စနစ်တစ်ခုအခြေပြုနိုင်သော ရေခံမြေခံလိုအပ်ချက် 

27/10/2022 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ပြီးခဲ့သောသီတင်းပတ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျွန်တော်သည် သီးနှံအာမခံစနစ် ဖြစ်နိုင်ခြေလေ့လာဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံအတွင်း ကနဦးတည်ထောင်ဆောင်ရွက်မှု အခြေအနေတို့ကို စိုက်ပျိုးရေးအထူးပြု NGO တစ်ခုဖြစ်သော ရွှေ‌ရောင်လွင်ပြင်၏ ဗဟုသုတဖလှယ်ရေး ပလက်ဖောင်းပေါ်ရှိ အွန်လိုင်းအစည်းအဝေးသို့ တင်ပြခဲ့သည်။

မိမိတင်ပြချက်ပေါ် ပြည်ပရောက် ပရိသတ်များထဲမှတစ်ဦးက သီးနှံအာမခံစနစ်သည် မြန်မာနိုင်ငံတွင် စီးပွားဖြစ်လုပ်ဆောင်ရန် အဆင်သင့်ပါပြီလားဟု မေးမြန်းလာပါသည်။ ဤအတွက်အဆင့်နှစ်ဆင့်ကိုလိုအပ်ပါမည်ဟု ကျွန်တော်က ဖြေကြားခဲ့ပါသည်။

ယင်းနှင့်ဆက်စပ်၍ဤဆောင်းပါးတွင် စနစ်တစ်ခုအခြေပြုနိုင်သည့် ရေခံမြေခံ လိုအပ်ချက်ကို အောက်ပါအတိုင်းဆွေးနွေးသွားလိုပါသည်။

ပြည်ပမှသီးနှံ၊ မျိုးစေ့၊ စက်ပစ္စည်းနှင့် စိုက်ပျိုးရေးစနစ်တစ်ခုခုကို တင်သွင်းမည်ဆိုလျှင် ပြည်တွင်း၏ ရေခံမြေခံ (Pre requisite)၊ အခုအခံ (Barrier) တို့ကို ကျော်လွှားနိုင်မှုနှင့် လိုအပ်သောအခင်းအကျင်း (Context) တို့မှ တစ်ခုမဟုတ်တစ်ခု ပြည့်စုံညီညွတ်ရန်အသီးသီးလိုအပ်ပါသည်။ လိုအပ်ချက်များမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် မတူညီကြပါ။

သီးနှံမျိုးပြားနှင့်မျိုးစေ့တင်သွင်းနိုင်ရေးသည် ရေမြေရာသီဉတုဂေဟစနစ်နှင့်ညီညွတ်လျှင် မိမိတို့ ဒေသတွင်း၌ လျင်မြန်စွာ စွဲမြဲနိုင်သည်။ သို့ရာတွင် စပါးအပြီး မတ်ပဲသီးထပ်သီးနှံပုံစံတစ်ခုကို ပြည်ပမှ ပဲပုတ်မျိုးကောင်းတစ်ခုကိုအခြေခံ၍ စပါးပဲပုတ်သီးထပ်စနစ်ဖြင့် သွပ်သွင်းအစားထိုးမည်ဆိုပါက ရေမြေရာသီဉတုအပြင် မိုက်ခရိုစီးပွားရေးခေါ် ဒေသတွင်း၏လူမှုစီးပွားရေးစနစ်တစ်ခု အခြေကျနေမှုကို အသစ်တစ်ခုနှင့်အစားထိုးရမည်ဖြစ်၍ အခုအခံများစွာကြုံနိုင်သည်။

လယ်ယာသုံးစက်ကိရိယာတစ်ခုကို တင်သွင်းမည်ဆိုလျှင် နိုင်ငံတွင်း၏လယ်ယာမြေအရွယ်အစား၊ လယ်ယာလုပ်သားအင်အားစုနှင့် လယ်သမားအလွှာဖွဲ့စည်းပုံ (Agrarian Structure) တို့ လိုက်လျောညီထွေဖြစ်ပါမှ ထိုစက်ပစ္စည်းကို ဒေသတွင်း၌ တွက်ကျယ်စွာသုံးနိုင်မည်ဖြစ်သည်။

သီးနှံအာမခံလုပ်ငန်းကဲ့သို့ စနစ်တစ်ခုကို ပြည်တွင်းသို့ သွပ်သွင်းကျင့်သုံးမည်ဆိုလျှင်  လိုအပ်သော ရေခံမြေခံ ((Pre requisite)နှင့် အခင်းအကျင်း (Context) အရ အဆင့်နှစ်ဆင့်ကိုလိုအပ်ပါမည်။

ပထမ အဆင့်မှာနိုင်ငံအတွင်းဖွံ့ဖြိုးရေးအခြေခံလိုအပ်ချက် (၅) ချက်နှင့်ညီညွတ်ပြည့်စုံပြီး (သို့မဟုတ်) ပြည့်စုံ အောင်ဆောင်ရွက်ကြိုးပမ်းနေဆဲဖြစ်ရပါမည်။ ဒုတိယအဆင့်မှာ သမားရိုးကျလယ်ယာလုပ်ငန်းပုံစံမှ လယ်ယာစီးပွားရေးလုပ်ငန်း (Agribusiness) ပုံစံသို့ ကူးပြောင်းလာလတ္တံ့၊ ကူးပြောင်းနေဆဲကာလနှင့်  ကြုံ ကြိုက်ရန်လိုအပ်ပါမည်ဟု ဆွေးနွေးပွဲ၌မေးမြန်းလာသောမေးခွန်းကို အကျဉ်းမျှဖြေကြားခဲ့ပါသည်။ ဤဆောင်းပါး၌ အတန်ငယ်ရှင်းလင်းတင်ပြလိုပါသည်။

ဖွံ့ဖြိုးရေးအခြေခံလိုအပ်ချက်  (၅)ချက်မှာ..

  • (၁) တရားဉပဒေစိုးမိုးမှု (Rule of Law)၊
  • (၂) မက္ကရို စီးပွားရေးတည်ငြိမ်မှု (Macroeconomic Stability)၊
  • (၃) ကောင်းမွန်သောစီမံခန့်ခွဲမှု (Good Governance)၊
  • (၄) ဘက်ညီသောစီးပွားရေးလုပ်ကွင်းလုပ်ကွက်ခင်းကျင်းပေးနိုင်မှု (Level Playing Ground)နှင့်
  • (၅) လျှပ်စစ်၊ လမ်းတံတား၊ အိုင်တီဖြန့်ကျက်မှု (Infrastructure)  ဟူသော ရေခံမြေခံကောင်းများ ရှိထားခြင်းနှင့် ၎င်းတို့ အားကောင်းမောင်းသန်ဖြစ်အောင် လုပ်ဆောင်နေဆဲ အခြေအနေများ ဖြစ်ထွန်း နေရန် လိုအပ်ပါသည်။ 

စိုက်ပျိုးရေးလောကသားများအတွက် ဤအခြင်းအရာများသည် သီးနှံအာမခံစနစ်နှင့် မည်သို့ သက်ဆိုင်သနည်းဟု စောဒကတက်စရာရှိသည်။ သီးနှံအာမခံလုပ်ငန်းအပြင် ကန်ထရိုက်လယ်ယာစနစ်၊ အစားအစာဘေးကင်းလုံခြုံမှုစနစ်၊ လယ်ယာထွက်ကုန် ကုန်ချော၏ ကုန်အမှတ်တံဆိပ်အပေါ် ယုံကြည်ကိုးစားမှုရရန် တည်ထောင်ခြင်းစနစ်၊ မိမိထုတ်ကုန်များ၏ ယှဉ်ပြိုင်မှုစွမ်းအားမြှင့်တင်အောင် လုပ်ဆောင်မည့်စနစ်၊ လုပ်ကွက်ငယ်များအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးစနစ် (Inclusive Growth) စသည့် လုပ်ငန်း စနစ်များအတွက် အထက်ပါအချက် (၅)ချက်သည် ပထမအဆင့်လိုအပ်ချက်များဖြစ်ပါသည်။ ရှင်းပါဦး မည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အခွင့်အရေး (Property Right) ကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းနှင့် တရာဉပဒေစိုးမိုးရေးတို့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အဓိကကျသော လိုအပ်ချက် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းကတိကဝတ်နှင့် ကန်ထရိုက်စာချုပ်များကို ခိုင်မာစေသောဉပဒေနှင့် ဘက်လိုက်မှု ကင်းသောတရားစီရင်ရေးစနစ်များ၊ ပြည်သူ့အုပ်ချုပ်ရေး (ဗြူရိုကရေစီ) ယန္တရား၏ စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် အဂတိကင်းရှင်းခြင်းတို့သည် တရားဉပဒေစိုးမိုးမှုအောက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုနေသည်။

အစိုးရဌာနများ၏ အကျင့်ပျက်ခြစားမှုအတိုင်းအတာနှင့် (ဗြူရိုကရေစီ) ယန္တရား၏စွမ်းဆောင်ရည်အနည်းအများသည် တိုက်ရိုက်အချိုးကျဆက်စပ်နေ၍ နိုင်ငံတကာစောင့်ကြည့်အဖွဲ့များကလည်း ဤအချက်ကို တိုင်းပြည်အလိုက် အမှတ်ပေးအကဲဖြတ်နေကြပါသည်။ ပြည်တွင်းရှိ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးစောင့်ကြည့်အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်ချက်များသည်လည်း ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးမှုအောက်တွင် အားကောင်းလေ့ ရှိကြပါသည်။

တရားဉပဒေစိုးမိုးမှုသည် ဒီမိုကရေစီဟူသော ရေခံမြေခံကောင်းတွင် ပိုမိုရှင်သန်လေ့ရှိပါသည်။ အင်စတီကျူးရှင်းများဖွံ့ဖြိုးမှုအားနည်းနေသော မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်များတွင်မူ တရားဉပဒေစိုးမိုးရေးကို ပထမဆုံးဦးစားပေးရန်လိုသည်ဟု နိုင်ငံတကာစောင့်ကြည့်အဖွဲ့ အမှတ်ပေးဇယားများအရ အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။ သီးနှံအာမခံစနစ်နှင့် ကန်ထရိုက်စနစ်တို့သည် အလျော်အစားနှင့် ပေးရန်ရှိ၊ ရရန်ရှိလုပ်ငန်းများနှင့်စပ်လျဉ်းသော ကတိကဝတ်ကျေပွန်စွာ ဆောင်ရွက်ရသောလုပ်ငန်းများ ပါဝင်နေသဖြင့်တရားဉပဒေစိုးမိုးရေးသည် အရေးကြီးအခြေခံလိုအပ်ချက်ဖြစ်ပါသည်။

ဒုတိယလိုအပ်ချက်မှာ မက္ကရိုစီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုအခြေအနေဖြစ်သည်။ ကျပ်ငွေတန်ဘိုး တရစပ် ထိုးကျနေသောအချိန်အခါ၌ စီးပွားရေးလုပ်ရန် ခက်ခဲလှသည်။ ငွေကြေး လဲလှယ်နှုန်းခန့်မှန်းရန် ရေရေရာရာမရှိလျှင် သီးနှံအာမခံစနစ်ဖြစ်ထွန်းရန် ခက်ခဲပါသည်။

တတိယအချက်မှာ ကောင်းမွန်သောစီမံခန့်ခွဲမှုစနစ်မရှိလျှင်တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်ခက်ခဲပါလိမ့်မည်။

လွတ်လပ်၍တရားမျှတပြီး ပွင့်လင်း မြင်သာစွာ ယှဉ်ပြိုင်နိုင်သောရွေးကောက်ပွဲများသည် အကျင့်ပျက်ခြစားသူများ နိုင်ငံရေးလောကသို့ ဝင်ရောက်လာ၍ ၎င်းတို့စင်ပေါ်တက်ခွင့်မရအောင် ဟန့်တားနိုင်မည်ဖြစ်သည်။ တဆက်တည်းပင် လွတ်လပ်၍သန့်ရှင်းမြင်သာသော ရွေးကောက်ပွဲစနစ်မှတဆင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို ဖေါ်ဆောင်နိုင်သည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေနိုင်မည်။ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် တရားရေး ကိစ္စများကို နိုင်ငံတစ်ခုလုံးဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်ပေးနိုင်သော အခြေအနေသို့ ဆိုက်ရောက်လာစေနိုင်ပါမည်။

စတုတ္ထအချက်အနေဖြင့် ဘက်ညီသောကစားကွင်း (Level Playing Ground) တစ်ခုကို နိုင်ငံ့ခေါင်းဆောင်များက ခင်းကျင်းပေးနိုင်မှသာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး စားသုံးသူပရိတ်သတ်များအတွက် အကျိုးခံစားခွင့်ပိုရပါမည်။

အစိုးရဆိုသည်မှာ ကစားကွင်း စည်းမျဉ်း စည်းကမ်းများကို ဘက်ညီစွာချမှတ်ပေးရန်နှင့် ဒိုင်လူကြီးအဖြစ် ထိန်းကျောင်းပေးရန်ဖြစ်ပါသည်။ ကိုယ်တိုင်ဝင်၍ကစားရန်မဟုတ်ပါ။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံပိုင်နှင့်အခွင့်ထူးခံ စီးပွားရေးအဖွဲ့အစည်းများ ထူထောင်ထားသောနိုင်ငံအတွက် အထူးအလေးထား လိုက်နာရမည့်အချက် ဖြစ်ပါသည်။

သီးနှံအာမခံစနစ်တွင် မြန်မာ့အာမခံလုပ်ငန်းသည် အစိုးရ၏နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း ဖြစ်သလို အာမခံလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းနှင့် ထိန်းကျောင်းခြင်းကို လုပ်ရပါသည်။ ဤနေရာတွင်ဘက်ညီသော ကစားကွင်း၌ တရားမျှတသော ဒိုင်လူကြီးအဖြစ် အလေးထားလုပ်ကိုင်ပေးပါမှ ပုဂ္ဂလိကသီးနှံအာမခံလုပ်ငန်းများ လွတ်လပ်စွာယှဉ်ပြိုင်နိုင်၍ တောင်သူလယ်သမားများအတွက် အကျိုးကျေးဇူးများ ပိုမိုထွန်းကားနိုင်မည်ဖြစ်သည်။

ပဉ္စမအချက်မှာ လျှပ်စစ်၊ လမ်းတံတားနှင့်အိုင်တီကွန်ရက် ဆက်သွယ်ရေးစသော Infrastructure များ ဖွံ့ဖြိုးထားပြီးဖြစ်ရန် လိုအပ်မည်။ ၎င်းနယ်ပယ်များဖွံ့ဖြိုးလျှင် ဖွံ့ဖြိုးသလောက် စီးပွားဆက်သွယ်‌ရေး လုပ်ငန်းများ ထွန်းကားလာမည်။ သီးနှံအာမခံစနစ်၏ အာမခံထုတ်ကုန်ဖြန့်ဖြူးရေးနှင့် ငွေပေးငွေယူကိစ္စရပ်များ လွယ်ကူပြီး စရိတ်သက်သာလာနိုင်သဖြင့် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်မည်ဖြစ်သည်။ 

ဤအချက် (၅)ချက်ကို ချောမွေ့စွာကျော်ဖြတ်လာပြီးလျှင် သီးနှံအာမခံစနစ်သည် လယ်ယာသားငါးကဏ္ဍ၌ လယ်ယာစီးပွားရေးလုပ်ငန်း (Agribusiness) ထွန်းကားဖြစ်ထွန်းမှုပေးထားချက်အခြေအနေကို ရင်ဆိုင်ရပေမည်။

တောင်သူလယ်သမားများအဖို့ သီးနှံဈေးနှုန်းအတက်အကျအပေါ် စွန့်စားရမှု (Price Risk)၊ သီးနှံဈေးကွက်အပြောင်းအလဲအပေါ် စွန့်စားရမှု (Market Risk)၊ ရာသီဉတုအစိုးမရမှုအပေါ် စွန့်စားရမှု (Weather Risk)၊ သီးနှံအထွက်ကျဆင်းလာမှုအပေါ်စွန့်စားရမှု (Yield Risk)၊ အမျိုးမျိုးတို့ကို ကြုံတွေ့နေရပါသည်။

လယ်ယာလုပ်ငန်းကို သမားရိုးကျလမ်းကြောင်းမှ လယ်ယာစီးပွားရေးလမ်းကြောင်း (Agribusiness) သို့ပြောင်းလဲလုပ်ကိုင်ရန်လိုပါသည်။ တောင်သူမိဘမှဆင်းသက်ပြီး သမားရိုးကျ တောင်သူဘဝအစား လယ်ယာစီးပွားရေးလုပ်ငန်းရှင် (Farmer Entrepreneur) စိတ်ဓာတ်ဖြင့် ဝင်ငွေထွက်ငွေမျှတပြီး စွန့်စားရမှုများကိုလျှော့ချရနိုင်သော သီးနှံအာမခံလုပ်ငန်းနှင့် ကန်ထရိုက်လယ်ယာစနစ်ကဲ့သို့ လယ်ယာစီးပွားရေးနည်းစနစ်များကို မိမိလုပ်ငန်းလိုအပ်ချက်နှင့်အညီ ကျင့်သုံးလာနိုင်အောင် ချင့်ချိန်ဆုံးဖြတ်တတ်ရန်လိုပါသည်။

ထိုအခြေအနေတွင် သီးနှံအာမခံလုပ်ငန်းစနစ်နှင့် ကန်ထရိုက်လယ်ယာစနစ်များသည် တောင်သူ လယ်သမားထုထဲသို့ ထိုးဖောက်သွားနိုင်ပါလိမ့်မည်ဟု ရေးသားလိုက်ပါသည်။

စံသိန်း(စိုက်ပျိုးရေး)

အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၂

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်