အချို့သော ခရမ်းချဉ်မျိုးကွဲတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေ မြင့်မားတဲ့ ချယ်ရီသီးအရွယ် ခရမ်းရောင် ခရမ်းချဥ်သီးတွေကို ထုတ်ပေးနိုင်တဲ့ ‘Indigo Rose’ ကဲ့သို့ သဘာဝအတိုင်း ခရမ်းရောင်အရွက်တွေပါရှိနေတဲ့ မျိုးကွဲတွေ ရှိကြပါတယ်။ သို့ပေမဲ့ တခါတရံ ခရမ်းချဉ်ပင်မှာ အရွက်တွေခရမ်းရောင်ပြောင်းလာရခြင်းရဲ့ အကြောင်းအရင်းကတော့ မျိုးကြောင့်မဟုတ်ဘဲ ပိုတက်စီယမ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အရွက်လောင်ကျွမ်းခြင်းကဲ့သို့ အာဟာရပြဿနာများအပြင် ဗိုင်းရပ်စ်ရောဂါနဲ့ အဖျက်ပိုးမွှားများ ကျရောက်ခြင်းကြောင့်လည်း အဆိုပါပြဿနာကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ ခရမ်းချဥ်ပင်မှာ အရွက်တွေခရမ်းရောင်ပြောင်းလာခြင်းရဲ့ အကြောင်းအရင်းအချို့ကို လေ့လာရမှာ ဖြစ်ပါတယ်။
အရွက်တွေ ခရမ်းရောင်ပြောင်းလာစေတဲ့ အကြောင်းအရင်းတွေကို မပြောခင်မှာ မြေဆီလွှာရဲ့အပူချိန်နဲ့ ပတ်သက်လို့ မျှဝေပေးပါရစေ။ အပင်ကြီးထွားမှုအပေါ် မှာ မြေဆီလွှာရဲ့အပူချိန်ဟာ လွှမ်းမိုးမှုရှိတာဖြစ်ပါတယ်။ ပူနွေးနေတဲ့မြေဆီလွှာ (warm soil) မှာဆိုရင် အပင်ဟာ ရေနှင့် အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး သီးနှံပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်တာဖြစ်ပါတယ်။ အေးတဲ့မြေဆီလွှာ (cold soil) မှာတော့ ရေရဲ့စေးပျစ်မှု (viscosity) နည်းခြင်းကြောင့် အပင်ရဲ့ ရေစုပ်ယူမှုကို ဟန့်တားကာ အစာချက်လုပ်မှုဖြစ်စဉ်ကို နှေးကွေးစေနိုင်တာ ဖြစ်ပါတယ်။
ဒါဆိုရင် ခရမ်းချဥ်ပင်မှာ အရွက်တွေခရမ်းရောင်ပြောင်းလာခြင်းရဲ့ အကြောင်းအရင်းအချို့ကို လေ့လာကြည့်ရအောင်...
၁။ ပိုတက်စီယမ် ချို့တဲ့ခြင်းကြောင့်
ပိုတက်စီယမ်ဟာ အစာချက်လုပ်မှုကို အားပေးပြီး အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ခရမ်းချဉ် အပင်ငယ်တွေဆိုရင် ပူနွေးတဲ့မြေဆီလွှာ (warm soil) မှာ ပိုတက်စီယမ်ကို စုပ်ယူနိုင်သလောက် အေးတဲ့မြေဆီလွှာမှာတော့ အလွယ်တကူ မစုပ်ယူနိုင်ကြပါဘူး။ ဒါ့ကြောင့် အေးတဲ့မြေ (cold soil) မှာ စိုက်ပျိုးတဲ့အခါ အရွက်တွေဟာ ခရမ်းရောင် (သို့မဟုတ်) အဝါရောင် ပြောင်းသွားနိုင်တာ ဖြစ်ပါတယ်။ မြေဆီလွှာ ပူနွေးလာတာနဲ့အမျှ အရွက်တွေဟာ ၎င်းတို့ရဲ့ သဘာဝအတိုင်း ပြန်လည် စိမ်းလန်းလာနိုင်ပါတယ်။ သို့ပေမဲ့ အဆိုပါအခြေအနေမျိုး ကြုံတွေ့ရပြီးတဲ့အခါ စိုက်ပျိုးရာသီရဲ့ ကျန်ရှိတဲ့ကာလမှာ အပင်တွေ ပုညှက်နိုင်ပြီး အပွင့်ထွက်ရှိမှုနည်းကာ ရလဒ်အနေနဲ့ အသီးထွက်ရှိမှုလည်း နည်းပါးသွားမှာဖြစ်ပါတယ်။
ကုသနည်း
ပိုတက်စီယမ်ချို့တဲ့မှုကို ကုစားဖို့အတွက် ပိုတက်စီယမ် ပါဝင်မှုမြင့်မားတဲ့ မြေသြဇာတွေကို ကျွေးသင့်ပါတယ်။ အထူးသဖြင့် ပိုတက်စီယမ်ဆာလဖိတ်နဲ့ သကြားမုန်လာကနေ ရရှိနိုင်တဲ့ အော်ဂဲနစ်ပိုတက်စီယမ်အရင်းအမြစ်တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
၂။ ဖော့စဖောရပ်စ် ချို့တဲ့ခြင်းကြောင့်
ခရမ်းချဉ်ပင်တွေဟာ အေးမြပြီး စိုစွတ်တဲ့ မြေဆီလွှာမှာဆိုရင် ဖော့စဖောရပ်စ်ဓာတ်ကို စုပ်ယူနိုင်ဖို့ ခက်ခဲပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ခရမ်းချဉ်ပင်မှာ ပိုတက်စီယမ်ချို့တဲ့ တဲ့အခါ အရွက်တွေ ခရမ်းရောင် (သို့မဟုတ်) အဝါရောင် ပြောင်းလာတာဖြစ်ပေမဲ့ ဖော့စဖောရပ်စ်ချို့တဲ့မယ်ဆိုရင်တော့ အရွက်တွေဟာ ခရမ်းရောင် (သို့မဟုတ်) အစိမ်းရင့်ရောင်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဖော့စဖောရပ်စ်ဓာတ် ချို့တဲ့တဲ့အခါ ခရမ်းချဉ်ပင်တွေမှာ ကြီးထွားမှုရပ်တန့်သွားခြင်း၊ အရွက်ပေါ်မှာ အနာအစက်အပြောက်များ ဖြစ်ပေါ်လာခြင်းနဲ့ အရွက်ပြုတ်/ပြတ်ခြင်းတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကို အရွက်ရင့်တွေမှာ ပိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ပန်းပွင့်ခြင်းနဲ့ အသီးရင့်မှည့်မှုတို့ကိုလည်း နှောင့်နှေးစေနိုင်တာ ဖြစ်ပါတယ်။
ကုသနည်း
ဖော့စဖောရပ်စ်ချို့တဲ့တဲ့ အပင်တွေကို စူပါဖော့စဖိတ် (သို့မဟုတ်) အရိုးမှုန့်မြေသြဇာများ ထည့်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။
၃။ အလင်းရောင်ကြောင့် လောင်ကျွမ်းခြင်း
အချို့သော စိုက်ခင်းတွေမှာအသုံးပြုကြလေ့ရှိတဲ့ Grow Light (အပင်ကြီးထွားဖို့ တီထွင်ဖန်တီးထားတဲ့ အလင်းရောင်) နဲ့ ခရမ်းချဥ်မျိုးအပေါ် မူတည်ပြီး အရွက်တွေဟာ အနီရောင် (သို့မဟုတ်) ခရမ်းရောင်ပြောင်းသွားကာ ဖျော့တော့လာပြီး နေလောင်သွားတာမျိုး (သို့မဟုတ်) တွန့်လိမ်ပြီး ကြွပ်ရွလာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ ဒီပြဿနာဟာဆိုရင် ပျိုးပင်တွေ အလင်းရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တဲ့အခါမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။
ကုသနည်း
Grow Light (အပင်ကြီးထွားဖို့ တီထွင်ဖန်တီးထားတဲ့ အလင်းရောင်) အသုံးပြုတယ်ဆိုရင် အလင်းရောင်ကို သင့်တော်သလို ချိန်ညှိအသုံးပြုသင့်ပြီး လိုအပ်ပါက ပျိုးပင်များအတွက် အထူးပြုလုပ်ထားတဲ့ မြေသြဇာအရည်တွေကို အသုံးပြုနိုင်ပါတယ်။ မြေသြဇာအရည် ဖြန်းတဲ့အခါ အရွက်တွေလောင်နိုင်တာကြောင့် အလွန်အကျွံမဖြန်းမိစေဖို့တော့ သတိပြုသင့်ပါတယ်။
၄။ ဗိုင်းရပ်စ်ပိုးများ
အချို့သော ဗိုင်းရပ်စ်ပိုးတွေဟာ ခရမ်းချဉ်ရဲ့အရွက်တွေကို လိပ်သွားစေနိုင်တာဖြစ်ပါတယ်။ ယင်ဖြူ (Whiteflies) တွေဟာဆိုရင် ခရမ်းချဉ် အဝါရောင်ရွက်လိပ်ဗိုင်းရပ်စ်ပိုး (tomato yellow leaf curl virus) ကိုသယ်ဆောင်ပြီး အရွက်များကို ပြတ်သွားစေတာမျိုး (သို့မဟုတ်) အစိမ်းရောင်ခပ်ဖျော့ဖျော့ ဖြစ်လာတာမျိုး တွေ့ရတတ်ပါတယ်။ ဒါ့အပြင် အရွက်တွေရဲ့အောက်ဘက်မှာ အဝါရောင်ဘေးအနားသတ်ပါရှိတဲ့ ခရမ်းရောင်ရွက်ကြောတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၎င်းကြောင့် အပွင့်နဲ့ အသီးများ ထွက်ရှိနိုင်မှုကိုပါ ရပ်တန့်သွားစေနိုင်တာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ရွက်ထိပ်တွန့်ဗိုင်းရပ်စ်ရောဂါ (Curly Top Virus) ဟာ မုန်လာမျိုးရင်းဝင် အပင်တွေမှာကျရောက်တတ်တဲ့ Beet leafhopper ကြောင့် ကူးစက်ပျံ့နှံ့နိုင်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ အပင်တွေဟာ အဝါရောင်ပြောင်းသွားပြီး ကြီးထွားမှုရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ရောဂါကျရောက်တဲ့အခါ အပင်ရဲ့အပေါ်ပိုင်းမှာရှိတဲ့ အရွက်တွေဟာလိပ်လာပြီး ရွက်ကြောတစ်လျှောက်မှာ ခရမ်းရောင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရွက်နဲ့ ပင်စည်ဟာ တောင့်တင်းလာပြီး အသီးတွေဟာလည်း ပုံမှန်ထက်ကို စောစောရင့်မှည့်လာမှာ ဖြစ်ပါတယ်။
အခြားဖြစ်ပွားနိုင်တဲ့ ပြဿနာကတော့ လှေး (Thrips) ပိုးကနေတဆင့် သယ်ဆောင်ပျံ့နှံ့နိုင်တဲ့ necrotic spot tospoviruses ရောဂါနဲ့ ခရမ်းချဉ်အစက်အပြောက် ပင်ညှိုးရောဂါတွေပဲ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ရောဂါတွေဟာ အစပိုင်းမှာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တဲ့ စိုက်ခင်းကြီးတွေမှာသာ ဖြစ်ပွားတာဖြစ်ပေမဲ့ ယခုအခါမှာတော့ အချို့သော တနိုင်တပိုင် စိုက်ခင်းငယ်တွေမှာပါ ကျရောက်နေပြီဖြစ်ပါတယ်။ ရောဂါလက္ခဏာကတော့ အရွက်ပေါ်မှာ အညိုရင့်ရောင်ကနေ ခရမ်းရောင် အစက်အပြောက်တွေ ပေါ်လာတာတွေ့ရမှာဖြစ်ပြီး အဆိုပါအစက်ပြောက်တွေဟာ ပင်စည်ပေါ်ထိပျံ့နှံ့သွားနိုင်ပြီး နူနာ (canker) ပုံစံထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အရွက်တစ်ရှူးတွေဟာလည်း တောင့်တင်းလာမှာဖြစ်ပြီး အသီးပေါ်မှာ အဝါရောင်အကွက် သို့မဟုတ် အစက်အပြောက်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသီးတွေဟာလည်း သာမန်မဟုတ်ဘဲ ပုံပျက်လာနိုင်ပါတယ်။
ကုသနည်း
ရောဂါကျရောက်ပြီး ထိခိုက်မှုရှိနေတဲ့ ခရမ်းချဉ်ပင်တွေကို တွေ့ရှိတာနဲ့တပြိုင်နက် ဖယ်ရှားဖျက်ဆီး ရမှာဖြစ်ပါတယ်။ လှေးကဲ့သို့ အဖျက်ပိုးတွေကနေတဆင့် ရောဂါကူးစက်နိုင်တာကြောင့် ဆပ်ပြာ၊ ဆီနဲ့ ဆာလ်ဖာမှုန့် စတာတွေကို အသုံးပြုပြီး သဘာဝနည်းတွေနဲ့လည်း ကာကွယ်သင့်ပါတယ်။
၅။ အင်းဆက်ပိုးမွှား ကျရောက်ခြင်း
Garden springtail (Bourletiella hortensis) လို့ ခေါ်တဲ့ သေးငယ်တဲ့ အင်းဆက်တွေဟာလည်း ခရမ်းချဉ်သီး ပျိုးပင်တွေကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ Garden Springtails တွေဟာ အလွန်သေးငယ်ပြီး ခရမ်းရောင်ရင့်ရင့်ရှိကာ အဝါရောင်အစက်အပြောက်တွေ ပါရှိတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အတောင်ပံမရှိပေမဲ့လည်း ခွပုံစံရှိပြီး အမြီးကဲ့သို့ ပင်မကိုယ်ထည် အစိတ်အပိုင်းတွေကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ လေထဲပျံနိုင်အောင် ပြုလုပ်နိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မြေမျက်နှာပြင် အနီးမှာရှိနေတဲ့ အပင်ငယ်တွေရဲ့အရွက်မှာ အပေါက်ဖောက်ပြီး စားသောက်ကြတာ ဖြစ်ပါတယ်။
အဆိုပါပိုးကောင်တွေ ခရမ်းချဉ်ပင်တွေဆီကို ခေတ္တလာရောက်တဲ့ အခြေအနေမျိုးမှာတော့ ၎င်းတို့ကို ထိန်းချုပ်ရန်ကာကွယ်ဖို့ မလိုအပ်ပါဘူး။ စိုက်ခင်းကို မကြာမဏစစ်ဆေး ကြည့်ရှုသင့်ပြီး ထိခိုက်ပျက်စီးမဲ့အနေအထားရှိနိုင်တယ်ဆိုမှသာ ကာကွယ်နှိမ်နင်းသင့်ပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.thespruce.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။