ရေကိုစီမံခန့်ခွဲခြင်း (၁)

30/01/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေထဲ ရေဘယ်လိုစီး

ကျန်းမာတော်မူကြပါစေခင်ဗျာ

   မြေကြီးလက်တစ်ဆုပ်လောက်ယူလိုက်၊ သတ္တုမှုန်လို့ခေါ်တဲ့ ကျောက်ခဲလေးတွေကနေဖြစ်လာတဲ့ အမှုန်လေးတွေရယ်။ နောက် အော်ဂဲနစ်အမှုန်တွေဖြစ်တဲ့ အပင်အကြွင်းအကျန်တွေ (သစ်ရွက်ပုပ်လို၊ သစ်ကိုင်းဆွေးမှုန့်လို) နဲ့ သတ္တဝါအကြွင်းအကျန်တွေ (အရိုးမှုန့်) တွေ ပေါင်းစပ်နေတာကို ခံစားကြည့်လိုက်ပါ။ အမြင်မှာတော့ သူတို့တွေက တစ်ခုနဲ့တစ်ခု ထိကပ်နေကြပြီးတော့ မြေကြီးဆိုတာကြီးကို ဖြစ်လာတယ်ပေါ့။ တကယ်တမ်းကျတော့ သူတို့အမှုန်လေးတွေကြားထဲမှာ လေဟာနယ်အပေါက် သေးသေးလေးတွေရှိကိုရှိပါတယ်။ 

    ဖန်ခွက်ထဲတစ်ခွက်ယူပြီး မြေကြီးအခြောက်လေးကိုထည့်လိုက်။ ပြီးတော့ ရေထည့်ကြည့်ပါ။ ရေတွေက တစ်ဖြည်းဖြည်းနဲ့ အောက်ဖက်ကိုဆင်းသွားတာကို မြင်ရတာပေါ့။ အဲ့ဥပမာမှာ ခြောက်နေတုန်းက လေဟာနယ်အပေါက်လေးတွေဟာ လေနဲ့ပြည့်နေပြီးတော့ ရေလောင်းလိုက်တဲ့အခါမှာတော့ ရေတွေနဲ့ပြည့်သွားတာဖြစ်ပါတယ်။ အဲ့လိုအပေါက်လေးတွေဆိုတာ စိုက်ထားတဲ့အပင်တွေက လေနဲ့ရေကို ထောက်ပံ့ပေးနိုင်တဲ့အပြင် မြေကြီးထဲက သတ္တဝါလေးတွေအတွက် လေဝင်ရေဝင်ပေါက်တွေပဲဖြစ်ပါတယ်။

မြေကြီးကို စိုက်ပျိုးရေးဖက်ကနေကြည့်ပြီးတော့ အလွှာတွေခွဲကြည့်ရင်

(၁) ထွန်ယက်တဲ့အလွှာ။ ။ သူက တစ်ပေလောက်တော့ ထူပြီးတော့ အပေါ်ဆုံးက မြေသားအလွှာဖြစ်ပါတယ်။ အဲ့နေရာမှာ အော်ဂဲနစ်ပစ္စည်းတွေ ပေါကြွယ်ဝပြီးတော့ အမြစ်တွေ အသက်ရှင်နေထိုင်နိုင်ပါတယ်။ အဲ့မြေသားထုက ကောင်းတယ်ဆိုရင် အညိုကနေ အနက်ရောင်တွေရှိရပါတယ်။

(၂) အနက်ထွန်ယက်လွှာ။ ။ သူကကျတော့ ခုဏက အနက် (၁) ပေထက်ကျော်ပြီးတော့ ထွန်ယက်နေကြသေးတဲ့ အလွှာဖြစ်ပါတယ်။ ဒီအလွှာမှာတော့ မြေပေါ်က ထွန်ယက်တဲ့အလွှာလောက် အာဟာရပါဝင်မှုက သိပ်များမှာမဟုတ်ပါဘူး။ ပြီးတော့ ထွန်ရတာလည်း နည်းနည်းပိုခက်ပါတယ်။ ပိုမာပါတယ်။ အရောင်က လင်းတဲ့ဖက် ပိုရောက်သွားတယ်။ တစ်ချို့နေရာတွေမှာဆို အဝါရောင်လို အနီရောင်လို အကွက်တွေကိုပါ တွေ့ရတတ်ပါတယ်။

(၃) မြေတစ်ဝက် အလွှာ။         ။ ဒီအလွှာမှာတော့ အော်ဂဲနစ်ပစ္စည်းတွေလည်း မရှိသလို အမြစ်တွေကိုလည်း ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ စိုက်ထားတဲ့အပင်အမြစ်တွေကလည်း ဒီအလွှာအထိ မဆင်းပါဘူး။ တစ်ချို့ အပင်ကြီးတွေလောက်က အမြစ်တစ်ချို့လောက်ပဲ ရောက်တာဖြစ်ပါတယ်။

(၄) မိခင်ကျောက်သားအလွှာ။ ။ ကျောက်တုံးတွေရှိတဲ့အလွှာဖြစ်ပါတယ်။ 

အလွှာတွေအကြောင်းလည်း သိသွားပြီဆိုတော့ ရေတွေဘယ်လို ဆင်းသလဲကြည့်ရအောင်

    မြေသားတည်ဆောက်ပုံမှာပါဝင်နေတဲ့ မြေမှုန်တွေဆိုတာ စီထားလို့ရတဲ့ လေးထောင့်လေးတွေလို ပုံစံလေးတွေမဟုတ်ပါဘူး။ မိခင်ကျောက်သားကနေ ပဲ့ထွက်လာတဲ့ ပုံစံအတိအကျမရှိတဲ့ အမှုန်လေးတွေဖြစ်ပါတယ်။ အရိုးတွေကနေ ဆွေးကျလာတဲ့ အမှုန်လေးတွေပါမယ်။ အဲ့လိုအမှုန်လေးတွေကို တစ်ခုနဲ့တစ်ခု တူတူထည့်လိုက်တဲ့အခါ ကျောက်တုံးလေးတွေကို ထည့်လိုက်သလိုပဲ တစ်ခုနဲ့တစ်ခုကြားမှာ ဟနေတာတွေရှိပါတယ်။ အတုံးသေးသေးဆို နည်းနည်းပဲဟပြီးတော့ အတုံးကြီးကြီးတွေချည်းပဲဆို များများဟပါတယ်။ အဲ့လို အဟ လေးတွေက စိုက်ပျိုးရေးလုပ်ငန်းမှာ အရေးကြီးပါတယ်။ အဟတွေအကြောင်း နားလည်ပြီဆိုတော့ မြေမှုန်တွေအကြောင်းကို သွားကြတာပေါ့။ 

    နုန်းမြေမှုန့်၊ မြေစေးမှုန့်၊ ရွှံ့မှုန့်၊ သဲမှုန့် တွေဆိုတာ ဘယ်မြေကြီးမှာမဆို ပါပါတယ်။ ဘယ်အမှုန်တွေက သေးသလဲ ကြီးသလဲဆိုတော့  ကိုင်ကြည့်ရသမျှတော့ သဲမှုန်က အကြီးဆုံးပါပဲ။ မြန်မာစကားမှာ ‘ခဲလေသမျှ သဲရေကျ’ တို့လိုမျိုး၊ ‘သဲထဲ ရေသွန်’ ဆိုတာမျိုးကို တကယ့်ကိုသိပ္ပံနည်းအရကြည့်ရင်တော့ သဲမှုန်တွေ တစ်ခုနဲ့တစ်ခုကြားက လေဟာနယ်လေးတွေကကြီးတော့ ရေဆိုရင် လောင်းလိုက်တာနဲ့ အောက်ကိုမြန်မြန်ဆင်းသွားပါတယ်။ ရွှံ့မြေမှာ လောင်းကြည့်ရင်ကျတော့ သဲလောက်မမြန်တော့ဘူး အောက်ကိုတစ်ဖြည်းဖြည်းနဲ့ စီးကျသွားပါတယ်။ အဲ့လို ရေက ဘယ်လောက်မြန်မြန်ဖြတ်ပြီး စီးသလဲဆိုတာကို Infiltration rate ရေဖြတ်စီးဆင်းနှုန်း လို့ခေါ်ပါတယ်။ အဲ့ဒါကိုလည်း တိုင်းတာပါတယ်။ စိုက်ရေးမှာ အရေးကြီးတယ်ဆိုတာကိုတော့ ပြောဖို့မလိုတော့ဘူးလို့ ထင်ပါတယ်။ 

အဲ့လို ရေဖြတ်စီးဆင်းနှုန်းကို ဘယ်အရာတွေက ဆုံးဖြတ်ပေးနိုင်သလဲ 

(၁) မြေသား အနုအကြမ်း၊

ပါဝင်တဲ့ အမှုန်တစ်ခုချင်းစီက ကြမ်းလေလေ ကြီးလေလေ ရေစီးနိုင်တဲ့နှုန်းက မြန်လေလေဖြစ်ပါတယ်။ အရမ်းနုတယ် အမှုန်လေးတွေက သေးသေးလေးတွေဖြစ်လေလေ ရေဖြတ်စီးတဲ့နှုန်းက နှေးလေလေဖြစ်ပါတယ်။ 

(၂) မြေသား အစိုဓာတ်

ဘာပြောကောင်းမလဲ မြေကြီးထဲ စိုနေတယ်ဆို နှေးတာပေါ့၊ လုံးဝကြီးခြောက်နေတယ်ဆိုရင် အမှုန်လေးတွေတောင်ထ ရှဲကနဲ အသံထွက်ပြီး စီးတာမှ မြန်ချက်လေ။

(၃) မြေသားတည်ဆောက်ပုံ

သဲဆန်တဲ့မြေကိုလည်း အော်ဂဲနစ်မြေဆွေးတွေထည့်ပြီး တည်ဆောက်ပုံကို ပြင်လိုက်လို့ရတာပဲ။ ရေအရမ်းဝပ်တာကိုလည်း မြေထဲရောပြီး ပြင်လိုက်လို့ရတာပဲ။ အဲ့လို တည်ဆောက်ပုံတွေကွာသွားတာနဲ့အမျှ ရေဖြတ်စီးတဲ့ နှုန်းအရှိန်ကလည်း ကွဲသွားပါတယ်။

စိတ်ဓာတ်မကျပါနဲ့ ဘယ်အရာမဆို ပြင်လို့ရနိုင်ပါတယ်။ သဘာဝကြီးက လက်ဆောင်ပေးထားတာတွေကိုလည်း တန်ဖိုးထားရင်း ကောင်းကျိုးတွေများအောင် ဖန်တီးကြရအောင်ပါ။

ဒီတစ်ခေါက်တော့ နားကြစို့ရဲ့

ထွန်းဝင်းကျော်

http://www.fao.org/3/r4082e/r4082e03.htm

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်