ဘက်စုံ နုံချာသူ များ ဘက် မှ အားပေးကူညီရပ်တည်သင့်သော စိုက်ပျိုးရေးပညာရှင် တစ်ဦး သည် အနည်းငယ် မျက်စိပွင့် ကာ အာဂျန်ဆူလတ်ရေး၍ ကိုတာ ဘာသာပြန်သော( ရေရှည်တည်တ့ံ့ ရန်အမျှော်အမြင်ဉာဏ် ) ဆိုသော စာအုပ် နှင့် ဆရာကြီး ဒေါက်တာဦးထွန်းလွင် ၏ (ဥတုရာသီ၊ လူကိုမှီ၏ ) ဆိုတဲ့ ဟောပြောချက်ကို နားထောင်လိုက်ရသော အခါ......
သူ၏ ခံယူချက်... လျှောက်လှမ်းရာလမ်းကြောင်း...လုပ်ဆောင်ချက် တို့ကို ပြန်လည် ဆန်းစစ် မိလေသည်..။
ထိုအခါ.....ထိုစကားလုံး များကိုရေးမိပါသည်..။
===============================================
ပညာရှင် ဆိုတာ ပညာရဲ့ အကျိုးတရား ကို အမှန်တကယ် အသုံးပြုနေရတဲ့ လူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ တွေကို တေ့တေ့ဆိုင်ဆိုင် အမှန်တကယ် ဖြေရှင်း ပေးနိုင်သူသည် ပညာရှင် အစစ် ဖြစ်တယ် လို့ ကျွန်မကတော့ခံယူပါတယ်..။
တက္ကသိုလ်တွေ ဆိုတာကလည်း ကျောင်းသားတွေကို အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်လာစေရန် သင်ကြားပေး တဲ့နေရာ တွေ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်..။
လစာကောင်းတဲ့အလုပ်တစ်ခု ရဘို့ ပညာသင်ကြား ကြတယ် အင်အားကြီးမားတဲ့အဖွဲအစည်း တွေ မှာ အလုပ်ရ လျှင် ဘဝ ပန်းတိုင်ပြီးမြောက်သလို..ခံယူတတ် တဲ့ပညာရှင်များလည်း ရှိနေမှာပါ..။
တကယ်တော့ ကျွန်မ တို့ ဟာ အောက်ခြေကလာတဲ့အသံ၊ အပယ်ခံတို့ရဲ့ အသံကိုနားမထောင်ခဲ့လျှင်..လျစ်လျူ ရှုခဲ့လျှင် ……သူတို့ ဘဝထဲကပြဿနာ တွေကို မကူညီခဲ့ဘူးဆိုရင်… …
သိအောင် သင်ပေးသော ပညာရေးစံနစ်သည် မသိအောင်လုပ်သော ပညာရေးစနစ် ဖြစ်နေမည်လား ရယ်လို့ သံသယ ဖြစ်စရာ ပဲလို့ ကျွန်မ တွေးနေမိပါတယ်။
၁၉၈၄ ခုနှစ် မှာ စိုက်ပျိုးရေးတက္ကသိုလ် က ဘွဲ့ရတယ် ဆိုရင်ပဲ ကျွန်မ ဟာ တောင်သူများ နဲ့ တသားတည်းမဟုတ်တောင် ရာနှုန်းများများ နေထိုင်ခွင့် နားလည်ခွင့်တွေ ရခဲ့ပါတယ်..။
ခေတ်စနစ်တွေဘယ်လိုပြောင်းပြောင်း ကျေးလက်နေပြည်သူများ ဟာ မြို့နေလူတန်းစားတို့ရဲ့ တစ်ဆင့်နိမ့် လူတန်းစားသဖွယ် ဆက်ဆံတာ ကို ခံစား နေရဆဲပါပဲ။အခွင့် အရေး မှန်လျှင် နောက်ကျမှသာ ရတတ်သော သဘာဝ မှာကျင့်သားရခဲ့တာ လည်းသူတို့ပါပဲ။
ဧည့်သည်လာတယ် ဆိုတာ နဲ့ အိမ်က ရှိ တဲ့ကြက်ကလေး ရိုက်သတ် ဘို့ ပြင်ဆင်နေ တတ်တာ..ကျေး လက်နေပြည်သူတို့ ရဲ့ စိတ်ထား အမှန်ပါ။
ကမ္ဘာ မှာဆိုရင်လည်း ကမ္ဘာ့လူဦးရေ ရဲ့ လေးပုံတစ်ပုံ ဟာ စက်မှု ထွန်းကားတဲ့မြောက် ခြမ်းမှာနေပါတယ်။ သူတို့ ဟာ ကမ္ဘာ့အစားအစာရဲ့ ၆၀ ရာခိုင်နှုန်း၊ သစ်တော ၈၅ရာခိုင်နှုန်း၊ စွမ်းအင် ၇၀ရာခိုင်နှုန်းကို သုံးစွဲကြပါတယ်..။
ဒုတိယကမ္ဘာစစ်ပြီးကတည်းက (ရှိသူနှင့်မရှိသူ) ကြားကွာဟချက် ဟာကြီးလာခဲ့ပါတယ်။ မာရှယ် စီမံကိန်း(Marshall Plan ) ကစတင်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံက အရင်းအနှီးတွေ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စီးဆင်းခဲ့ပါတယ်..။
လယ်ယာစိုက်ပျိုးရေး နဲ့ အသက်မွေးကြတဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းက လူတွေကတော့ လုံးဝ ဆင်းရဲကုန်ကြပါတယ်..။ ဲ့ Globalization စကားလုံးအသစ်သည် မြောက်ခြမ်းမှသည် တောင်ခြမ်းသို့ ဆိုးဝါးစွာ ဝင်ရောက် လာပါတယ်။
အမြတ်ရဘို့ ရင်းနှီးမြှုပ်နှံခြင်း မှတဆင့် စက်မှုထုတ်ကုန်တွေ… စစ်လက်နက်ပစ္စည်းတွေ ရောင်းကြပါတယ်..။ တောင်ဘက်ခြမ်း ကတော့စျေးပေါတဲ့ လုပ်အားခ နဲ့ သဘာဝ သယံဇာတ များပြန်လည် ပေးဆပ်ရပါတယ်..။
ကြောက်စရာကောင်းတဲ့ အတိုးကြီးပေးရတဲ့ တောင်သူလယ်သမား တွေဟာ မကိုက်တဲ့စျေးနှုန်းတွေ နဲ့ လယ်ယာ ထွက်ကုန်တွေကို ရောင်းချရပါတယ်..။
အရှုံးတွေအပြင် ဓလေ့ထုံးစံတွေ ဆုံးရှုံးရတယ်..။ ပတ်ဝန်းကျင် ယိုယွင်းတာတွေ..ဆင်းရဲတာတွေ ၊ငတ်မွတ်တာတွေ နေရာပြောင်းရွှေ့ရတာတွေ၊ မြို့ပြ နေ ဆင်းရဲသား တွေများလာတာတွေ ၊ဆင်းရဲချမ်းသာ ကွာဟမှုတွေဖြစ်လာရပါတယ်..။
မြောက် ခြမ်း နိုင်ငံတွေကျတော့ကော…ကောင်းလှပါသလားဆိုတော့ သူတို့လည်းကောင်းလှတာတော့မဟုတ်ပါ..။ လူတွေဟာ စားသုံးခြင်း ( Consummerism - အသစ်တစ်ခုပေါ်တာ နဲ့ တစ်ခု ပြောင်းလဲသုံးစွဲလိုခြင်း)တွေအပေါ်မှာ စွဲလန်းခုံမင် လာကြတယ်။ ရုပ်ဝတ္တု တိုးတက် လာသလို ရုပ်ဝတ္ထု တွေ ဆန်လာကြပါတယ်။
မူးယစ်ဆေးဝါးတွေ စွဲကြသလို ..။သဘာဝ ပတ်ဝန်းကျင် တွေလည်း ပျက်စီးလာကြပါတယ်။ အခြေခံ လူ့တန်ဘိုး များ ဆုံးရှုံးလာကြပါတယ်။ မြို့လူထုဟာ ရာဇဝတ်မှုတွေ ၊ အိမ်မဲ့ရာမဲ့တွေ၊ ဆင်းရဲခြင်းတွေတိုးတက်လာ တယ်။
အလုပ်ရှိသူတွေဟာ အလွန်အကျွံ အလုပ်လုပ်ရပါတယ်။ တစ်ဦး ချင်း မှာ ဘဝ အဓိပ္မါယ်ရှိခြင်း၊ ငြိမ်းအေးခြင်း စတဲ့ အသိတရားတွေ ပျောက်ဆုံး ကုန် ပါတယ်..။ (စာ၉၇-၉၈ ကိုတာ-ရေရှည် တည်တံ့ရန် အမျှော်အမြင်ဉာဏ်)
မြောက်ခြမ်းနိုင်ငံတွေ ဦးဆောင်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးအင်အားစုများသည် နိုင်ငံ တကာ ကော်ပိုရေးရှင်းများ၊ ကမ္ဘာ့ဘဏ် ၊နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နဲ့အတူ ၊လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းရောက်အောင် ပြုလုပ်ရုံမက ၊ဒေါသ နှင့်အမုန်းကို ပေါက်ဖွားစေပါသည် ။
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ မှာ ကမ္ဘာ့ဘဏ်မှာလုပ်ခဲ့ဘူးတဲ့ ဘောဂဗေဒ ပညာရှင် ဂျိုးဇက်စတစ်ဂလစ် သည် သူ၏ အင်တာဗျူးတစ်ခု မှာ အောက်ပါအတိုင်းဖြေဆိုခဲ့ပါတယ်..။
(Globalization နောက်ကွယ်က စီးပွားရေးပုံစံသည် လွတ်လပ်၍ အဆီးအတားမရှိသော စျေးကွက်များ အပေါ် အခြေခံခဲ့ပါတယ်။ ထိုပုံစံသည်မအောင်မြင်ပါ။ ထိုပုံစံသည် အမေရိကန် တွင်ယနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာ များကို ဖြစ်ပေါ်စေတဲ့ စဉ်းစားပုံ မျိုးလည်းဖြစ်တယ်)
(စာ-၁၁၂ ကိုတာ-ရေရှည် တည်တံ့ရန် အမျှော်အမြင်ဉာဏ်)
အဲလို အဆီးအတားမရှိသော စျေးကွက်များ ကြောင့် အပြိုင်အဆိုင် ကုန်ထုတ်လုပ်မ ှုတွေ ၊ အမြတ်ရရှိမှုက မောင်းနှင်တဲ့ လုပ်ငန်းတွေ ဝန်ဆောင် မှုတွေ ပေါ်ပေါက်လာတယ်..။
ဒါကြောင့်ပဲ ဖန်လုံအိမ်ဓာတ်ငွေ့ တွေဟာ ထိုသို့သော anthropogenic factor ကြောင့် တိုးတက်လာခဲ့တာ…Climate Change ရဲ့ ဒုတိယတရားခံသည် GDP လို့ ဆရာကြီးဒေါက်တာ ဦးထွန်းလွင်က ဆိုခဲ့တာဖြစ်ပါတယ်။
စီးပွားရေး တိုးတက်လာတာ ကို အကောင်းမမြင်ဘူးရယ်လို့ စောဒက တက်ချင်သူတွေလည်းရှိကြပါလိမ့်မယ်..။
သို့သော်… ကမ္ဘာ ကြီးကို အိမ်တစ်လုံးလိုစဉ်းစားကြမယ် ဆိုရင် အိမ်သားတွေ ပစ္စည်းဥစ္စာ ပေါများဝလင် အလျှံပယ် ဖြစ်ရေး ထက် အိမ် မပျက်စီးရေး ဘယ်ဟာသည်အရေးကြီးပါသနည်း ။
မိမိတို့ နေထိုင်ရာအိမ် ရေရှည်တည်တံ့ရေးသည် အားလုံးရဲ့အရေး ပင်မဟုတ်ပါလား။
ကမ္ဘာကိုပူနွေးလောင်ကျွမ်းစေမဲ့ ဖန်ချပ်တွေ အုပ်မိုးသူသည် ထိုအိမ်မှာ နေသူတွေပင် ဖြစ်တယ် ဆိုတာ ကတော့ အုပ်မိုးသူများသိဘို့လိုပါလိမ့်မယ်..။
ကျွန်မတို့ မြန်မာ နိုင်ငံသည်လည်း ၂၀၁၅ ဒီဇင်ဘာလမှာ ASEAN Economic Community –AEC သို့ဝင်ရောက်ကာ အဆီးအတားမရှိသော စျေးကွက်များ ကို ဖန်တီးကြရပေအုံးမည်..။
ကျွန်မသည် ဖန်ချပ်အုပ်မိုးသူထဲ မပါချင်ပါ…။ ကျွန်မ ကျက်စားရာပညာရပ် Agro-ecosystem ၏ မှားယွင်းမှုသည် GHG Gas ၁၄ရာခိုင်နှုန်းသာ ထွက်ရှိစေပါသည်။
သို့သော် ဖန်ချပ်အုပ်မိုးသူများ ရဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် တစ်ဘဝလုံးနဲ့အတူ ပေးဆပ် စတေးခံရမှာကတော့ ကျွန်မ ချစ်တဲ့တောင်သူများ ရဲ့ လယ်ယာစိုက်ပျိုးရေး ပဲဖြစ်ပါတယ်..။
မည်သို့ဆိုစေ… ကျွန်မရဲ့ ပညာရှင်ဘဝ ရပ်တည် မှုသည် ဖန်ချပ်အုပ်မိုးသူများ ဘက်မှ လုံးဝ မဖြစ်စေရပါ..။
မေတ္တာဖြင့်
သစ္စာအလင်း
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်