ရောင်းလိုအားနဲ့ ကုန်ကျစရိတ်တွေအကြောင်း
အရင်တစ်ခေါက်က ဝယ်လိုအားအကြောင်းကို ပြောပြီးပြီဆိုတော့ ခုတစ်ခေါက်က ရောင်းလိုအား (Supply) အကြောင်းကို ထပ်ပြောကြတာပေါ့။ သေချာပါတယ် ရောင်းလိုအားကတော့ အပြည့်ရှိမယ်ဆိုတာတော့။ သူက ဘာကိုကိုယ်စားပြုတာလဲဆိုတော့ ဘယ်ဈေးမှာဆိုရင်တော့ ဘယ်လောက်ရောင်းချင်စိတ်ရှိတာ ဖော်ပြပါတယ်။ စိုက်ပျိုးထုတ်ကုန်တွေမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် ရောင်းလိုအားကတော့ ဈေးကြီးလေလေ၊ များများရောင်း ထွက်ချင်လေဖြစ်မှာပါပဲ။ အဲ့တော့ အားလုံးအတွက် တူတူပါပဲ။
ရောင်းချင်တဲ့သူဖက်ကလည်း ရောင်းလိုအားတွေက တက်နေပြီ၊ ဝယ်သူတွေဖက်ကလည်း ဝယ်လို အားတွေရှိ နေပြီ အဲ့လိုဆို ဘယ်ချိန်မှာ ရောင်းရမှာလဲဆိုတော့ ရောင်းသူနဲ့ ဝယ်တဲ့သူ တွေ့တဲ့အချိန်ကျရင် ရောင်းရတာပေါ့။ ပုံမှာဆက်ကြည့်ပါဦး။ မျဉ်း (၂) ကြောင်း ဆုံတဲ့နေရာမှာ စပြီးတော့ ရောင်းရပါတယ်။
အခြေအနေ (၃) မျိုးရှိပါတယ်။ အရောင်းအဝယ်တည့်တာက တစ်မျိုး၊ ဝယ်ချင်တာကများနေပြီး ရောင်းနိုင်တာက နည်းနေတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့အခြေအနေမှာဆိုရင် ဈေးကတက်ပြီ။ နောက်တစ်ချက်က ရောင်းချင်တာကများနေပြီး ဝယ်ချင်တာက နည်းနေတာမျိုးပေါ့။ ဒီအခြေအနေကျတော့ ဈေးက နည်းနည်းပဲရတော့မှာပါ။ အမြဲတမ်းဖြစ်တဲ့ သဘော (၃)ခုပါ။
ပုံ (၁)ကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွက်တိကျတဲ့နေရာကို ပြထားပေးပါတယ်။
ပုံ(၂) ကတေ့ာ ဈေးတက်သွားတဲ့အခါ ဖြစ်တတ်တဲ့ပုံစံကို ပြထားပေးပါတယ်။ ဈေးပဲတက်သွားတာနဲ့ တက်တဲ့ဈေးအပေါ်မှာ မူတည်ပြီးတော့ ဝယ်တဲ့အရေအတွက်က ပြောင်းလဲသွားပါတယ်။
ပုံ (၃) တကယ်လို့များ ဈေးကကျသွားတယ်ဆိုရင် ပုံလေးဆွဲကြည့်ထားပါတယ်။ ဝယ်တဲ့အရေအ တွက်က များလာမှာပေါ့။
ကဲ ရောင်းလိုအားနဲ့ ဝယ်လိုအားတွေအကြောင်းကို နားလည်ထားဖို့လိုပါတယ်နော်။ ဇယားတွေဆိုတာ နားလည်လွယ်အောင် ပြထားတာဖြစ်ပြီးတော့ လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ယှဉ်လိုက်ရင်တော့ ငါ့မှာ ရောင်းဖို့ စပါးတင်း (၁၀၀) ရှိတယ်ဆိုတာက ရောင်းလိုအား၊ ကိုကျော်ညွှန့်က စပါး (၅၀) ပဲ ဝယ်မယ်ဆိုတာက ဝယ်လိုအားဖြစ်ပါတယ်။ အဲ့တော့ စပါး (၁၀၀) လုံးဝယ်ဖို့ ကိုယ့်ဖက်က စပါးဈေးကို တင်းမာနေလို့မ ဖြစ်ဘူးဆိုတာကိုတော့ နားလည်ရမှာပေါ့။
ခု စိုက်ပျိုးရေးလောကမှာဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပန်းမာန် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း စတဲ့ အသင်းအဖွဲ့တွေပေါ်ပေါက်လာတယ်ဆိုတာက အလကားတော့မဟုတ်ပဲနဲ့ တစ်ခြားဖက်က ဝယ်လိုအားဘယ်လောက်ရှိတယ်။ ငါတို့အသင်းက ဘယ်လောက်အထိ ရောင်းလိုအား ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်တယ်ဆိုပြီးတော့ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
ကဲ စိုက်ပျိုးထုတ်ကုန်တွေကို ဘယ်လိုရောင်းချနေရတယ်ဆိုတာကို သိသွားရင် နောက်တစ်ခုအကြောင်းကို ဆက်ပြီးတော့ သွားကြပါမယ်။
Cost ကုန်ကျစရိတ်
လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် ကုန်ကျစရိတ်ကတော့ ရှိစမြဲပဲဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်ကိုလိုချင်ရင် ကုန် ပစ္စည်းတစ်ခုရဲ့ ပျှမ်းမျှ ကုန်ကျစရိတ်နဲ့ ထွက်လာတဲ့ ပစ္စည်းအရေအတွက်ကို မြှောက်လိုက်ရင် စုစုပေါင်းကုန်ကျစရိတ်ကို ရပါတယ်။
အစွန်းထွက်ကုန်ကျစရိတ် ဆိုတာကလည်း ရှိပါသေးတယ်။ စစချင်းက အခု (၁၀၀) ထွက်နေတာကို နောက်ထပ်တစ်ခု ထပ်ပြီး ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကုန်ကျစရိတ် တက်သွားမလဲဆိုတာကို တွက်ချက်တာပါ။
ပုံလေးကို တစ်ချက်ကြည့်လိုက်ပါဦး၊ ပျှမ်းမျှကုန်ကျစရိတ်နဲ့ အစွန်းထွက်ကုန်ကျစရိတ်ဆိုတာက မတူဘူး၊ ကွာတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ပုံမှာပြထားတာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုံစံနမူနာပဲဖြစ်ပါတယ်နော်။ ပုံမှန်ဈေးနဲ့ ပုံမှန်ရောင်းနေရတယ်လို့ သဘောထားလိုက်ရင်တော့ များများထုတ်နိုင်လေလေ ပျှမ်းမျှကုန်ကျစရိတ်ကနည်းလေလေပဲ။
စက်ရုံ (က) နဲ့ (ခ)မှာ ငှားခကတူတူပဲ (၂၀၀၀၀) ကျပ် ဖြစ်ပြီး စက်ရုံ (က) က အထည် ၁၀၀ ထွက်ပြီး စက်ရုံ (ခ) က အထည် (၂၀၀) ထွက်တယ်ဆိုရင် ကုန်ကျစရိတ်ကို တွက်ကြည့်ကြမယ်။ စက်ရုံ (က) အတွက် တစ်ထည်ကို (၂၀၀) ကျပ် ကျပြီးတော့ စက်ရုံ (ခ) အတွက်ဆိုရင်တော့ (၁၀၀) ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့တော့ များများထုတ်နိုင်လေလေ၊ ပျှမ်းမျှကုန်ကျစရိတ်က နည်းလေလေဖြစ်ပါတယ်။
အစွန်းထွက်ကုန်ကျစရိတ်ကတော့ သီအိုရီနည်းနည်းဆန်ပါတယ်။ ခုဏက စက်ရုံ (ခ)ကိုပဲ ငှားလိုက်ပြီ။ တစ်လလုံးကို အထည် (၂၀၀) ထုတ်နေပြီ။ ဒါပေမဲ့ (၂၀၁) ထည်လိုချင်တယ်ဆိုရင် (၁) ထည်အတွက်စက်ရုံက ကောင်မလေးကို ပေးချုပ်မလား။ စက်ရုံကြီးနောက်တစ်ခုငှားမလား။ အပ်ချုပ်စက်လေးတစ်လုံးထပ်ထည့်မလား ဆိုတာမျိုးတွေးလိုက်တဲ့အခါ ကုန်ကျစရိတ်က တက်နေပါပြီ။
စိုက်ပျိုးရေးနဲ့ ပြန်ချိတ်ပြီးတော့ တွေးကြည့်ပါ။ အဲ့တော့ ပုံလေးကိုကြည့်လိုက်ရင် နားလည်လောက်ပါပြီနော်။
ကဲ နောက်တစ်ပိုင်းမှာ အမြတ်အများဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့ဗျာ။
ထွန်းဝင်းကျော်