စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးတွေ အသက်တမျှအရေးပါနေတဲ့ နိုင်ငံ ၅ နိုင်ငံ (၂)

02/06/2023 17:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်သွားအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး တိုးတက်လာနိုင်တဲ့အပြင် ကမ္ဘာ့လူဦးရေ ၃၄၅ သန်းအထိ စားနပ်ရိက္ခာမဖူလုံမှု စံချိန်တင်နေတဲ့ ခုလိုကာလမှာ ၄၅ သန်းလောက်အထိ အစာငတ်မွတ်ခေါင်းပါးမှုကို လျော့ပါးလာစေမှာဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်တဲ့ “လယ်ယာကုန်ထုတ်လုပ်မှုစနစ်အတွင်းရှိ အမျိုးသမီးများ အခန်းကဏ္ဍ” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီအတွက် အမျိုးသမီးတွေ လယ်ယာမြေပိုင်ဆိုင်ခွင့် တိုးမြင့်ရရှိရေး၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ခွင့် တိုးမြှင့် ပေးရေးနဲ့ အမျိုးသမီးတွေ အလုပ်အကိုင်ရရှိမှုနဲ့ အခက်အခဲကျော်လွှားနိုင်မှု ပိုကောင်းလာအောင် လူမှုရေးရာ အကာအကွယ်မြှင့်တင်ပေးအပ်ရေးတို့ကို လုပ်ဆောင်ဖို့လိုအပ်တယ်လို့ FAO ရဲ့ အစီရင်ခံစာမှာ အကြံပြုထား ပါတယ်။

ဒါပေမဲ့ နိုင်ငံအများစုရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်နေရတဲ့ အမျိုးသမီးအများစုကတော့ အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးတွေရရှိဖို့ ကြိုးစားရုန်းကန်နေရတုန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ တချို့နိုင်ငံတွေဆိုရင် သူတို့ရဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အမျိုးသမီးတွေက အသက်တမျှအရေးပါတယ်လို့ဆိုရလောက်တဲ့အထိ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေရပေမဲ့ အခွင့်အရေးရရှိမှုမှာတော့ လျော့နည်းရရှိနေကြတုန်း ဖြစ်နေဆဲပါပဲ။

ဒီထဲကမှ နိုင်ငံနှစ်နိုင်ငံရဲ့အကြောင်းကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးပါပြီ။ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/women_role_in_Agriculture

အခု အပိုင်း(၂) မှာတော့ ကျန်တဲ့နိုင်ငံ ၃ နိုင်ငံရဲ့အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၃) ဂမ်ဘီယာ

စိုက်ပျိုးမွေးမြူရေးနယ်ပယ်ဆိုတာဟာ ဂမ်ဘီယာနိုင်ငံရဲ့စီးပွားရေးအတွက်တော့ အရေးအကြီးဆုံးကဏ္ဍ တစ်ခု ပါ။ ဂမ်ဘီယာနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာနေထိုင်သူတွေအများစုအတွက် စိုက်ပျိုးမွေးမြူရေးဟာ တစ်ခု တည်းသော ဝင်ငွေရပေါက်ရလမ်းတစ်ခုပါပဲ။

နိုင်ငံတစ်ဝန်းလုပ်သားစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးပဲလုပ်ကြတာဖြစ်ပြီး အဲ့ဒီထဲမှာမှ ၃၈ ရာခိုင်နှုန်း ကတော့ အမျိုးသမီးတွေပါတဲ့။ တိုင်းပြည်ရဲ့ရေသွင်းစပါးစိုက်ပျိုးရေးလုပ်ငန်းအများစုကို အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ကြရတာဖြစ်ပါတယ်။ လူမျိုးစုတွေ၊ ဒေသတွေအလိုက်တော့ ကွဲပြားမှုရှိပါတယ်။

ဘယ်လောက်ထိလဲဆို စပါးစိုက်ပျိုးထုတ်လုပ်တဲ့အလုပ်ဆိုတာ အမျိုးသမီးတွေလုပ်ရမယ့်အလုပ်လို့ကို သတ်မှတ်ထားတဲ့အထိပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက ဘယ်မျိုးကိုစိုက်ရမယ်၊ ဘယ်လိုပုံစံနဲ့ စိုက်ပျိုး ထိန်းသိမ်းရမယ်ဆိုတာကို ပိုနားလည်ကြလို့ပါတဲ့။ ဒါကြောင့်လည်း ‘ဆင်ကီရို့စ်’ လို့ ခေါ်တဲ့ ကျေးရွာအကြီးအကဲ တွေနဲ့ အဆင့်တူ အမျိုးသမီးဟာ စပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းအဝဝကို တာဝန်ယူကြရပါတယ်။

(၄) သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဟာ အရေးအပါဆုံးကဏ္ဍနယ်ပယ်တစ်ခုပါပဲ။ ဒီထဲမှာတော့ အမျိုး သမီးလုပ်သားစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းအထိ ပါဝင်လုပ်ဆောင်နေတာပါ။ ဘယ်နေရာတွေမှာလုပ်ရတာလဲဆို တော့ စပါးစိုက်ပျိုးတဲ့ရေလွှမ်းဧရိယာတွေနဲ့ ‘ချီနာစိုက်ပျိုးရေး’ လို့ခေါ်တဲ့ ရိုးရာဓလေ့နဲ့စိုက်ပျိုးတဲ့ ဟင်းသီးဟင်း ရွက်နဲ့ စပါး၊ ဂျုံလိုမျိုး အစေ့အဆံစိုက်ပျိုးရေးလုပ်ငန်းတွေမှာပါ။ ရိတ်သိမ်းချိန်လွန်နောက်ပိုင်းအစားအသောက် ထုတ်လုပ်ရေးပိုင်းတွေမှာလည်း အမျိုးသမီးအများစု ပါဝင်နေရတာပါပဲ။

ဒါပေမဲ့ သီရိလင်္ကာရိုးရာဓလေ့ထုံးတမ်းစဉ်လာစံနှုန်းတွေအရ တန်းတူအခွင့်အရေးရရှိမှုတွေမှာတော့ အမျိုးသမီး တွေ ရုန်းကန်ကြိုးစားနေရတုန်းပါပဲ။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားဖြစ်လာရခြင်းတွေကလည်း သီရိလင်္ကာစိုက်ပျိုးမွေးမြူရေးနယ်ပယ်အတွက် အခက်အခဲတွေဖြစ်စေပါတယ်။ ဒီအတွက် ကျေးလက်ဒေသက အမျိုးသားတွေဟာ မြို့ကြီးတွေတက်ပြီး လခစားအလုပ်လုပ်ကြသူတွေများလာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ မှာ အမျိုးသမီးတွေ ပိုမိုတာဝန်ယူလာကြရပါတယ်။

(၅) တူရကီ

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း တူရကီရဲ့စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးရဲ့အရေးပါမှုလျော့ကျလာပါတယ်။ ဒီ အတွက် အမျိုးသားအများစုဟာ စက်ရုံအလုပ်သမားတွေဖြစ်သွားကြတယ်။ တစ်ဖက်မှာကျတော့ ဒီအကျိုးဆက် ကြောင့် တိုင်းပြည်ရဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အမျိုးသမီးတွေက ပိုတာဝန်ယူလာရပါတယ်။ ရာခိုင်နှုန်းအား ဖြင့်ဆိုရင်တော့ အလုပ်လုပ်နိုင်သူအမျိုးသမီးဦးရေစုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းထိ ရှိတယ်။ အများစုကတော့ ကျေးလက်ဒေသနဲ့ ဆင်းရဲတဲ့ဒေသတွေမှာပါ။

FAO ရဲ့အဆိုအရတော့ ကမ္ဘာ့နိုင်ငံအများစုရဲ့စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာလုပ်ကိုင်နေရသူအမျိုးသမီးအများစု ဟာ တချို့ဆို လုပ်ခလစာတောင်မရကြဘူးလို့ဆိုပါတယ်။ အများစုဟာ တရားဝင်ဝန်ထမ်းတွေလည်း မဟုတ်ကြ လေတော့ လူမှုခံစားခွင့်တွေ၊ ပင်စင်တွေလည်း မရကြပါဘူးတဲ့။

အထက်ဖော်ပြခဲ့ပြီးပါ နိုင်ငံငါးနိုင်ငံအပါအဝင် ကမ္ဘာအနှံ့က သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ ကမ္ဘာ့ စားနပ်ရိက္ခာထုတ်လုပ်ရေးတွေမှာ မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ မျှတတဲ့ လုပ်ခလစာ မရတာ၊ ဘဝလုံခြုံမှုမရှိတာနဲ့ မျှတတဲ့အခြေအနေမရတာတွေ ကြုံနေကြရတုန်းပါပဲ။ 

အထက်မှာဆိုခဲ့ပြီးသလိုပဲ အမျိုးသမီးတွေကိုသာ တန်းတူအခွင့်အရေးတွေပေးကြည့်လိုက်ပါ။ ကမ္ဘာပေါ်က ငတ် မွတ်ခေါင်းပါးနေသူ အရေအတွက်တွေ လျော့ကျသွားပါလိမ့်မယ်။ ဒါနဲ့အတူ ဆင်းရဲမွဲတေမှုတွေ၊ ရာသီဥတု ဖောက်ပြန်ခြင်းကို ခံစားရခြင်းတွေလည်း လျော့ကျသွားဖို့ အဖြေတစ်ခုဖြစ်သွားနိုင်ပါလိမ့်မယ်။

Ref: https://www.globalcitizen.org/en/content/women-in-agriculture-around-the-world/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်