ကျန်းမာရေးနှင့်ညီညွတ်သော ဘဝများဆီသို့..

07/04/2023 14:45 PM တွင် Aye Aye Aye Aye မှ ရေးသား

'အာရောဂျံ ပရမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး’ တဲ့။

တကယ်တော့ ကျန်းမာရေးဆိုတာ လုံးဝအခြေခံကျတဲ့ လာဘ်လာဘကြီးလို့တောင် ဆိုလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်လိုလာဘ်တွေ ဘယ်လောက်ပဲရရ ကျန်းမာခြင်းဆိုတာသာမရှိရင် ဘာမှ စံစားခံစားနိုင်မှာမဟုတ်လို့ပါပဲ။

ဒီလိုအရေးပါလှတဲ့  ကျန်းမာရေးကြီး ကောင်းမွန်နေဖို့ဆိုရင် အစာလည်းဆေး..ဆေးလည်းအစာ ဆိုသလို သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေရရှိနိုင်ရေးဟာလည်း အရေး အပါဆုံးတွေထဲက တစ်ခုဖြစ်နေပါတယ်။

ဆိုတော့ ဒီလို သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဟာလည်း ကျန်းမာရေးလာဘ်လာဘကြီးအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦကြီးအဖြစ် တိုက်ရိုက်ပတ်သက်ဆက်နွှယ်လာပါတော့တယ်။

ကမ္ဘာ့ကျန်းမာရေးနေ့ဆိုတာ...

လူတိုင်းအတွက် ကျန်းမာရေးဆိုတာ အလွန်အရေးပါအရာရောက်လှတယ်ဆိုတာ အာရုံစိုက်မှု ရှိလာစေဖို့ဆိုပြီး ၁၉၄၈ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က  အခြေခံ ဖွဲ့စည်းပုံဥပဒေများကို ချမှတ်အတည်ပြုကာ ကမ္ဘာ့ကျန်းမာရေးနေ့ကို သတ်မှတ်ခဲ့တာပါ။

အတိအကျပြောရမယ်ဆိုရင်တော့ ‘ ယခုအချိန်ထိ ကပ်ရောဂါဆိုးများ တိုက်ဖျက်နိုင်မှုကို သတိတရ ရှိနေစေရန်၊ ပြည်သူပြည်သားများ ၏ ကျန်းမာရေးစိုးရိမ်ဖွယ်ရာများကို အလေးထားလာစေရန်၊ ကြုံတွေ့လာရသည့် ကျန်းမာရေးစိန်ခေါ်မှုများကို တာဝန်ယူဖြေရှင်းတတ်ရန်၊ အနာဂတ်လုပ်‌ဆောင် မည့် အစီအစဉ်များ ကြိုတင်ချမှတ်နိုင်ရန်’ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပါ။ ဒီလိုရည်ရွယ်ချက်တွေ ကြောင့်ပဲ နှစ်စဉ်ဧပြီလ ၇ ရက်နေ့တိုင်းမှာ ကမ္ဘာ့ကျန်းမာရေးနေ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (သို့) အခြားဆက်စပ်သော အဖွဲ့အစည်းများရဲ့ ဦးဆောင်မှုနဲ့ ကျင်းပကြတာဖြစ်ပါတယ်။

ဒီနေ့ ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်မှာ ကျရောက်တဲ့ ‘၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့ ‘ ဆောင်ပုဒ်အဖြစ်တော့ Health for All (အားလုံးအတွက် ကျန်းမာရေး) ဆိုပြီး သတ်မှတ်ထား ပါတယ်။

စိုက်ပျိုးရေးနည်းလမ်းကောင်းများ ကျင့်သုံးခြင်းဖြင့် ကျန်းမာရေးညီညွတ်စေခြင်း

ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးလို စိုက်ပျိုးရေးသွင်းအားစုတွေ အလွန်အကျွံသုံးစွဲမှုကြောင့် ရေဆိုး များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာပါတယ်။ ဒီကနေထွက်ပေါ်လာတဲ့ ထွက်ကုန်တွေကို စားသုံးသူတွေဟာလည်း ကျန်းမာရေးဆိုးကျိုးဆီ လှမ်းချီကုန်ကြပါတယ်။

တောင်သူဦးကြီးများကိုယ်တိုင်အနေနဲ့လည်း ဓာတုဆေးများ အသုံးပြုမယ်ဆိုရင် အညွှန်းအတိုင်း အကာအကွယ်များနဲ့ သေချာကိုင်တွယ်အသုံးမပြုဘူးဆိုရင် ကျန်းမာရေးအန္တရာယ်ရှိလာပါတယ်။ ဒါကြောင့် မပေါ့မဆကြဘဲ အလေးထားဂရုစိုက်လုပ်ဆောင်သင့်တာပါ။ အသုံးပြုပြီးတဲ့ ဆေးဘူး/အိတ်အခွံတွေကိုလည်း စနစ်တကျ လွှင့်ပစ်ရမှာဖြစ်ပါတယ်။

စားသုံးသူများကို ဘေးအန္တရာယ်ကင်းကင်းနဲ့ စားသုံးနိုင်စေဖို့အတွက်လည်း ရိတ်သိမ်း၊ ခူးဆွတ်ခါနီး အချိန်မှာ ဓာတုဆေးများအသုံးပြုမှုကို အတတ်နိုင်ဆုံးရှောင်ရှားခြင်း၊ ဈေးကွက်မပို့မီ ဆေးညွှန်း သတ်မှတ်ရက်အတိုင်း လိုက်နာအသုံးပြုခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ စိုက်ပျိုးသူရော၊ စာသုံးသူရောပါ ကျန်းမာ‌ရေးထိခိုက်မှုမရှိစေဘဲ အရည် အသွေးကောင်းသော၊ အာဟာရရှိသော အစားအစာများကို ထုတ်လုပ်တဲ့ အော်ဂဲနစ် စိုက်ပျိုး ရေးဈေးကွက်ဆိုတာကိုလည်း လုပ်ကိုင်လာကြပါတယ်။  အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာကတော့ စိုက်ပျိုးရာတွင်၊ ထုပ်ပိုးရာတွင်၊ ဖြန့်ဖြူးရာတွင်၊ စားသုံးရာတွင် ‌‌‌ဂေဟစနစ်နဲ့သက်ရှိတွေရဲ့ ကျန်းမာရေးကို ရေရှည်တည်တံ့အကျိုးပြုနိုင်ဖို့၊ တိုးတက်ကောင်းမွန်မှုရှိစေဖို့ ရည်ရွယ်တာဖြစ်ပါ တယ်။

အတတ်နိုင်ဆုံး စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)၊ အော်ဂဲနစ်စိုက်ပျိုးရေး နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် မိမိစိုက်ပျိုးမြေများကို ရေရှည်အသုံးပြုနိုင်မဲ့ အကျိုးကျေးဇူး ကိုလည်း ရစေနိုင်မှာဖြစ်ပါတယ်။ (ဥပမာ - မြေဖုံးပင်များစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေသြဇာပင်များ စိုက်ပျိုးခြင်း)

ဒါပေမဲ့ အော်ဂဲနစ်စိုက်ပျိုးရေးကြောင့် အထွက်နှုန်းလျော့ကျပြီး စားနပ်ရိက္ခာဖူလုံမှုလျော့ကျ သွားခြင်းမျိုး မဖြစ်စေဖို့တော့ လိုက်လျောညီထွေရှိတဲ့စိုက်နည်းစနစ်တွေကို ပိုလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်လိုမျိုးတွေ ရှိနေပါတယ်။

စားနပ်ရိက္ခာဖူလုံမှ လူသားတိုင်း ကျန်းမာမည်

လူသားတစ်ဦးချင်းစီတိုင်း ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာနှင့် အာဟာရဖူလုံမှုရှိပါက အားလုံးကျန်းမာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ သစ်တောများ အလွန်အကျွံခုတ်ထွင်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အားနည်းမှု၊ လေထု ရေထု ညစ်ညမ်းမှုများကြောင့် ရာသီဥတုဖောက်ပြန်လာမှုတွေက စားနပ်ရိက္ခာဖူလုံစွာ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းအပေါ် စိန်ခေါ်မှုများ ရှိလာပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ Climate Smart Agriculture (CSA) ဆိုသော နည်းပညာများ လိုအပ်လာပါတယ်။ CSA နည်းပညာဆိုတာကတော့ ပြောင်းလဲလာသော ရာသီဥတုဒဏ် ခံနေရသော စိုက်ပျိုးမြေများကို ထုတ်လုပ်နိုင်မှုနှင့် ခံနိုင်ရည်ရှိမှု တိုးလာစေသော စိုက်နည်းစနစ် များစုစည်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

ဥပမာ- ရေကို ထိထိရောက်ရောက်အသုံးပြုတဲ့ နည်းပညာကြောင့် မိုးရေမှီခိုပြီး စိုက်ပျိုးထုတ်လုပ်ရ တာကို လျော့နည်းစေနိုင်ပါတယ်။ စိုတစ်လှည့်၊ ခြောက်တစ်လှည့်ရေသွင်းစိုက်ခြင်းနည်းကို ကျင့်သုံးခြင်းဖြင့် မီသိန်းဓာတ်ငွေ့များ ထုတ်လုပ်မှုကို လျော့နည်းစေမှာဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းကို ကြံ့ကြံ့ခံနိုင်သော အပင်များ၊ ရိတ်သိမ်းချိန်လွန် နည်းလမ်းကောင်းများကတော့ အစားအစာလေလွင့်မှု လျော့နည်းစေမှာဖြစ်ပါတယ်။

ဒီလို ခေတ်မီနည်းလမ်းများကို အသုံးပြုပြီး ဖူလုံသော၊ ဘေးကင်းလုံခြုံသော အစားအစာများ ထုတ်လုပ်နိုင်ခြင်းကလည်း စိုက်ပျိုးရေးနယ်ပယ်ကနေ ကမ္ဘာ့ကျန်းမာရေးကို ပံ့ပိုးပေးရာရောက်စေ မှာ ဖြစ်ပါတယ်။

ဆိုတော့ ကျန်းမာရေးဟာ လူသားတိုင်းအတွက် အရေးအပါဆုံးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းဖို့ အတွက်ဆိုရင် ဂေဟစနစ်တွေမပျက်စီးဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေထုတ်လုပ်ဖို့ စတာတွေလုပ်ဖို့တာဝန်အရှိဆုံးကလည်း လူသားတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့လူသားအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့် နေထိုင်နိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်ရန်၊ ကပ်ဆိုး၊ ရောဂါဆိုးများမဖြစ်ပွားစေရန် အတူတကွ ပူးပေါင်းကာကွယ်တိုက်ဖျက်ကြဖို့ သန္နိဌာန်ချရင်းကြိုးစားကြဖို့တိုက်တွန်းရင်း ကမ္ဘာ့ ကျန်းမာရေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

https://www.organicwithoutboundaries.bio/2019/04/05/world-health-day/

https://myawady.net.mm/node/10034

https://www.un.org/technologybank/fr/node/1139

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်