အစိမ်းရောင်လမ်း ရဲ့အမေးအဖြေကဏ္ဍမှာ အညာဒေသ တောင်သူအများကိုယ်စား မေးခွန်းအရှည်ကြီးနဲ့
မေးလာတဲ့သူကတော့..... နွားထိုးကြီးက kyaw lwin.ဆိုတဲ့ တောင်သူမိတ်ဆွေတယောက်ဖြစ်ပါတယ်။
သူမေးထားတဲ့မေးခွန်းကို အရင်းအတိုင်းချပြရရင်..
"မိုးခေါင်ရေရှားဒေသတွေမှာ တွင်းရေနဲ့(မြေမပျက်စီးအောင်)စိုက်ပျိုးနည်းကိုသိချင်ပါတယ်။
စိုက်ပျိုးရေ စမ်းသပ်နည်း၊ အလေအလွင့်နည်းအောင် အသုံးပြုနည်း၊ ထိန်းသိမ်းနည်းနဲ့ တွင်းရေ/မြေမပျက်စီးအောင် ဘယ်လိုစိုက်ပျိုးရမလဲ?
အပူပိုင်းမိုးခေါင်ရေရှားဒေသနဲ့ သင့်တော်ပြီး အမြတ်ကျန်နိုင်တဲ့/စိုက်ပျိုးသင့်တဲ့သီးနှံနဲ့စိုက်ပျိုးနည်းစနစ်တွေကို သိချင်ပါတယ်ခင်ဗျ။
ဒို့ဦးလေး အပါအဝင် ပညာရှင်များဖြေကြားပေးပါခင်ဗျာ..
အများလိုအပ်နေလို့ပါ မိုးကိုမှီခိုပြီး လုပ်ကိုင်နေရတာ..သီးနှံအောင်မြင်ပြီး အကျိုးအမြတ်ရဖို့ မသေချာတာကြောင့်ပါ...
ဓာတ်ပုံကတော့ ရှိတာထည့်ပေးလိုက်ရတာပါ.."တဲ့ဗျာ။
ကျွန်တော်ကတော့ မေးခွန်းကို မဖြေခင်၊ ဖတ်ရုံနဲ့ပဲ အတော်လေး မောသွားပါတယ်။
မေးခွန်းထဲမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသ မိုးနည်းဧရိယာတွေရဲ့ တောင်သူတွေ တွေ့ကြုံနေရတဲ့ မြေ/ရေ/စိုက်စနစ်/မျိုး စတဲ့
အခက်အခဲတွေကို ခြုံငုံပြီး အားလုံးကိုယ်စား မေးခွန်းလေးနဲ့မေးသွားတာ ပညာသားပါလှပါတယ်။
ဒါကြောင့်လည်း စာဖတ်ပရိတ်သတ်အပါအဝင် တောင်သူမိတ်ဆွေအများသိအောင် ဆောင်းပါးတစ်ပုဒ်အဖြစ် ထုတ်နုတ် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
နွားထိုးကြီးမြို့က ကိုkyaw lwin.ရေ..
ဦးလေးလည်း အညာဒေသက တောင်သူ့ သားတစ်ဦးမို့ အညာတောင်သူတွေရဲ့ စိုက်ပျိုးရေ အခက်အခဲ တောင်သူလုပ်ငန်း အကျပ်အတည်းတွေကို သဘောပေါက်ပါတယ်ကွယ်။
မေးခွန်းရဲ့ ပထမအချက်က..
တွင်းရေနဲ့ ရေတင်စိုက်ပျိုးရာမှာ၊ မြေမပျက်အောင် ဘယ်လိုစိုက်ရမလဲ?
အထက်အညာဒေသမှမဟုတ်ပါဘူး၊ ဘယ်ဒေသမဆို မြေအောက်ရေကို စက်နဲ့စုပ်တင်ပြီး ရေသွင်းစိုက်ပျိုးရင် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ ပြောင်းလဲတတ်တာ သဘာဝပါပဲ။
မြေအောက်ရေထဲမှာ ပါဝင်လာတဲ့ ဆိုဒီယံကာဘွန်နိတ်တွေနဲ့အခြား သတ္တုဆားတွေ မြေမျက်နှာပြင်ပေါ်မှာ ကျန်ခဲ့ပြီး ထယ်ခဲတွေ ထွန်ရေးတွေ ခေါင်းဖွေး(အဖြူရောင်အပွေးတက်)လာပါတယ်။ မြေသားတွေလည်း ကြွပ်ဆပ်ပြီး မြေသားဖွဲ့စည်းပုံပျက်လာတတ်ပါတယ်။
မြေသားပျက်စီးမှုကတော့ ဒေသတစ်ခုနဲ့တစ်ခု အနည်းအများ၊ အနှေးအမြန်ကွာခြားနိုင်ပါတယ်။
ဘာလို့လဲဆိုတော့..ရေအရည်အသွေး ကွာခြားလို့ပါပဲ။
ဒါဆိုစိုက်ပျိုးရေရဲ့ အရည်အသွေးကို ဘယ်လိုစစ်ရမလဲ?
အခုခေတ်လို အရာရာဖွံ့ဖြိုးတိုးတက်နေတဲ့ အိုင်တီ ခေတ်မှာ ရေအရည်အသွေးကို တိုင်းတာဖို့ ဒစ်ဂျစ်တယ်ကိရိယာတွေပေါ်နေပါပြီ။
Water test kitလို့ခေါ်တဲ့ ရေအရည်အသွေးတိုင်းတဲ့ကိရိယာလေးပါ။
4 in 1 parameterလို့လည်းခေါ်ကြတယ်။
- pHရေရဲ့ အချဥ်အငန်ကိန်း
- TDS (total dissolved solids ) ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်သတ္တုppm
- EC(electrical conductivity) လျှပ်စစ်စီးကူးမှု
- Temperature အပူချိန်
အထူးသဖြင့် ငါးမွေးကန်တွေ၊ သောက်ရေသုံးရေ၊ မြေမဲ့စိုက်ပျိုးရေး၊ မြေအောက်ရေ လုပ်ငန်းတွေနဲ့ စားသောက်ကုန်လုပ်ငန်းတွေမှာ အသုံးတွင် ကျယ်ပါတယ်။
ဒီနည်းစနစ်က ဦးလေးတို့ အခြေခံ တောင်သူလယ်သမားတွေနဲ့ လက်လှမ်းမမီသေးဘူးပေါ့ကွယ်။(Us ဒေါ်လာ 40 လောက် ရှိတယ်)
ရိုးရာဒေသနည်းဖြင့် စစ်ဆေးလို့မရလား?
စိုက်ပျိုးရေ ကောင်းမကောင်း အလွယ်စစ်ဆေးဖို့ဆိုရင် ဆပ်ပြာ(ရွှေဝါဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ)နဲ့ လက်ဆေးကြည့်ရင် သိနိုင်ပါတယ်။
ဆပ်ပြာအမြှုပ်ထွက်ရင် ရေသွက် (Soft water)
စိုက်ပျိုးရေ၊ သုံးရေကောင်းတယ်ပေါ့။
ဆပ်ပြာအမြှုပ်မထွက်ရင်တော့ ရေစေး(Hard water)ပေါ့။
မြေအောက်ရေထဲမှာ ဓာတ်ဆားတွေ(ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ အိုင်းရွန်း၊ အလူမီနိယံ...စသည်)သတ္တုများပျော်ဝင်နေပါတယ်။
ဒီလိုရေမျိုးကို စိုက်ပျိုးရေးသုံးရင်၊ မြေဆီလွှာ ဖွဲ့စည်းပုံပျက်စေတယ်။ ကျွေးလိုက်တဲ့မြေသြဇာကို အပင်တွေက မစားနိုင်လို့ သီးနှံဖြစ်ထွန်းမှုနည်းပါလိမ့်မယ်။
ရေစေး(Hard water)ကို စိုက်ပျိုးရေးအတွက် မြေမပျက်အောင် ဘယ်လို ပြုပြင်ထိန်းသိမ်းရမလဲ?
မြေအောက် ရေထဲပါလာတဲ့ နိုက်ထရိတ်တွေ ကာဘွန်နိတ်တွေ အနည်ထိုင် ချိန်ရအောင် ယာယီရေလှောင်ကန်ပြုလုပ်ပါ။
(မိုးကာ တာလဗတ်စကို တိုင်၄တိုင် ချည်ပြီး ရေကန်ပြုလုပ်သိုလှောင်ထားပါ။ ရေလှောင်ကန်ထဲကတဆင့်စိုက်ခင်းကို အသုံးပြုနိုင်ပါတယ်။)
သိုလှောင်ကန်ထဲကို ဂျစ်ဆန်မှုန့်(ကယ်လစီယံ ဆာလဖိတ်)ထည့်ပေးသင့်ပါတယ်။
စိုက်ခင်းမြေပြင်ရာတွင်လည်း၊ သွင်းရေကြောင့် မြေမပျက်အောင် သဘာဝမြေသြဇာ၊ အီးအမ် ဘိုကာရှီ၊ များများထည့်ပါ။
ဂျစ်ဆန်ကျောက်မှုန့်ကို အခြားစိုက်ခင်းများထက် ၂ဆ ပိုထည့်ပေးပါ။
ယူရီးယား ၁၅ပတ်လည်ဓာတ်မြေသြဇာ များများသုံးလေ မြေပိုပျက်လေဖြစ်လို့ သဘာဝမြေသြဇာနဲ့ မဖြစ်အနေ တွဲဖက်အသုံးပြုပါ။
နောက် မေးခွန်းထဲက အချက်တစ်ချက်က
မိုးနည်းဒေသနဲ့ ကိုက်ညီမယ့် သီးနှံ အမျိုးအစားနဲ့ စိုက်ပျိုးနည်းစနစ်၊ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၃၀လောက်သာရရှိတဲ့ မိုးနည်းဒေသအတွက်၊ အပူကြိုက်သီးနှံ၊ ရေငတ်ခံသီးနှံကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
ဥပမာ..မိုးသီးနှံ >>>> စပါး စိုက်မယ်ဆိုရင် ရေနည်းနည်းနဲ့ အောင်နိုင်တဲ့ ..ယာစပါးမျိုး (ယာ-၂/ယာ-၄/၇၄၇/....) ရက်၁၀၀မျိုးတွေ စိုက်သင့်ပါတယ်။
စိုက်စနစ် အနေနဲ့လည်း..ပျိုးထောင်စိုက်ထက် ကုန်ကျစရိတ်လည်းသက်သာ အထွက်နှုန်းလည်းရနိုင်တဲ့ တိုက်ရိုက်အစေ့ချစနစ်(DSR)ကို အသုံးပြူပါ။
တိုက်ရိုက်အစေ့ချစနစ်ရဲ့အားနည်းချက်က ပေါင်းမနိုင်တဲ့ ပြသနာတစ်ခုရှိပါတယ်။ ပေါင်းအမျိုးအစားတွေများလာသလို၊ ပေါင်းသတ်ဆေးဒဏ်ခံနိုင်တဲ့ ပေါင်းမြက်တွေ များလာပါတယ်။
(ပေါင်းအုပ်ဆေး မဖြစ်မနေ အသုံးပြုပါ)
ယာသီးနှံ အနေဖြင့် . မိုးရာသီမှာ၊ မြေပြုပြင်ခြင်း၊ နွားချေးချခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း စတဲ့ .မြေပြင်လုပ်ငန်းကို အဓိကထားပါ
(အကုန်အကျနည်းပြီး၊ မြေသြဇာထိန်းနိုင်တဲ့ ပဲတစ်မျိုမျိုးစိုက်ပါ)
အဓိက သီးနှံအဖြစ် ဆောင်းသီးနှံကို အမိအရယူပါ။ (ကုလားပဲ၊ပဲတီစိမ်း၊မတ်ပဲ၊မြေပဲ၊ဆောင်းနှမ်း..)
မိုးနည်းဒေသ စိုက်ပျိုးသီးနှံအောင်မြင်ရေးရဲ့ အဓိက သော့ချက်က" ထွန်ရေး"ပါ။
ရှားရှားပါးပါး ရလာတဲ့ မိုးရေကို မြေဆီလွှာက ပြည့်ပြည့်ဝဝ စုပ်ယူထားနိုင်မှသာ ဆောင်းသီးနှံအတွက် လက်ကျန်အစိုဓာတ်(Residual.moisture)နဲ့ အထွက်နှုန်း ရနိုင်ပါတယ်။
ဦးလေး အမြင်နဲ့ အကောင်းဆုံး အကြံပေးချင်တာကတော့ မိုးလယ် စိုက်သီးနှံကို အပိုင်ရွေးပါ။(ငရုတ်/နှမ်း...)
ဥပမာ...ဆောင်းနှမ်း(နှမ်းကြီး)ဆို မိုးတွင်း အပင်ကြီး၊ ဆောင်းတွင်း.သီး..ဖြစ်လို့ အညာရာသီဥတုနဲ့ ကိုက်ညီပါတယ်။
အဓိက အချက်က မျိုး.နဲ့ စိုက်ချိန် ပါ။
မျိုး = စမုံနက်မျိုး၊ သိပ္ပံနှမ်းနက်၊... (ဆောင်းနှမ်း တမျိုးမျိုး)
စိုက်ချိန် =ဖျောက်ဆိတ် ကြယ်လွဲ၊ နှမ်းကြီးကြဲ..တဲ့
(ကြယ်လွဲမိုးရွာပြီးရင် ၊နှမ်းကြဲလို့ရပါပြီ)
ကြယ်လွဲမိုး။ ။ရှေးလူကြီးများ၊ဆိုစကားအရ,
သောက်၊ ရေ၊ အိုး၊ ကြယ်လွဲမိုး..ဟုဆိုပါတယ်။
အဓိပ္ပာယ်က
နေ့သင့်နံသင့်အရ> သောက်=သောကြာ=၆
ရေ = ဗုဒ္ဓဟူး = ၄
အိုး = တနင်္ဂနွေ = ၁
သင်္ကြန်ကျပြီး ရေတွက်သော် ၁၄၆ ရက်အကြာကြယ်လွဲမိုး ရွာပါသည်) မဎဒေဝ.ကျမ်းမှာတော့ ဒီလိုတွေ့ရ ပြန်သကွဲ့။
"အတာပြောင်းတက်နှောင်းတရက်မှ
စ၍တွက်ချိန် ပြက္ခဒိန်ဝယ်.
သုဒ္ဒိန်ပွားကြွယ် ရာ့လေးဆယ်လျင်(၁၄၀)
နံကယ်ခေါ်ထ ဝါခေါင်လ၌
လင်းစရောင်ဝါ အာရုံလာဝယ်.
ကြတ္တိကာဗွေထိပ် တည့်လာရိပ်၍
ဖျောက်ဆိပ်မွန်းမတ်မည်သတတ်...
ရာ့ငါးဆယ်လေး(၁၅၄)
မဝေးသင်္ချာ ဗဒုံကြာနှင့်
ရင်းမာကြိုင်သင်း တော်သလင်းဝယ်.
ကံဆင်းခေါ်မြဲ ဖျောက်ဆိပ်လွဲ၍.
နှမ်းကျဲ ကာလ ဟူကုန်ကြ၏ "တဲ့ ဆိုတော့..၇ရက်တစ်ပတ် ကွာခြားနိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ..စက်တင်ဘာလ(တော်သလင်းလ) မိုးကြီးရွာပြီးသည်နှင့် နှမ်းကြီးကြဲဖို့ အဆင်သင့်ပြင်ထား ဖို့လိုပါမယ်။
ကဲ ဒီလောက်ဆိုရင် နွားထိုးကြီးက ကိုkyaw lwinနဲ့တကွ ဒေသအသီးသီးက အစိမ်းရောင်လမ်းမိတ်ဆွေများ မေးခွန်းနဲ့ အဖြေအပေါ်
ကျေနပ်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်