ခွေးရူးပြန်ဘေး ကင်းစင်ဝေး .. အေးငြိမ်းကြပါစေ

28/09/2024 10:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်ဟာ ကမ္ဘာ့ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day) ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ဖော်ထုတ်ပေးခဲ့တဲ့ ပြင်သစ်လူမျိုး ဓာတုဗေဒနဲ့ အဏုဇီဝဗေဒပညာရှင်ကြီး လူးဝစ်ပါစ်ချာ (Louis Pasteur) ကွယ်လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးနေ့မှာ အစိမ်းရောင်လမ်း ပရိတ်သတ်များအတွက် ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်ပြီး သော့ချက်ကျတဲ့ အချက်အလက်တွေကို မျှဝေပေးလိုပါတယ်။ 

✅ ခွေးရူးပြန်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်း

ခွေးရူးပြန်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပါတယ်။ 

"ရာသီဥတုပူပြင်းလို့" ၊ "ခွေးရူးရာသီရောက်လို့" စသည်ဖြင့် လူပြောများတဲ့ အကြောင်းအရင်းတွေကို မေ့လိုက်ပါ။ ခွေးရူးပြန်‌ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ဘယ်လိုရာသီဥတု၊ ဘယ်လို အခြေအနေမှာမဆို ခွေးရူးပြန် ရောဂါ ခံစားရနိုင်တယ် ဆိုတဲ့အချက်ကို စွဲစွဲမြဲမြဲ မှတ်သားထားဖို့ လိုပါတယ်။ 

ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ခွေးရူးပြန်ရောဂါဟာ အချိန်အခါမရွေး ဖြစ်ပွားနေပါတယ်။ 

✅ ရောဂါဖြစ်ပွားနိုင်သော သတ္တဝါများ

ခွေးရူးပြန်ရောဂါဟာ လူအပါအဝင် နို့တိုက်သတ္တဝါ‌တွေမှာ ကူးစက်ဖြစ်ပွား နိုင်ပါတယ်။

နာမည်က ခွေးရူးပြန်ရောဂါလို့ ခေါ်ပေမယ့် ခွေးရူးပြန်‌ရောဂါဗိုင်းရပ်စ်ပိုးသာ ကူးစက်ခံရရင် လူအပါအဝင် နို့တိုက်သတ္တဝါအားလုံးမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ 

လူသားတွေမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုရဲ့ အများစု (၉၉ ရာခိုင်နှုန်း) ဟာ ခွေးရူးကိုက်ခံရရာကနေ ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် "ခွေးရူးပြန်ရောဂါ" လို့နာမည်တွင်နေတာပါ။ ဒါပေမယ့် လူသားတွေဆီ ရောဂါကူးစက်မလာရအောင် ခွေးတွေကိုသာမက အခြားနို့တိုက်သတ္တဝါတွေ (ဥပမာ ကြောင်) ကိုလည်း သတိထားကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ 

✅ အသက်အန္တရာယ်

ခွေးရူးပြန်ရောဂါဟာ အသက်ဆုံးရှုံးစေတဲ့ ရောဂါ ဖြစ်ပါတယ်။ 

ခွေးရူးပြန်ရောဂါဖြစ်ပွားရင် ကုသပြီး ပျောက်ကင်းအောင် လုပ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ခန္ဓာကိုယ်ထဲကို ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိလာပြီးနောက် ဦးနှောက်နဲ့ အာရုံကြောစနစ်ဆီရောက်ရှိပြီး၊ ရောဂါလက္ခဏာတွေပြသပြီဆိုရင် သေဆုံးရဖို့ ရာနှုန်းပြည့် သေချာသွားပါပြီ။ 

ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၅၉၀၀၀ ခန့်ဟာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးနေရပါတယ်။ အချိနိ ၉ မိနစ်တိုင်းမှာ ကမ္ဘာပေါ်က လူတစ်ယောက်နှုန်း ခွေးရူးပြန်ရောဂါနဲ့ သေဆုံးနေရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီကိန်းဂဏန်းဟာ လက်တွေ့မြေပြင်မှာ ခွေးရူးပြန်ရောဂါကြောင့် အမှန်တကယ် သေဆုံးနေရတဲ့ လူအရေအတွက်အောက် အများကြီး လျော့နည်းနေပါသေးတယ်။ 

ဒါကြောင့် ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ခြင်းကသာ အသက်ကို ကယ်တင်နိုင်ပါတယ်။ 

✅ ရောဂါပိုး ကူးစက်ပုံ

ခွေးရူးပြန်ရောဂါဖြစ်ပွားနေတဲ့ တိရစ္ဆာန်တွေရဲ့ သွားရည်ထဲမှာ ဗိုင်းရပ်စ်ပိုး ပါဝင်နေပါတယ်။ အဲဒီတိရစ္ဆာန်က လူ ဒါမှမဟုတ် အခြားတိရစ္ဆာန်ကို ကိုက်ရင်၊ အကိုက်ခံရသူရဲ့ ဒဏ်ရာထဲကို သွားရည်တွေ ရောက်သွားတာမို့၊ ဗိုင်းရပ်စ်ပိုးတွေပါ ပါသွားပါတယ်။ 

ဒဏ်ရာထဲကို ရောက်လာတဲ့ ဗိုင်းရပ်စ်တွေဟာ အာရုံကြောတွေဆီ ရောက်ရှိပြီး အဲဒီကနေတဆင့် ဦးနှောက်ကို ရောက်ရှိပြီး ပွားများပါတယ်။ 

အဲဒီနောက် သွားရည်ဂလင်း တွေဆီပါရောက်ပြီး သွားရည်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေ ပါလာပါတယ်။ 

ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဗိုင်းရပ်စ်ရောက်ရှိပြီး တိုက်ခိုက်ချိန်မှာ ရောဂါလက္ခဏာတွေ ပြသလာပါတော့တယ်။ 

ရောဂါပိုး ခန္ဓာကိုယ်ထဲကို ရောက်ရှိတဲ့ အချိန်ကနေပြီး ရောဂါလက္ခဏာ စပြတဲ့ အချိန်အထိ ကြားကာလကို ပိုးပျိုးချိန် လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ခွေးရူးပြန်ရောဂါရဲ့ ပိုးပျိုးချိန် ဟာ ၂-၃ လ။ လောက်ကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်ပဲ ကြာတာမျိုး၊ တစ်နှစ်လောက် ကြာတာမျိုးလည်း ရှိတတ်ပါတယ်။ 

သတိပြုရမှာက ရောဂါလက္ခဏာမပြခင် ရက်အတော်ကြာကြာကတည်းက သွားရည်ထဲမှာ ဗိုင်းရပ်စ်တွေ ပါလာနေနိုင်တယ် ဆိုတဲ့အချက်ပါ။ ခွေးကိုက်ခံရတဲ့အခါ၊ ကိုက်တဲ့ခွေးဟာ ခွေးရူးပြန်ရောဂါလက္ခဏာ မပေါ်သေးပေမယ့်၊ သူ့ရဲ့ သွားရည်ထဲမှာ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး ပါလာနိုင်တာကို မမေ့သင့်ပါဘူး။ 

ခွေးရူးပြန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ 

ခွေးရူးပြန်ရောဂါ ဖြစ်ပွားပြီဆိုရင် သေဖို့ ရာနှုန်းပြည့် သေချာတယ် ဆိုပေမယ့် အဲဒီလောက်ဆိုးဝါးတဲ့ ရောဂါကို ရာနှုန်းပြည့် ကာကွယ်တားဆီးနိုင်ပါတယ်။ နည်းမှန်လမ်းမှန် ဖြစ်ဖို့တော့ လိုပါတယ်။ 

☑️ ခွေးကိုက်မခံရခင် ကြိုတင်ကာကွယ်နည်း

  • မွေးမြူထားတဲ့ ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်တွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကြိုတင် ထိုးနှံပြီး ကာကွယ်ထားဖို့ ဖြစ်ပါတယ်။ ခွေး၊ ကြောင်တွေမှာ ရောဂါကင်းရင် လူတွေဆီ ကူးစက်လာဖို့ အခွင့်အလမ်း နည်းသွားပါတယ်။ လူတွေမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုရဲ့ ၉၉ ရာခိုင်နှုန်းဟာ ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်တာမို့၊ ခွေးတွေကိုသာ ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရင် လူသားတွေအတွက်ပါ ရောဂါဘေးကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တိရစ္ဆာန်တွေကို "တိရစ္ဆာန်သုံး ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ဆေး" ကြိုတင် ထိုးနှံကာကွယ်မယ်ဆိုရင်လည်း အရည်အသွေးမြင့်ကာကွယ်ဆေးဖြစ်ဖို့ လိုအပ်သလို ကျွမ်းကျင်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့သာ ဆောင်ရွက်သင့်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးနောက် ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ သွေးဖောက်ယူပြီး ပြန်လည်စစ်ဆေးတဲ့ နည်းပညာတွေ ပေါ်ပေါက်နေပြီမို့၊ ခွေး၊ ကြောင် မွေးမြူသူတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ပြီး၊ အဲဒီနည်းလမ်းတွေကို အသုံးပြု စစ်ဆေးထားသင့်ပါတယ်။ 

 

  •  မိမိဟာ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ချေများတဲ့ အလုပ်မျိုး လုပ်နေရတယ် (ဥပမာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ တိရစ္ဆာန်ဆေးကုခန်းလုပ်သားတွေ) ဆိုရင် "လူသုံး ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ဆေး (Pre-Exposure Prophylaxis - PrEP)" ကို ထိုးနှံထားဖို့ လိုအပ်ပါတယ်။ 

 

  • ကလေးငယ်တွေဟာ ခွေးကိုက်ခံရမှု ပိုမိုမြင့်မားသလို ခွေးရူးရောဂါကြောင့် သေဆုံးရမှုလည်း မြင့်မားပါတယ်။ အသက် ၄ နှစ် နဲ့ ၁၅ နှစ်ကြား ကလေးငယ်တွေဟာ ခွေးကိုက်ခံရမှု အမြင့်မားဆုံး ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူ အရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးရောဂါ ဖြစ်ပွားမှု အတွေ့ရများတဲ့ ဒေသတွေမှာ ကလေးငယ်တွေကို "လူသုံး ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ဆေး (Pre-Exposure Prophylaxis - PrEP)" ကြိုတင်ထိုးနှံထားဖို့ သက်ဆိုင်ရာ ဒေသက ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ 

 

  • ခွေးရူးရောဂါ ဖြစ်ပွားမှု မြင့်မားတဲ့ ဒေသတွေကို ခရီးသွားမယ်ဆိုရင်လည်း ကာကွယ်ဆေး ကြိုတင်ထိုးနှံသင့်ပါတယ်။ တချို့ကတော့ "ခွေးရူးရောဂါအဖြစ်များတဲ့ ဒေသက လူတွေကိုတော့ ကာကွယ်မပေး" ဘဲ၊ "အဲဒီဒေသကို သွားရောက်လည်ပတ်မယ့်သူတွေ ရောဂါအကူးမခံရအောင် ကာကွယ်ဆေးကြိုတင်ထိုးနှံသွားဖို့ တိုက်တွန်းတာ" ဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူက တိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ၊ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံသင့်ရင် ထိုးနှံထားကြဖို့ပါပဲ။  

 

  • ကလေးငယ်တွေကို ခွေးရူးရောဂါအကြောင်း၊ ခွေးကိုက်မခံရအောင် ကာကွယ်ရမယ့် နည်းလမ်း‌တွေအကြောင်း သင်ကြားပို့ချထားရပါမယ်။ ဒါမှသာ မတော်တဆ ခွေးကိုက်ခံရခြင်းကနေ ကာကွယ်နိုင်မှာပါ။ 

☑️ ခွေးကိုက်ခံရပြီးနောက် ကြိုတင်ကာကွယ်ခြင်း

  • ခွေးကိုက်ခံရပြီ ဆိုရင် အနာကို ချက်ချင်း ရေသန့်သန့်၊ ဆပ်ပြာတို့နဲ့ အချိန် ၁၅ မိနစ်ကြာအောင် ဆေးကြောသန့်စင်ရပါမယ်။ ဒဏ်ရာကို ဆေးကြောသန့်စင်ပြီးနောက် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးခန်းတို့နဲ့ ဆက်သွယ်ပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး (Post-Exposure Prophylaxis - PEP) ထိုးနှံဖို့ ဆောင်ရွက်ရပါမယ်။ (ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဒဏ်ရာအခြေအနေ သုံးသပ်မှု (Wound Risk Assessment) ပြုလုပ်ပြီး ကာကွယ်ဆေး ထိုးဖို့ လိုအပ်/မလိုအပ် ဆုံးဖြတ်ပေးပါလိမ့်မယ်။  ကာကွယ်ဆေးကို တတ်နိုင်သမျှ အစောဆုံး ထိုးနှံနိုင်ဖို့ လိုအပ်ပါတယ်။ မိမိကို ကိုက်တဲ့ခွေးဟာ ခွေးရူးပြန်ရောဂါလက္ခဏာ မပြပေမယ့် သူ့ရဲ့ သွားရည်ထဲမှာ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ် ပါနေနိုင်တာကြောင့်၊ ကာကွယ်ဆေးထိုးဖို့ မနှေးဖင့်သင့်ပါဘူး။ 
  • ကျွမ်းကျင်သူတွေက စစ်ဆေးပြီး လိုအပ်ရင် PEP ကာကွယ်ဆေးအပြင်၊ ရောဂါခုခံဓာတ် -အင်မြူနိုဂလိုဗြူလင်( immunoglobulin) ကိုပါ ထိုးနှံစေမှာ ဖြစ်ပါတယ်။ 
  • ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးဟာ အချိန်အတိုင်းအတာ တစ်ခု အကြာမှသာ ရောဂါလက္ခဏာပေါ်လာတတ်တာမို့၊ လတ်တလော ရောဂါလက္ခဏာ မပြပါဘူး။ ဒါကြောင့် လူအများစုက ဆေးမြီးတိုတွေက ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်တယ်လို့ အထင်မှားနေတတ်ပါတယ်။ ဒါဟာ လုံးဝ (လုံးဝ) မှားယွင်းပါတယ်။ ဆေးမြီးတိုတွေက ရောဂါကို မကာကွယ်နိုင်ပါဘူး။ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းကသာ အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ 
  • ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံထားတဲ့ ခွေး၊ ကြောင်လေးတွေက မိမိကို ကိုက်မိရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်သလား ဆိုတာ အမေးများတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ အဖြေကတော့ ကိုက်တဲ့ တိရစ္ဆာန်မှာ ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ၊ အကိုက်ခံရတဲ့သူဟာ ကျန်းမာရေးဌာန၊ ဆရာဝန်၊ ဆေးပေးခန်းတွေနဲ့ ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်သင့်ပါတယ်။တကယ်တော့ ခွေးအကိုက်ခံရသူ ကိုယ်တိုင် PrEP ကာကွယ်ဆေး ထိုးနှံထားတယ် ဆိုရင်တောက်မှ PEP ကာကွယ်ဆေးကို ထိုးနှံရပါတယ်။ 

✅ ခွေးရူးပြန်ရောဂါ မကင်းစင်သေးသမျှ 

ခွေးရူးရောဂါဟာ ကမ္ဘာပေါ်မှာ လူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာတဲ့ သက်တမ်းရှည် ရောဂါ တစ်ခုပါ။ ဒီရောဂါကို တိုက်ဖျက်ဖို့ အတော်ကို မလွယ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို စီးပွားရေးအင်အား နည်းပါးမှုကြောင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျရတဲ့အထဲ၊ စစ်မက်ထူပြောနေတဲ့အခြေအနေမှာ ခွေးရူးပြန်ရောဂါကင်းစင်ဖို့ ပိုပြီး မလွယ်ကူပါဘူး။ 

ဒါကြောင့် နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုဝင် တစ်ဦးဦး ခွေးရူးပြန်ရောဂါနဲ့ အသက်မဆုံးပါးရအောင် စောင့်ရှောက်ဖို့သာ တတ်နိုင်ကြပါလိမ့်မယ်။ အဲဒီလို စောင့်ရှောက်ဖြစ်ဖို့ ဆောင်းပါးပါ အချက်အလက်တွေက အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း တင်ပြလိုက်ရပါတယ်။ 

ကမ္ဘာ့ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day) ကစပြီး မြန်မာပြည်သူအပေါင်း ခွေးရူးပြန်ရောဂါဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းက ကင်းလွတ်ပြီး အေးငြိမ်းပျော်ရွှင်နိုင်ကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းလိုက်ရပါတယ်။ 

ခွေးရူးပြန်ဘေး ကင်းစင်ဝေး၊ အေးငြိမ်းကြပါစေ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်