အပင်ရွက်မှာ အနားဝါ၊ အစက်ပြောက်၊ အရောင်ပျက်နဲ့ တွန့်လိမ်ထွတ်နေတာမျိုး မြင်ရပြီဆိုရင်

10/01/2024 15:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ဓာတုဆေးများနဲ့ အမြဲထိတွေ့နေရတဲ့ တောင်သူများ၊ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြတဲ့ မိတ်ဆွေများသတိပြုနိုင်ကြဖို့  မိမိကွင်းဆင်းအတွေ့အကြုံအရ ​တွေ့ရှိခဲ့တာလေးများကိုတင်ပြပေးလိုက်ပါတယ်။

အပင်မှာ - 

  • အရွက်နားဝါခြင်း၊
  • ပုံမမှန်အစက်အကွက်များ အရွက်မျက်နှာပြင်တွင် ဖြစ်ပေါ်ခြင်း၊
  • အရောင်ပျက်ခြင်း၊
  • တွန့်လိမ်ခြင်း၊
  • အရွက်ထွတ်ခြင်း စတဲ့လက္ခပုံစံတွေ မြင်ရပြီဆိုရင်

အပင်၏အပွင့်၊ အရွက်တို့ကို  ထိခိုက်လွယ်စေတဲ့ ဟော်မုန်းအုပ်စုပေါင်းသတ်ဆေးများ သုံးစွဲမှုမှားယွင်းခြင်း၊ များခြင်း၊ ပိုးသတ်ဆေး ဖော်မြူလာများအနက် ဒဗလူပီ(WP)၊ အမှုန့်များထက် အီးစီ (EC)ဆေးများကို အပူချိန်မြင့်နေချိန် နှုန်းထားမြင့်မြင့် ဖျန်းထားတာမျိုး ဖြစ်နိုင်ပါတယ်။

သတ္တုဓာတ်များ (heavy metals) ခဲ၊ အာဆင်းနစ်၊ ကက်မီယံ၊ အလူမီနီယံ ၊​ ကော့ပါး၊ ဇင့် စသည်တို့ကို အပင်သီးနှံများတွင် သုံးစွဲမှုမှားခြင်း၊ များခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကော့ပါးဓာတ်များသွားပါက

ဘော်ဒိုမစ်ချာ အပါအဝင်၊ ကော့ပါးအုပ်စုများကို ဖရဲ၊ သခွားမျိူးနွယ်များတွင် အထူးသတိပြု သုံးစွဲသင့်ပါတယ်။ အပင်ကြီးထွားမှုတန့်ခြင်းကို ဖြစ်စေတာပါ။ အထူးသဖြင့် ရာသီဥတု စိုစွတ် ထိုင်းမှိုင်းပြိး အရွက်များစွတ်စိုနေချိန်တွင်လည်းကောင်း၊ ခြောက်သွေ့လွန်းသော ရာသီဥတုအခြေအနေတွင်လည်းကောင်း၊ ကော့ပါးအုပ်စုများ အသုံးပြုပါက ဖရဲ၊ သခွား၊ ဇီးပန်းသီး၊ မက်မွန်စသော သစ်သီးဝလံများတွင် အရွက်ကြွေတဲ့အထိ ဖြစ်ပါတယ်။

ဇင့်ဆာလဖိတ်ဓာတ်များသွားပါက

သစ်သီးဝလံများတွင် ဖျန်းမိပါက အရွက်ကြွေတတ်ပါတယ်။

နှင်းဆီအပါအဝင် ပန်းအလှပင်များတွင် အသုံးပြုပါက အရွက်များ၊ ပန်းပွင့်များ အရောင်ပျက်ခြင်း၊ လောင်ခြင်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဖရဲ၊ သခွားမှာ အပူချိန် ၈၅ ဒီဂရီ ဖာရင်ဟိုက်ကျော်ရင် ဆာလ်ဖာ မသုံးသင့်ပါ။

ငရုတ်သီးကင်းများတွင် ဆာလ်ဖာကို EC ပိုးသတ်​ဆေးများဖြင့်​ရောပြီး နေပူချိန်ဖျန်းပါက အသီးများ အပူ​လောင်ဒဏ်ရာဖြစ်တတ်ပါတယ်။

ပိုးသတ်ဆေး ဖျန်းနည်းအမှားများ

  • Emulsifiable formulation ပိုးသတ်ဆေးများကို နှုန်းထားများများသုံးခြင်း
  • ပန်းပွင့်ချိန် နေပူပြင်းချိန်ဖျန်းခြင်း
  • ဆေး သုံး/လေးမျိုး ရောဖျန်းခြင်း
  • ​ပေါင်းသတ်​ဆေး သုံးထား​သော ​ဆေးဖျန်းပုံးကို သေချာစွာမ​ဆေးဘဲ သုံးမိခြင်းဖြစ်ပါတယ်။

(တူးဖိုးဒီ ​ပေါင်းသတ်​ဆေးသုံးပြီးပါက ဆေးဖျန်းပုံးကို ဆပ်ပြာနဲ့​ဆေးရုံဖြင့် မ​ရပါ။ ရွှံ့ရည်ဖြင့် ၂ကြိမ်ခန့်​ အရင်​ဆေးပြီးမှ ဆပ်ပြာဖြင့်​ဆေးပါ)

အညွှန်းစာကို ​သေချာစွာမဖတ်ဘဲ ​​ရွေးချယ်မဲ့ပေါင်းသတ်​ဆေးသုံးမိခြင်း

ရွေးချယ်​ဆေးဆို​သော်လည်း သီးနှံမှားယွင်းသုံးခြင်းစသည်တို့ကြောင့် အရွက်လောင်ခြင်း၊ အပွင့်အသီးမတင်ခြင်း သီးနှံပျက်စီးခြင်း များဖြစ်တတ်ပါတယ်။

ဇိုး အုပ်စုများ (အထူးသဖြင့် ပရိုပီကိုနာဇိုး၊ ဟက်ဇာကိုနာဇိုး)ကို အပင်ငယ်စဉ်/အရွက်နုစဥ် နှုန်းထားများထည့်ခြင်းကြောင့်လည်း အညွန့်များ တွန့်လိမ်ခြင်း၊ အရွက်နုဖျားခြောက်ခြင်း များဖြစ်တတ်ပါတယ်။ သီးနှံအမျိုးအစား​ပေါ်မူတည်ပြီး ထိခိုက်မှု အနည်းအများကွာပါတယ်။ (ဥပမာ စပျစ်ဖူး​ထောင်အရွယ်တွင် ပရိုပီကိုနာဇိုးဖျန်းခြင်း၊ မန်ကိုဇက်ကို မနက်ခင်း နှင်းသီးချိန်ဖျန်းခြင်းက အညွန့်​ခြောက်​စေနိုင်ပါတယ်။)

မက်တယ်လက်ဇီး မှိုဆေးကို ဖရဲ၊ သခွား၊ ခရမ်းချဥ်၊ ကွမ်းပင်စည်များတွင် နှုန်းမြင့်မြင့်ဖျန်းခြင်း၊ ​ရေ​ဖျော်သုတ်​ပေးခြင်း​ကြောင့် ပင်စည်​လောင်တတ်ပါတယ်။

(အမြစ်ပုပ်/ပင်စည်ပုပ်ခြင်းကို မက်တလက်ဇီးအသုံးပြုလိုပါက မန်ကိုဇက် နှင့် (၈း၁)သို့မဟုတ် (၄း၁)​ရောပြီး သီးနှံအမျိုးအစားအလိုက် တွဲဖက်အသုံးပြုရပါမယ်)

မြေသြဇာ ကျွေးနည်းစနစ်မှားခြင်း

 

ကွမ်းခြံ၊ ဖရဲ၊ သခွားခြံများတွင် ယူရီးယားများသော မြေဆီများ၊ ပိုတက်စီယံကလိုရိုဒ်များကို နှုန်းထားများများဖြင့် အပင်ခြေ ကြဲပက်ခြင်း/အပင်​ခြေကပ်ကျွေးခြင်းကြောင့် အပင်ရဲ့ အောက်ရွက်များ လောင်တတ်ပါတယ်။ အပင်ညှိုးသေနိုင်ပါတယ်။ 

ငရုတ်၊ ဖရဲ၊ ခရမ်းချဥ်ကဲ့သို့​သော ပျိုးပင်​ရွှေ့ပြောင်းစိုက်သီးနှံများတွင် အပင်ချမစိုက်မီ စိုက်ကျင်းအတွင်း ကြက်​ချေးထည့်ခြင်း၊ ၁၅ပတ်လည်ထည့်ခြင်းတို့​ကြောင့် ရေ​သောက်မြစ်နှင့် ​မြေသြဇာ တိုက်ရိုက်ထိ​တွေ့ချိန် အမြစ်ပုပ်ပြီး ညှိုး​သေတတ်ပါသည်။

အစိုဓာတ်မလုံ​လောက်ချိန် ယူရီးယားကို အပင်​ပေါ် တိုက်ရိုက်ကြဲပက်ခြင်း သည်လည်း အပင်ကို​လောင်ကျွမ်းစေပါတယ်။

ပေါင်းသတ်ဆေးများကြောင့်အပင်ထိခိုက်ခြင်း

ဟော်မုန်းအမျိူးအစားဖြစ်​သော တူးဖိုးဒီများ ဖျန်းပြီးသော ဆေးဖျန်းပုံးမှတဆင့်လည်း အပင်ကိုထိခိုက်နိုင်ပါတယ်။ မှားယွင်းသုံးစွဲမိခြင်း၊ လေတင်လေအောက်ဆေး ထိမှန်ခြင်းများကြောင့်လည်း သီးနှံများ ထိခိုက်လောင်ကျွမ်းနိုင်ပါတယ်။

အချို့​တောင်သူတွေဟာ စပါးခင်း​ပေါင်းနှိမ်နင်းရာမှာ ရွေးချယ်မဲ့ ပင်လုံးပြန့်​ပေါင်းသတ်​ဆေး ဂလိုင်ဖိုဇိတ်များကို နှုန်းထား​လျော့ပြီး ဖျန်းကြသည်ကို​တွေ့ရပါတယ်။ စပါးပင်မနာဘူးဟု ထင်ရ​ပေမယ့် အပင်ဇီဝကမ္မပျက်စီးသွားတာကြောင့် အထွက်နှုန်း​လျော့ခြင်းက သိသာ​စေပါတယ်။

အချို့ ပဲစိုက်​တောင်သူတွေဟာဆိုရင်လည်း ပဲမကြဲမီ  ဂလိုင်ဖိုဇိတ်ဖျန်းပြီး   ပဲကြဲသည်ကိုလည်း ​တွေ့ရပါသည်။

​ပေါင်းကြမ်း​သေရန်အတွက်​ကောင်း​သော်လည်း  ပဲပင်ကြီးထွားမှုနှုန်း​နှေးခြင်း/ အား​ဆေးဖျန်း​သော်လည်း အပင်မတက်ခြင်း ဖြစ်​စေနိုင်ပါတယ်။

ပင်ဒီမီသလင်းကဲ့သို့ ​ပေါင်းအုပ်​ဆေးများကို တိုက်ရိုက်စပါးကြဲခင်းများအတွက် ဒေါင်းမြီးပျံ၊ လက်သည်း​ဇောင်း၊ ဝါးရုံမြက်များ မ​ပေါက်​အောင် ကြိုတင်ရှင်းလင်းရာတွင် အသုံးပြုလျှင်  ပိုကောင်းပါတယ်။

သို့​သော် အချို့​တောင်သူများသည်၊ စပါးပင်အ​ညှောက်ဖောက်ကြဲခြင်း၊ စပါးပင် အပင်​ပေါက်ပြီးမှ ​ပေါင်းအုပ်​ဆေးဖျန်းခြင်းက စပါးပင် အရွက်ဖျား​ခြောက် ​လောင်တတ်ပါသည်။

ဟိုမုန်းအားဆေးများကြောင့်

​ဆောင်းသီးနှံများဖြစ်​သော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများတွင် အပင်အကြီးမြန်ရန် လိုအပ်သဖြင့် ဟိုမုန်းအားများ​သော ရွက်ဖျန်း​ဆေးများ အသုံးပြုကြပါတယ်။

သို့​သော် ​အောက်ဇင်ဟိုမုန်း၊ ဂျီဘရယ်လစ် ဟိုမုန်းများ​တဲ့ အား​ဆေးများကို နှုန်းထားများများဖျန်းခြင်း၊ အကြိမ်​ရေများများဖျန်းခြင်းဟာ အရွက်များ ရွက်သားထူပြီး တွန့်ခြင်း၊ အရွက်ပြားကြီးပြီး အစိမ်းပုပ်​ရောင်ဖြစ်ကာ မသီးမပွင့်နိုင်ခြင်း အညွန့်ရှည်ပြီး နွယ်ထွက်လာတတ်ခြင်းများဖြစ်လာနိုင်ပြီး အထွက်ဆုံးရှုံးနိုင်စေပါတယ်။

 

စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်