိတ်အတွင်းရှိမှသာ စိုက်ပျိုးရန်သင့်တော်ပါတယ်။

၂။ အပူဒဏ်၊ ရေငတ်ဒဏ်နဲ့ လေဒဏ် 

အလွန်ပူပြင်း ခြောက်သွေ့ပြီး လေထန်တဲ့ရာသီဥတုမှာဆိုရင်လည်း ခရမ်းချဉ်ပင်ရဲ့အရွက်တွေဟာ ၎င်းတို့ ရေဓာတ်ဆုံးရှုံးခြင်းကနေ ကာကွယ်ဖို့ရာအတွက် တဖြည်းဖြည်းတွန့်လိမ်လာပြီး အထက်သို့ ကွေးကောက်သွားတာမျိုးလည်း တွေ့ရတတ်ပါတယ်။

အကယ်လို့ ပူပြင်းတဲ့ ရာသီဥတုမှာ စိုက်ပျိုးထားတယ်ဆိုပါက ပြင်းထန်ပြီး ခြောက်သွေ့တဲ့ လေတိုက်ခတ်မှုကနေ ရှောင်ရှားနိုင်ဖို့ အကာအကွယ်ရှိတဲ့နေရာ သို့မဟုတ် အရိပ်ရတဲ့နေရာမျိုးတွေကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ရာသီဥတုပူပြင်းရင်တော့ ခရမ်းချဉ်ပင်တွေကို ရေကောင်းကောင်း လောင်းပေးဖို့ လိုပါတယ်။ ခရမ်းချဉ်ပင်တွေဟာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု (သို့မဟုတ်) ရေလောင်းခြင်းကနေ တစ်ပတ်လျှင် အနည်းဆုံး ရေ ၁ လက်မအနက်ရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ခရမ်းချဥ်ပင်ဟာ မြေအောက်ကို အမြစ်ခပ်နက်နက်ထိဆင်းနိုင်တာကြောင့် ရေလောင်းတဲ့အခါမှာလည်း ဖြည်းညှင်းစွာနဲ့ မြေသားထဲ ရေကောင်းစွာစိမ့်ဝင်နိုင်တဲ့အထိ လောင်းပေးသင့်ပါတယ်။ ထို့အပြင် အပင်ရဲ့ခြေရင်းပတ်ပတ်လည်မှာ ကောက်ရိုး၊ မြေဆွေး၊ သစ်ရွက်ခြောက် စတာတွေဖုံးအုပ်ထားပေးခြင်းဖြင့် မြေဆီလွှာမှာ အစိုဓာတ်ထိန်းပေးထားမှာ ဖြစ်ပါတယ်။

၃။ အာဟာရဓာတ် မညီမျှခြင်း 

နိုက်ထရိုဂျင်ဓာတ် များလွန်းတဲ့ ခရမ်းချဉ်ပင်တွေဟာ ပုံမှန်ထက်ကို အပင်အုံပိုထူထဲပြီး စိမ်းလန်းတဲ့ အရွက်တွေထွက်ရှိလာတတ်ကာ အပေါ်ဘက်သို့ ကောက်ကွေးလာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ နိုက်ထရိုဂျင်များလွန်းတဲ့အခါ အပင်ဟာ အသီးထွက်ရှိရမဲ့အစား အရွက်များသာ ပိုမို ထွက်ရှိနေမှာလည်း ဖြစ်ပါတယ်။ ထို့အပြင် ဖော့စဖောရပ်စ် နည်းတဲ့အခါမျိုးမှာလည်း အရွက်တွေကွေးကောက်တာမျိုး ဖြစ်စေတတ်ပါတယ်။ 

ခရမ်းချဉ်ပင်ဟာ အစာ စားသုံးမှုများတဲ့အပင်ဖြစ်ပေမဲ့လည်း အာဟာရမျှတအောင် ကျွေးပေးဖို့အထူးလိုအပ်ပါတယ်။ စတင်စိုက်ပျိုးကတည်းက အာဟာရပြည့်ဝတဲ့မြေမှာ စိုက်ပျိုးသင့်ပြီး ခရမ်းချဉ်ပင်တွေ ကြီးထွားတဲ့ ရာသီတစ်လျှောက်လုံးမှာ ၅-၁၀-၅ အချိုးဖြင့် အာဟာရမျှတတဲ့ NPK ဓာတ်မြေသြဇာကို အကြိမ်အနည်းငယ်စီအသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ အထက်မှာ မျှဝေထားတဲ့အတိုင်း နိုက်ထရိုဂျင်ပါဝင်မှု မြင့်မားတဲ့ မြေသြဇာများကိုတော့ ရှောင်ရှားသင့်ပါတယ်။ 

၄။ ပေါင်းသတ်ဆေးထိတွေ့ခြင်း 

ခရမ်းချဉ်ပင်တွေဟာ ပေါင်းသတ်ဆေးတွေကို ခံနိုင်ရည်မဲ့ပြီး ထိခိုက်ပျက်စီးလွယ်ပါတယ်။ ခရမ်းချဉ်အရွက်တွေ အောက်ဘက်သို့ တွန့်လိမ်ကောက်ကွေးနေတယ်ဆိုရင် ပေါင်းသတ်ဆေးများနဲ့ ထိတွေ့မိတာ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် စိုက်ခင်းအနီးဝန်းကျင်မှာ ဂလိုင်ဖိုစိတ် (glyphosate) သို့မဟုတ် 2.4-D၊ dicamba နဲ့ အခြားသော ဟိုမုန်းအမျိုးအစား ပေါင်းသတ်ဆေးများကို ဖြန်းတဲ့အခါမှာ သတိပြုလုပ်ဆောင်သင့်ပါတယ်။ ထို့အပြင် မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းဖို့နဲ့ ပေါင်းမြက်ကို ကာကွယ်ဖို့အတွက် အပင်ခြေရင်းမှာ မြေဖုံးပစ္စည်းပစ္စည်းတွေ မြေဆွေးတွေ ထည့်ပေးတဲ့ အခါမှာလည်းသတိပြုသင့်ပါတယ်။ ၎င်းပစ္စည်းတွေမှာလည်း ပေါင်းသတ်ဆေး အာနိသင်အကြွင်းအကျန်တွေ ပါဝင်နိုင်တာကြောင့် စိတ်ချယုံကြည်ရတဲ့ နေရာကနေပဲယူပြီး အသုံးပြုသင့်ပါတယ်။ 

၅။ ဗိုင်းရပ်စ်ရောဂါ 

အကယ်လို့ အရွက်တွေဟာ အဝါရောင်ပြောင်းပြီး တွန့်လိပ်လာမယ်၊ အပင်ကြီးထွားမှုရပ်တန့်သွားမယ်ဆိုရင်တော့ ၎င်းအခြေအနေဟာ ဗိုင်းရပ်စ်ရောဂါ ကျရောက်နေတာဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါ တစ်ခုချင်းစီမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုးရှိပြီး ကူးစက်ပျံ့နှံ့မှုနည်းလမ်းတွေဟာလည်း ကွဲပြားကြတာဖြစ်ပါတယ်။

ယေဘုယျအားဖြင့်ဆိုရရင် ခရမ်းချဥ်ပင်မှာ အရွက်တွေကို တွန့်လိပ်လာစေတဲ့ ဗိုင်းရပ်စ်ရောဂါ ၂ မျိုးကတော့ အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (Yellow leaf curl virus) နဲ့ မိုစိတ်ဗိုင်းရပ်စ် (tomato mosaic virus) တို့ပဲ ဖြစ်ပါတယ်။ 

အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (Yellow leaf curl virus) ရောဂါဟာ မြန်မာနိုင်ငံရဲ့ မိုးနှောင်းကာလ ခရမ်းချဥ်စိုက်ခင်းတွေမှာ  ဆိုးဆိုးရွားရွား ကျရောက်လေ့ရှိတဲ့ ရောဂါဖြစ်ပြီး ယင်ဖြူကြောင့် ကူးစက်ပျံ့ပွားတာ ဖြစ်ပါတယ်။ အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် ကျရောက်ခဲ့မယ်ဆိုရင်တော့ သီးနှံတစ်ပင်လုံးကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။ အရွက်သစ်တွေ ထွက်လာခဲ့ရင်လည်း အစိမ်းရောင် ခပ်ဖျော့ဖျော့ပြောင်းသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် အရွက်ရဲ့ဘေးနှုတ်ခမ်းသားတွေဟာလည်း အဝါရောင်ပြောင်းသွားပြီး အရွက်ရဲ့အောက်ပိုင်းကတော့ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ထို့ကြောင့် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် ရောဂါကျရောက်နေတဲ့ အပင်တွေကို မီးရှို့ဖျက်ဆီးပစ်တာ အကောင်းဆုံးဖြစ်ပြီး ပေါင်းမြက်ရှင်းခြင်းနဲ့ ယင်ဖြူကျရောက်မှု ရှိ မရှိတို့ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ 

မိုစိတ်ဗိုင်းရပ်စ် (tomato mosaic virus) ရောဂါကတော့ မျိုးစေ့၊ ကိုင်းကူးဆက်ခြင်း၊ လူရဲ့ ကိုင်တွယ်ခြင်းနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းများကနေတဆင့် ကူးစက်နိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာကတော့ အရွက်တွေ ကောက်ကွေးခြင်းအပြင် အစက်ပြောက်အစွန်းအထင်းများပါ တွေ့ရမှာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ အရွက်တွေဟာလည်း သေးငယ်ပြီး ရောဂါဝင်ထားအသီးတွေရဲ့အတွင်းမှာတော့ အညိုရောင်ရှိနေမှာဖြစ်ပါတယ်။ 

၆။ မွှားဖြူ/ မွှားပင့်ကူကျရောက်ခြင်း

မွှားဖြူ/ မွှားပင့်ကူတွေဟာ ခရမ်းချဉ်ပင်ရဲ့ အရွက်ငယ်များနဲ့ ပန်းပွင့်များပေါ်မှာ ကျက်စားပြီးတဲ့နောက် အပင်ထဲကို အဆိပ်ထိုးသွင်းခဲ့ပြီး ၎င်းကနေ အရွက်များ တွန့်လိပ်လာစေပြီး ပုံပျက်ပန်းပျက်ဖြင့် ပြင်းထန်စွာပျက်စီးစေတာ ဖြစ်ပါတယ်။ မွှားဖြူ မွှားပင့်ကူကဲ့သို့သော ပိုးတွေဟာ သာမန်မျက်စိဖြင့် မတွေ့နိုင်လောက်အောင် သေးငယ်တာလည်း ဖြစ်ပါတယ်။ အပင်မှာ ထိခိုက်ပျက်စီးခြင်း ဖြစ်မှသာလျှင် ၎င်းတို့တည်ရှိနေတာကို သတိပြုမိကြတာဖြစ်ပါတယ်။ 

ပိုးမွှားကျရောက်မှု ပြင်းထန်ပါက အရွက်ရဲ့ အောက်မျက်နှာပြင်နဲ့ အသီးတွေဟာ  ကြေးဝါရောင် သို့မဟုတ် နီညိုရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ 

အဖျက်ပိုး အသင့်အတင့်သာ ဝင်ရောက်တယ်ဆိုရင်တော့ ဆာလဖာကိုအခြေခံတဲ့ ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ အချို့သော ခရမ်းချဉ်မျိုးတွေကတော့ ဆာလဖာနဲ့ ကုသတာကို မခံနိုင်တာကြောင့် အညွှန်းကို ဂရုတစိုက် ဖတ်ရှုပြီးမှ အသုံးပြုသင့်ပါတယ်။ သဘာဝဆေးအနေနဲ့ အခြားရွေးချယ်စရာတွေကတော့ ဆီကိုအခြေခံတဲ့ ပိုးသတ်ဆေးများနဲ့ ဆပ်ပြာပိုးသတ်ဆေးများပဲ ဖြစ်ပါတယ်။ ထိခိုက်မှုအလွန်ပြင်းထန်ပါက အပင်ကို ဆွဲနှုတ်ပြီး စွန့်ပစ်ဖျက်ဆီးတာက အကောင်းဆုံးပါပဲ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်