ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)

24/07/2026 12:56 PM တွင် AMIA AMIA မှ ရေးသား

ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းဈေးကွက်တွင် ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းပြန်လည်တက်လာပြီး မုန်ညင်းမှာ ဈေးနှုန်းအကျဆင်းဆုံး ကုန်စိမ်းသီးနှံ ဖြစ်နေကြောင်း ကုန်စိမ်းပွဲရုံများထံမှ သိရသည်။

လက်ရှိတွင် မိုးကာလဖြစ်သည်နှင့်အညီ မိုးများခြင်းကြောင့် သီးနှံအထွက်မညီဘဲ ကုန်စိမ်းပွဲရုံများသို့ ပစ္စည်းဝင်ရောက်မှု မမှန်ခြင်း၊ ကုန်စိမ်းသီးနှံ ဝင်ရောက်မှုနည်းသွားပြီး ဝယ်လိုအားရှိနေပါက ဈေးနှုန်းမြင့်တက်လာပြီး ပစ္စည်းအဝင်များပါက ဈေးပြန်ကျလေ့ရှိကြောင်း သိရသည်။

ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွ ဈေးနှုန်းများသည် ယခုဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်းတွင် ဈေးတက်လာခြင်းဖြစ်ကြောင်းနှင့် မုန်ညင်းမှာမူ ယခုရက်ပိုင်းအတွင်း ဈေးထပ်မံကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဘိုစားပဲနှင့် ငရုတ်ပွသီးနှံတို့သည်လည်း ဈေးနှုန်းအနည်းငယ် ပြန်လည်တက်လာသည့် အခြေအနေရှိသော်လည်း ဈေးကောင်းရရှိမှု နည်းပါးနေသေးကြောင်း သိရသည်။

"မုန်ညင်းက အခြေအနေဆိုးတယ်။ ဈေးအတော်ကျနေတယ်။ ဒိုင်ပြန်ရောင်းဈေးမှ အများဆုံး ၈၀၀ ဆိုတော့ တောင်သူက ၂၀၀၊ ၃၀၀ အပြင် ပိုမရနိုင်ဘူး။ သယ်ယူစရိတ်နဲ့ အလုပ်သမားခနဲ့ဆိုရင် မကိုက်ဘူး။ ရွှေပဲလည်း အခုရက်အဝင်ပြန်များတယ်ဆိုပေမဲ့ ဈေးတော့မကျသေးဘူး။ ရွှေပဲကတော့ အခု ၁၀,၀၀၀ ကျော်ထိ ရှိလာတယ်။ ကျန်တဲ့ ဘိုစားပဲနဲ့ ငရုတ်ပွကလည်း ဇူလိုင် ပထမပတ်နဲ့ ယှဉ်ရင် တက်လာတဲ့သဘောရှိပေမဲ့ ဈေးက အများဆုံးမှ ၃,၀၀၀ ဆိုတော့ ဈေးရနည်းနေသေးတယ်" ဟု ရှမ်းတောင်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၂ ရက်နေ့ ရှမ်းတောင် အောင်ပန်းကုန်စည်ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ရွှေပဲရှယ်စဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ ရှိပြီး ရွှေပဲအလတ်စ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ရှိကြောင်း သိရသည်။

ဘိုစားပဲ အစိမ်းမျိုး တစ်ပိဿာလျှင် ကျပ် ၁,၂၀၀ မှ ၁,၅၀၀၊ ဘိုစားပဲ တိုင်ထောင်အပြားမျိုးသည် ကျပ် ၃,၀၀၀ ရှိပြီး ငရုတ်ပွရှယ်စက တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ နှင့် ငရုတ်ပွအလတ်စမှာ ကျပ် ၁,၈၀၀ ရှိကြောင်း၊ မုန်ညင်းမှာမူ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၈၀၀ သာ ရှိကြောင်း သိရသည်။

ဇူလိုင် ၁ ရက်နေ့တွင် ရှမ်းတောင် အောင်ပန်းကုန်စည်ဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဈေးတန်းများမှာ ရွှေပဲရှယ်စဈေးမှာ တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ ရှိပြီး ရွှေပဲအလတ်စ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ သာ ရှိခဲ့ကြောင်း သိရသည်။

ဘိုစားပဲ အစိမ်းမျိုး တစ်ပိဿာလျှင် ကျပ် ၈၀၀၊ ဘိုစားပဲ တိုင်ထောင်အပြားမျိုးသည် ကျပ် ၉,၀၀၀ ရှိပြီး ငရုတ်ပွရှယ်စက တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ နှင့် ငရုတ်ပွအလတ်စမှာ ကျပ် ၁,၂၀၀ ရှိကြောင်း၊ မုန်ညင်းမှာမူ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ မှ ၁,၃၀၀ ရှိခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ မေလက ရွှေပဲက ၁၄,၀၀၀ ကနေ ၁၅,၀၀၀ ကြားရှိတယ်။ ငရုတ်ပွဆိုလည်း ၂,၅၀၀ ကနေ ၃,၀၀၀ ကြားရှိတယ်။ ဘိုစားပဲက ၄,၀၀၀ ကနေ ၅,၀၀၀ ရှိခဲ့တာဆိုတော့ ရွှေပဲတစ်ခုပဲ ဈေးမီသေးတယ်။ ဒါတောင် အလတ်စက နည်းသေးတယ်။ မုန်ညင်းကတော့ ကျနေတာ" ဟု အောင်ပန်းမှ ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဘိုစားပဲ၊ ရွှေပဲ၊ ငရုတ်ပွနှင့် မုန်ညင်း ကုန်စိမ်းသီးနှံများသည် အိမ်သုံးဟင်းလျာအဖြစ် စားသုံးမှုနည်းပြီး စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များတွင်သာ အဓိကအများဆုံး အသုံးပြုကြခြင်းဖြစ်သောကြောင့် ဝယ်လိုအား ပုံမှန်အနေအထားရှိသော်လည်း ပစ္စည်းအဝင်များပြီး ဝယ်လိုအားနည်းပါက ဈေးကွက်ကျဆင်းလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဘိုစားပဲ၊ ရွှေပဲ၊ ငရုတ်ပွ ကုန်စိမ်းသီးနှံများကို ရှမ်းပြည်နယ်တောင်ပိုင်း၌သာ အဓိက အများဆုံးစိုက်ပျိုးမှုရှိပြီး ကုန်စိမ်းသီးနှံဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ သယ်ယူရခက်ခဲခြင်း၊ သိမ်းဆည်းသည့်ရက် ကြာမြင့်ပါက ပျက်စီးမှုရှိကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်