ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အတွေးစ

03/03/2025 14:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး က နှစ်စဉ် မတ်လ ၃ ရက်နေ့ကို World Wildlife Day (ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့)  အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူက Wildlife နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ရ စာရေးသူတစ်ယောက်အနေနဲ့ World Wildlife Day အကြောင်း အနည်းဆုံး အကျဉ်းချုပ်တော့ဖြင့် နားလည်ထားဖို့ လိုအပ်တယ်လို့ ယူဆမိတာကြောင့် လေ့လာကြည့်မိပါတယ်။ လေ့လာကြည့်ရင်း ဖြစ်ပေါ်လာတဲ့ အတွေးစအချို့ကို မိတ်ဆွေများထံ ပြန်လည် မျှဝေလိုပါတယ်။ 

သမိုင်းကြောင်း

၁၉၇၃ ခုနှစ် မတ်လ ၃ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အခြေဆိုက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ကြီး (International Union for Conservation of Nature – IUCN) ရဲ့ အစည်းဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ CITES သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ CITES ဆိုတာကတော့ “မျိုးသုဉ်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (Convention on International Trade in Endangered Species of Wild F‌auna and Flora)” ဖြစ် ပါတယ်။ စာချုပ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်မျိုးစိတ်တွေ တရားမဝင်ကုန်သွယ်နေကြတာကို ကာကွယ်တားဆီးပေးခြင်းအားဖြင့် အဲဒီ မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါပဲ။ ကမ္ဘာ့နိုင်ငံတွေအကြားမှာ တောရိုင်းတိရစ္ဆာန်တွေ၊ အပင်တွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေကို ရောင်းဝယ်ဖောက်ကားကြခြင်းအားဖြင့် အဲဒီမျိုးစိတ်တွေရဲ့ ရှင်သန်မှုတွေကို ထိခိုက်လာနေတာပါ။ CITES စာချုပ်ဟာ အဲဒီလို ထိခိုက်မှုမရှိရအောင် တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်ပေါင်း ၃၅,၀၀၀ ကျော် နည်းလမ်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ သဘောတူကြခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ CITES ကို နိုင်ငံပေါင်း ၁၈၃ နိုင်ငံက သဘောတူညီပြီး ပါဝင်လက်မှတ်ရေးထိုးထားကြပါတယ်။ CITES ဟာ တောရိုင်းတိရစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေကို စောင့်ရှောက်ရေးအတွက် ဩဇာအကြီးများဆုံး ကမ္ဘာလုံးဆိုင်ရာထိန်းကျောင်းမှုတစ်ရပ် ဖြစ်နေဆဲပါ။ 

၂၀၂၃ ခုနှစ် မတ်လ ၃ ရက်ကနေ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ CITES စာချုပ် အဖွဲ့ဝင်များရဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေး (CoP16) မှာ “ကမ္ဘာကြီးအတွက် အင်မတန်အရေးပါတဲ့ CITES သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတဲ့ မတ်လ ၃ ရက်ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အဖြစ် သတ်မှတ်ဖို့ ထိုင်းနိုင်ငံက အဆိုပြုတင်ပြခဲ့ပြီး၊ CoP16 အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၆၈ ကြိမ်မြောက် အထွေထွေညီလာခံမှာ CoP16 အစည်းဝေးဆုံးဖြတ်ချက်ကို ဆက်လက်တင်ပြဆွေးနွေးခဲ့ကြပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် အထွေထွေညီလာခံအစည်းအဝေးမှာတော့ “မတ်လ ၃ ရက် ကို “World Wildlife Day” ဆိုတဲ့နာမည်နဲ့ နိုင်ငံတကာနေ့ တစ်နေ့အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ချက်အမှတ် ၆၈/၂၀၅ နဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဘာသာပြန်ဆိုချက်နဲ့ သက်ဆိုင်တဲ့နယ်ပယ်

World Wildlife Day ကို မြန်မာဘာသာပြန်ဆိုရာမှာ “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့” လို့ ဘာသာပြန်ဆိုကြတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီဘာသာပြန်ဆိုချက်ဟာ ပြည့်စုံမှုရှိရဲ့လားဆိုတာကလည်း မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ 

ဘာကြောင့်လဲဆိုရင် Wildlife ကို အဓိပ္ပာယ်ဖွင့်ရာမှာ တောရိုင်းတိရစ္ဆာန်တွေအပါအဝင် အပင်တွေပါ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ကင်းဘရစ်ချ်အဘိဓာန် (Cambridge Dictionary) က Wildlife ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ “animals and plants that grow independently of people, usually in natural conditions” လို့ ဖွင့်ဆိုထား ပါတယ်။ Wildlife ဆိုတာ လူတွေရဲ့ပါဝင်ပတ်သက်မှုမရှိဘဲ သဘာဝအခြေအနေမှာ ရှင်သန်ပေါက်ဖွားကြီးထွားနေ တဲ့ တိရစ္ဆာန်နဲ့ အပင်တွေဖြစ်တယ်လို့ ဆိုထားတာပါ။ 

ကုလသမဂ္ဂရဲ့World Wildlife Day ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ https://wildlifeday.org ကလည်း World Wildlife Day အကြောင်း ရှင်းလင်းဖော်ပြရာမှာ “United Nations World Wildlife Day (WWD) is celebrated every year on 3 March to celebrate wild animals and plants.” လို့ ဆိုထားပါတယ်။ ဒီမှာလည်း World Wildlife Day ဟာ တောရိုင်းတိရစ္ဆာန်တွေသာမက၊ သဘာဝအပင်တွေနဲ့ပါ သက်ဆိုင်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် World Wildlife Day ကို “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့” လို့ ဘာသာပြန်ဆိုပြီး ဆင်နွှဲတဲ့အခါ တောင်ရိုင်းတိရစ္ဆာန်တွေအပြင် သဘာဝအပင်တွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။  

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်က စတင်ပြဌာန်းခဲ့တဲ့ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ” က “တောရိုင်းတိရစ္ဆာန်ဆိုသည်မှာ နေရင်းဒေသအတွင်း သဘာဝအတိုင်း ပေါက်ဖွားကျက်စားလေ့ရှိသော သို့မဟုတ် နေရင်းဒေသမှ အခြားနေရာဒေသသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော တိရစ္ဆာန်၊ ငှက်၊ ပိုးမွှားနှင့် ရေနေသတ္တဝါ တို့ကိုဆိုသည်” လို့ အဓိပ္ပာယ်ဖွင့် ထားပါ တယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က အင်မတန်ရှင်းလင်းပြီး နားလည်ရလွယ်ကူပါတယ်။ ဒါပေမယ့် တောရိုင်းတိရစ္ဆာန် တွေကို ကာကွယ်စောင့်ရှောက်ရာမှာတော့ ဒီလောက်နဲ့တင် မလုံလောက်တော့ပါဘူး။ တောရိုင်းတိရစ္ဆာန်လို့ ပြောလိုက်ရင် အဓိပ္ပာယ်ဖွင့်ဆိုပြထားတဲ့ တိရစ္ဆာန်၊ ငှက်၊ ပိုးမွှားနဲ့ ရေနေသတ္တဝါ တွေတင်အပြင် “ယင်း တို့၏ အထီးမျိုးရည်၊ အမ မျိုးဥ၊ သန္ဓေသားလောင်း၊ ဥ၊ ပိုးလောင်း၊ တစ်သျှူး၊ အသားစ၊ သွေးရည်နှင့် အစိတ်အပိုင်းများလည်း ပါဝင်သည်” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ 

အဲဒီဥပဒေမှာပဲ “သဘာဝအပင် ဆိုသည်မှာ နေရင်းဒေသအတွင်း သဘာဝအတိုင်း ပေါက်ရောက်သော အပင်၊ ချုံ၊ နွယ်၊ ဝါး၊ ကြိမ်၊ သစ်ခွ၊ မှိုနှင့် ရေအောက်ရှိ အပင်တို့ကို ဆိုသည်။ ယင်းစကားရပ်တွင် ယင်းတို့၏ မျိုးစေ့၊ တစ်သျှူးနှင့် အစိတ်အပိုင်းများလည်းပါဝင်သည်” လို့ အဓိပ္ပာယ်ဖွင့်ပြထားပါတယ်။ 

ချုပ်ပြီးပြောရရင် World Wildlife Day ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ လို့ ဘာသာပြန်ထားတဲ့အပေါ် တောရိုင်းတိရစ္ဆာန်တွေကိုချည်း မြင်နေလို့မရဘဲ အဲဒီနေ့ရဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ သဘာဝအပင်များလည်း ပါ ဝင်တယ်ဆိုတာလေးကို သတိရမိဖို့ လိုအပ်ပါတယ်။ 

အချင်းချင်း အပြန်အလှန် ဆက်နွှယ်နေတဲ့ ကမ္ဘာ 

ဆက်တွေးကြည့်တဲ့အခါ သဘာဝအပင်မရှိရင် တောရိုင်းတိရစ္ဆာန်တွေ မရှိနိုင်သလို၊ တောရိုင်းတိရစ္ဆာန် တွေ မရှိရင်လည်း သဘာဝအပင်တွေ ရှင်သန်ကြီးထွားဖို့ မဖြစ်နိုင်ဘူးဆိုတာကို မြင်လာမိပါတယ်။ ဘာကြောင့်လဲ ဆိုရင် တောရိုင်းတိရစ္ဆာန်တွေ၊ သဘာဝအပင်တွေနဲ့ လူသားတွေအားလုံးဟာ ဂေဟစနစ်ကြီးအတွင်းမှာ အပြန်အလှန် မှီခိုအားထားနေကြရလို့ ဖြစ်ပါတယ်။ အလွယ်ကူဆုံး မြင်နိုင်တဲ့ ဥပမာလေးတစ်ခုကို တင်ပြကြည့်ပါရစေ။ 

လူသားတွေ ရေရှည်ရှင်သန်နေထိုင်ဖို့ သစ်တောတွေ မရှိမဖြစ် လိုအပ်ပါတယ်။ သစ်တောက လူသား တွေအတွက် အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာတွေ ပေးပါတယ်။ ကြည်လင်တဲ့ သောက်ရေကို သောက်နိုင်ဖို့ ရေသယံဇာတတွေကို သစ်တောတွေက ထိန်းသိမ်းပေးပါတယ်။ လူသားတွေ စက္ကန့်မလပ် ရှူရှိုက်နေတဲ့လေ (အောက်ဆီဂျင်) ရရှိနိုင်ဖို့နဲ့ လူသားတွေ စွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကို ဖယ်ရှားရှင်းလင်းပေးဖို့  သစ်ပင်၊ သစ်တောတွေ မရှိမဖြစ် လိုအပ်ပါတယ်။ (အပင်က လူကို ကူ ညီပေးတာပါ။)

သဘာဝသစ်တောတွေရှိရင် တောရိုင်းတိရစ္ဆာန်တွေ နေထိုင်ကျက်စားစရာ နေရာနဲ့ အစားအစာကို ရရှိစေပါတယ်။ (အပင်က တောရိုင်းတိရစ္ဆာန်ကို ကူညီပေးပြန်ပါတယ်။)

တချိန်တည်းမှာ တောရိုင်းတိရစ္ဆာန်တွေက သစ်ပင်၊ သစ်တောတွေ ရှင်သန်ဖို့ အထောက်အကူ ပြန်ပြု ပေးပါတယ်။ ဥပမာ ဆင်တွေ ဆိုပါတော့။ ဆင်တွေဟာ တောအုပ်ထဲက အပင်ငယ်တွေကို ဖျက်စီးပြီး စားသောက်ကြပါတယ်။ အပင်ကြီးတွေအကြားမှာ ပေါက်ရောက်နေတဲ့ အပင်ငယ်တွေကို ဖယ်ရှားပေးတာမို့ အပင်ကြီးတွေဟာ မြေဆီလွှာထဲက အာဟာရတွေကို ပိုပြီး လုံလုံလောက်လောက် ရရှိစေနိုင်ပါ တယ်။ ဒါကြောင့် အပင်တွေ ပိုမိုကြီးထွားနိုင်ဖို့ အထောက်အကူပြုပါတယ်။ အပင်ကြီးတွေရဲ့ အကိုင်းတွေကို ချိုးဖဲ့ဖျက်စီး စားသောက်ခြင်းအားဖြင့် သစ်တောအတွင်း နေရောင်ခြည်လိုအပ်တဲ့ အပင်ငယ် တွေကို လောင်းရိပ်မိခြင်းက ကာကွယ်ပေးပါတယ်။ ဆင်ရဲ့ စားကြွင်းစားကျန် အပင်အပိုင်းအစတွေကို အင်အားသေးငယ်တဲ့ အခြား သတ္တဝါအငယ်တွေ၊ အင်းဆက်ပိုးမွှားတွေက စားသောက်နိုင်ပါတယ်။ အပင်အကြွင်းအကျန်တွေနဲ့ ဆင်က စွန့်ထုတ်တဲ့ မစင်တွေဟာ မြေဆွေးအဖြစ် ပြောင်းလဲပြီး သစ်ပင်တွေအတွက် အာဟာရ ပြန်လည်ဖြစ်ပေါ်စေပါတယ်။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတဲ့ စကားအတိုင်း သဘာဝသစ်တောအတွင်းက အခြားသတ္တဝါတွေ ကျင်လည်ကျက်စားနိုင်ဖို့ လမ်းတွေ၊ စားကျက်တွေ ကိုလည်း ဆင်တွေက ဖော်ဆောင်ပေးပါတယ်။ ဆင်တွေရဲ့ မစင်ထဲကနေ ပြန်စွန့်ထုတ်တဲ့ အစေ့တွေ (အထူးသဖြင့် အပင်ပေါက်နှုန်းနည်းတဲ့ အခွံမာအစေ့တွေ) ဟာ ဆင်ရဲ့ အစာလမ်းကြောင်းကို ဖြတ် သန်းလိုက်ရတဲ့အတွက် အပင်ပေါက်နှုန်းကောင်းမွန်သွားစေပါတယ်။ ဆင်သွားတဲ့ နေရာအနှံ့  အစေ့ တွေ ရောက်ရှိနိုင်တာမို့ အပင်တွေ ဖြန့်ဝေစိုက်ပျိုးပြီးသား ဖြစ်စေပါတယ်။ (တောရိုင်းတိရစ္ဆာန်က အပင်တွေအတွက် အကျိုးပြုတာ ဖြစ်ပါတယ်။) 

ဒါကြောင့် တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေဟာ လူသားတွေအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ပြီးဖြစ်စေ အကျိုးပြုနေတာသေချာပါတယ်။ 

ဒီနေရာမှာ အမေရိကန်နိုင်ငံက စွန့်ဦးတီထွန်လုပ်ငန်းရှင်လည်းဖြစ်၊ စာရေးဆရာမတစ်ဦးလည်းဖြစ်သလို Acumen ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့အစည်းကို တည်ထောင်သူ CEO လည်းဖြစ်ပြန်တဲ့ Jacqueline Novogratz  ရဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ သူက “We are connected to each other not only as human, but to every living thing on the planet.” လို့ ဆိုပါတယ်။ “ကျွန်မတို့ဟာ လူသားတွေအဖြစ်နဲ့ တစ်ဦး နဲ့ တစ်ဦး ဆက်နွှယ်နေကြရုံသာမဟုတ်ပါဘူး။ ဒီကမ္ဘာမြေပေါ်က ရှိရှိသမျှသက်ရှိတွေအားလုံးနဲ့လည်း ဆက်နွှယ်နေ ကြတာပါ” တဲ့။ Jacqueline ပြောတဲ့ ကမ္ဘာမြေပေါ်က ရှိရှိသမျှသက်ရှိတွေအားလုံး ဆိုတာကိုတော့ ဇီဝမျိုးစုံမျိုးကွဲ (bio-diversity) ဆိုတဲ့ စကားနဲ့ ထင်ဟပ်ကြည့်ဖြစ်ပါတယ်။ 

ဇီဝမျိုးစုံမျိုးကွဲများ

“ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာ ကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ” က  “ဇီဝမျိုးစုံမျိုးကွဲ ဆိုသည်မှာ ကုန်းမြေ၊ ပင်လယ်နှင့် အခြား ရေဂေဟ စနစ်များ၊ ၎င်းတို့ပါဝင်နေသော ဂေဟဗေဒအရ ဆက်စပ်မှုရှိသည့် အရင်းအမြစ်အားလုံး၏ သက်ရှိများအကြား ကွဲပြားမှုကိုဆိုသည်” လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ 

ကမ္ဘာမြေပေါ်မှာ သက်ရှိမျိုးစိတ်ပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာကို အတိအကျ ဘယ်သူမှ မသိကြသေးပါဘူး။ သိပ္ပံပညာရှင်တွေက မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ပြီး အဲဒီမေးခွန်းရဲ့ အဖြေကို ရှာဖွေနေကြရာ မှာ မျိုးစိတ်ပေါင်း အနည်းဆုံး ၃ သန်းလောက်ကနေ အများဆုံး သန်း ၁၀၀ လောက်အထိ ခန့်မှန်းကြပါတယ်။ ပညာရှင်အချို့ကတော့ မျိုးစိတ်အရေအတွက် ၅ သန်းကနေ ၁၅ သန်းလောက်အထိ ရှိတယ်လို့ ပြောရင် မလွန်လှဘူးလို့ ဆိုပြန်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ပညာရှင်အားလုံးက တပြေးညီလက်ခံထားကြတာကတော့ ရှာဖွေဖော်ထုတ်ပြီးသား မျိုး စိတ်အရေအတွက်ဟာ တကယ်ရှိနေတဲ့ မျိုးစိတ်အရေအတွက်ထက် အများကြီး နည်းသေးတယ် ဆိုတဲ့အချက်ပါပဲ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက သိပ္ပံပညာရှင်တွေဟာ အပူပိုင်းသစ်တောတွေထဲမှာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ပနားမားနိုင်ငံမှာ ပြုလုပ်တဲ့သုတေသန တစ်ခုမှာ သစ်ပင် ၁၉ ပင်ကနေ အင်းဆက် မျိုးစိတ် ၁၂၀၀ လောက်ကို တွေ့ရှိခဲ့ရပြီး၊ အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ  မှတ်တမ်းမတင်ထားရသေးတဲ့ အင်းဆက် မျိုးစိတ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှန်ရှိနေတဲ့ မျိုးစိတ်နဲ့ မှတ်တမ်းတင်ထားပြီးသား မျိုးစိတ် အရေအတွက်ဟာ အများကြီး ကွာခြားမှာ သေချာပါတယ်။ 

ယေဘုယျအားဖြင့် ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိ ဖော်ထုတ်ပြီးသား မျိုးစိတ်ပေါင်း ၁.၇ သန်းလောက် ရှိတယ် လို့ ပြောလေ့ရှိကြပါတယ်။ IUCN ရဲ့ ၂၀၂၂ ခုနှစ် စာရင်းမှာတော့ ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိပြီးသား မျိုးစိတ်ပေါင်း ၂.၁၆ သန်း ခန့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အင်းဆက် မျိုးစိတ်ကချည်း ၁.၀၅ သန်း ပါဝင်ပါတယ်။ နို့တိုက် သတ္တဝါမျိုးစိတ် ၃၆,၉၅၃ ခု၊ တွားသွားသတ္တဝါမျိုးစိတ် ၁၂,၂၆၃ ခု၊ ငှက်မျိုးစိတ် ၁၁,၁၉၅ ခု၊ ကုန်းနေရေနေ သတ္တဝါမျိုးစိတ် ၈,၇၇၆ ခု၊ နို့တိုက် သတ္တဝါမျိုးစိတ် ၆,၇၃၆ ခု ပါဝင်တယ် လို့ ဆိုပါတယ်။ (အဲဒီလို မျိုးစိတ်အရေ အတွက် စာရင်းတွေ တွက်ချက်ရာမှာ ၂၀ ရာခိုင်နှုန်းလောက်ဟာ “မျိုးစိတ်တူ၊ အမည်ကွဲ (synonyms)” တွေ ဖြစ်နေ တတ်တာမို့ မျိုးစိတ်ပေါင်း ၂.၁၆ သန်းထဲက ၂၀ ရာခိုင်နှုန်းကို ပြန်နှုတ်ကြည့်ရင် ယေဘုယျသဘောပြောကြတဲ့ မျိုးစိတ်ပေါင်း ၁.၇ သန်း ဝန်း ကျင်လောက်ဟာ သဘာဝကျတယ်လို့ ပြောရမှာပါ။)

ဒီလောက်များပြားလှတဲ့ မျိုးစိတ်တွေ၊ တနည်းအားဖြင့် ဇီဝမျိုးစုံမျိုးကွဲတွေဟာ ကမ္ဘာမြေရဲ့ ဂေဟစနစ်ကို ထိန်းကျောင်းမောင်းနှင်ရင်း ကမ္ဘာမြေနဲ့ လူသားတွေ ရေရှည်တည်တံ့ဖို့ အထောက်အကူပြုနေကြတာပါ။ ဒါပေမယ့် အဲဒီ ဇီဝမျိုးစုံမျိုးကွဲတွေဟာ တဖက်မှာ အလျင်အမြန် လျော့ပါးလာနေပါတယ်။ တနည်းအားဖြင့် မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်မှု (extinction) ဖြစ်ပေါ်လာနေပါတယ်။

ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုတွေအရ ကမ္ဘာပေါ်က မျိုးစိတ်တွေအနက် ၀.၀၁ ရာခိုင်နှုန်းကနေ ၀.၀၁ ရာခိုင်နှုန်းလောက်ဟာ နှစ်စဉ် မျိုးသုဉ်းပျောက်ကွယ်နေကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ စားရင်းဝင်ပြီး မျိုးစိတ် ၂ သန်း ရှိတယ်ဆိုပါစို့။ နှစ်စဉ် မျိုးစိတ်ပေါင်း ၂၀၀ ကနေ ၂၀၀၀ လောက်ဟာ မျိုးသုဉ်းပျောက်ကွယ်နေကြ ရပါတယ်။ တကယ်လို့ ကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်း သန်း ၁၀၀ ရှိတယ်ဆိုရင် အနည်းဆုံး မျိုးစိတ်ပေါင်း ၁၀,၀၀၀ ကနေ၊ အများဆုံး မျိုးစိတ်ပေါင်း ၁၀၀,၀၀၀ အထိ နှစ်စဉ် မျိုးသုဉ်းပျောက်ကွယ်နေကြတာ ဖြစ်ပါတယ်။ 

သဘာဝအတိုင်းလည်း မျိုးစိတ်တွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားတတ်ပေမယ့် လက်ရှိမှာမျိုးသုဉ်းပျောက်ကွယ်မှုနှုန်းဟာ သဘာဝထက် အဆ ၁၀၀၀ - ၁၀၀၀၀ လောက် ပိုမြန်နေတယ်လို့ သိရပါတယ်။ တာဝန်အရှိဆုံးကတော့ လူသားတွေပဲ ဖြစ်ပါတယ်။

သဘာဝဂေဟစနစ်တွေကို ဖျက်စီးပစ်တာ၊ တောရိုင်းတိရစ္ဆာန် တွေကို အဆမတန် ဖမ်းယူတာ၊ သစ်တောတွေ၊ အပင်တွေကို အဆမတန် ခုတ်ထွင်ရှင်းလင်းတာ၊ စွန့်ပစ်အညစ် အကြေးတွေနဲ့ သဘာဝဝန်းကျင်ကို ညစ်နွမ်းစေတာ စသည်ဖြင့် ဇီဝမျိုးစုံမျိုးကွဲတွေကို လျော့နည်းကျဆင်းအောင် လုပ်ဆောင်မိနေကြတာကို သတိပြုရမှာ ဖြစ်ပါတယ်။ World Wildlife Day ဟာလည်း တောရိုင်းတိရစ္ဆာန်တွေချည်း သတ်သတ်မဟုတ်ဘဲ ဇီဝမျိုးစုံမျိုးကွဲအားလုံးကို ကာကွယ်ဖို့အတွက် ဦးတည်ထားတဲ့ နိုင်ငံတကာနေ့ တစ်နေ့ဖြစ် တယ်လို့ ယူဆမိပါတယ်။ 

ဆုမွန်ကောင်း

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ နိမ့်ကျခဲ့တဲ့ တိုင်းပြည်စီးပွားရေးနဲ့ ပြည်တွင်းစစ်ရဲ့ အောက်မှာ တောရိုင်းတိရစ္ဆာန် နဲ့ သဘာဝအပင်တွေ (တနည်းအားဖြင့် ဇီဝမျိုးစုံမျိုးကွဲတွေ) ကို လုံလောက်အောင် စောင့်ရှောက်နိုင်ခဲ့ပါရဲ့လား မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ စောင့်ရှောက်နိုင်ခဲ့သည်ဖြစ်စေ၊ မစောင့်ရှောက်နိုင်သည်ဖြစ်စေ၊ ပြီး ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြည်တွင်းစစ်မီး ပိုမိုကျယ်ပြန့်လာသလို၊ စီးပွားရေးကလည်း သိသိသာသာ ကျဆင်း လာခဲ့တာမို့ အဲဒီလုပ်ငန်းတွေ ပိုပြီး အားနည်းခဲ့မယ်ဆိုတာ အငြင်းပွားစရာ ကိစ္စမဟုတ်ပါဘူး။ စစ်ရေးပဋိပက္ခတွေ ကြောင့် သဘာဝဝန်းကျင်တွေ ပိုမိုပျက်စီးတာ၊ တောရိုင်းတိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ၊ သစ်တောထွက် အဖိုးတန် မျိုးစိတ်တွေ ကို ဖျက်စီးမိတာ၊ မှောင်ခိုကူးသန်းရောင်းဝယ်တာတွေ ပိုပြီးတော့တောင် ဖြစ်ခဲ့လေမလား လို့တောင် စိုးရိမ်မိပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် World Wildlife Day 2025 က စတင်ပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်လိုတဲ့ စိတ်ထားတွေ ရှင်သန်ပွားများ နိုင်ကြပါစေ။

ဇီဝမျိုးစုံမျိုးကွဲများရဲ့ ကမ္ဘာလောကအတွက် အရေးပါမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်နိုင်တဲ့ ဉာဏ်ပညာတွေ ထွန်းကားနိုင်ပါစေ။ 

ဇီဝမျိုးစုံမျိုးကွဲတွေကို လက်တွေ့စောင့်ရှောက်နိုင်တဲ့ ရုပ်ပတ်ဝန်းကျင် ပေါ်ထွန်းလာနိုင်ပါစေ။

ဇီဝမျိုးစုံမျိုးကွဲများကို စောင့်ရှောက်နိုင်လောက်အောင် ကိုယ်တိုင်လည်း အေးချမ်းလုံခြုံတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်