စိုက်ပျိုး‌မွေးမြူရေးမှာ ညစ်ညမ်းပျက်စီးမှုတွေ ဖြစ်နေပြီလား

17/09/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     လေထု ညစ်ညမ်းတယ်။ မြေထုညစ်ညမ်းတယ်။ ရေထုညစ်ညမ်းတယ် စတာတွေရှိတဲ့အထဲမှာ စိုက်ပျိုးမွေးမြူရေးတွေလည်း ညစ်ညမ်းနေပြီလား တွေးစရာပါ။ တွေးမနေပါနဲ့ ဒါက အမှန်တကယ်ဖြစ်နေပါပြီ။ 

     အမှန်တကယ်ကြီး စိုက်မွေး လုပ်ငန်းတွေသာ မလုပ်ရင်လည်း စားစရာရှိမှာမဟုတ်ပြန်တော့ ဂေဟဗေဒစနစ်တွေပျက်တာလိုမျိုး၊ မြေသားပျက်စီးတာလိုမျိုး နဲ့ ပတ်ဝန်းကျင်က ပြောင်းလဲတာမျိုး စတဲ့ စိုက်မွေးညစ်ညမ်းမှုတွေကို မဖြစ်အောင် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တာပေါ့။ 

     ကာကွယ်ဖို့ဆို ဘယ်အကြောင်းတွေက ဖြစ်ရတာလဲဆိုတာကို သိဖို့လိုတာကြောင့် အောက်မှာဖော်ပြပေးထားပါတယ်။

     တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး အချက်တွေက အများကြီးပဲဆိုတော့ တတ်နိုင်သလောက်မလုပ်ပဲ လျော့ချနိုင်ဖို့အတွက် လုပ်နိုင်သလောက် လုပ်ကြတာပေါ့။

(၁) ပိုးသတ် ပေါင်းသတ် မြေဩဇာ

     အထွေအထူးပြောစရာ မလိုလောက်ပါဘူး။ လူတွေတောင် မူးမောတာမျိုး ဖြစ်နေကြတာ၊ လူတွေလုပ်ထားတဲ့ ဓာတုမြေဩဇာတွေကလည်း စိုက်မွေးလောကကြီးကို ညစ်ညမ်းစေပါတယ်။

(၂) မသန့်တဲ့ရေတွေ။

     ရေသန့်ကိုပဲ ပြောတာမဟုတ်ပါဘူး။ တစ်ချို့ ရေဆိုးမြောင်းတွေကနေထွက်တဲ့ ဓာတ်သတ္တုတွေ ပျော်ဝင်နေပြီးသားရေ‌တွေကို သုံးမိတဲ့အခါမှာ မဖြစ်ထွန်းတာတို့၊ မအောင်မြင်တာတွေ စလာပြီးတော့ နောက်ဆုံး ပြန်ပြင်မရလောက်အောင် ခက်ခဲသွားတတ်ပါတယ်။

(၃) ‌‌မြေတိုက်စား စုပြုံခြင်း

     စိုက်လို့ပျိုးလို့ရတဲ့ မြေကြီးက အပေါ်ယံက မြေသားအလွှာလေးပါပဲ။ အောက်ဖက်မြေကြီးတွေက အပင်စိုက်လည်း မဖြစ်ထွန်းနိုင်ပါဘူး။ မြေကြီးကို ထွန်ယက်တဲ့နည်းမမှန်တာမျိုးနဲ့ လေကြောင့် ရေကြောင့် မြေကြီးအပေါ်ယံလွှာတွေက ပါးပါးသွားတဲ့အခါမျိုးမှာ စိုက်မွေးကပျက်လာကြရပါတယ်။ တိုက်စားခံရတဲ့ မြေသားတွေကလည်း မြစ်ချောင်းတွေထဲ အနယ်တွေပြန်ကျတော့ ပိုဆိုးလာတာပေါ့။ အဲ့တော့ မှန်ကန်တဲ့ ထွန်ယက်စနစ်ကိုသုံးကြဖို့ လိုအပ်ပါတယ်။

(၄) မွေးမြူရေး

     စီးပွားဖြစ် အများကြီးမွေးမြူတဲ့အခါမျိုးမှာ ကိုယ်ကပဲ ပြန်ဖျက်ဆီးတဲ့ တရားခံဖြစ်နိုင်ပါတယ်။ စီးပွားဖြစ် အစာတွေ ဆေးတွေသုံးကြရင်း ထိခိုက်စေတာမျိုးပါ။ စီးပွားဖြစ်ကလည်း မြက်ကျွေး နွားချေးယူလိုမျိုးမှ မဟုတ်တာ။

(၅) ဖျက်ပိုး နဲ့ ပေါင်းမြက်တွေကြောင့်

     စိုက်မွေးလောကကြီးကို ပျက်စီးညစ်ညမ်းစေတဲ့ အထဲမှာပါပါတယ်။ ဆေးယဉ် မျိုးထွန်း ဖျက်ပိုးတွေက ပိုများလာတယ်။ နောက် မျိုးဗီဇပြောင်းလဲထားတဲ့သီးနှံတွေရဲ့ အကျိုးဆက် ပိုထူးလာတဲ့ ပေါင်းမြက်တွေကို ရင်ဆိုင်နေကြရပြန်ပါတယ်။

(၆) ဓာတ်သတ္တုတွေ

    အာစင်းနစ်၊ ပြဒါး၊ ခဲ လိုမျိုး သတ္တုတွေက ဓာတုမြေဩဇာတွေကို ပမာဏများများနဲ့သုံးတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာကြပါတယ်။ အဲ့လို ဓာတ်သတ္တုတွေရှိတဲ့မြေမျိုးမှာ စိုက်လို့ဖြစ်ပါတော့မလား။

(၇) အော်ဂဲနစ်တစ်ချို့

     နိုက်ထရိုဂျင်၊ ကာဘွန်နဲ့ ဖော့စဖောရပ်စ်တွေပါတဲ့ မြေဆွေးတွေနဲ့ ဇီဝပစ္စည်းတွေကို သုံးကြပြီးတော့ ကြာလာတဲ့ အခါ အနယ်ထိုင်လာပါတယ်။ အဲ့ကနေ ပြုပြင်ဖို့ခက်ပြီး စိုက်တဲ့မြေတွေက ပျက်စီးလာကြရပါတယ်။

(၈) အာဟာရအပိုတွေ

 ‌‌    အပင်ကစားတဲ့ပမာဏထက် ကျော်လွန်ပြီးတော့ လိုတာထက်ပိုထည့်ထားတယ်။ အဲ့အပိုတွေက မိုးရွာတဲ့အခါ ရေနဲ့အတူစီးပြီးတော့ ရေထဲကို ရောက်သွားပြီးတော့ ရေနေသတ္တဝါတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

     ရေထဲရေနေအပင်တွေက ကြီးလာပြီးတော့ ရေနေသတ္တဝါတွေနဲ့ အောက်စီဂျင်ကို အပြိုင်သုံးကြရင်းနဲ့ အန္တရာယ် ဖြစ်စေတာပါ။ 

     စိုက်ရေး ပျိုးရေးကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်တာလည်း ရှိပါတယ်နော်။ ငါတို့လုပ်ငန်းက သဘာဝတရားကြီးနဲ့ လိုက်‌လျောညီထွေဖြစ်တယ်လို့ လက်မထောင်ချင်ရင် စိုက်ပျိုးရေးကြောင့် ညစ်ညမ်းတာတွေမဖြစ်စေဖို့ စိုက်ရေးပျိုးရေးမှာ ညစ်ညမ်းပျက်စီးမှုတွေမရှိစေဖို့ ထိန်းသိမ်းကြရမှာပါ။

တောင်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

ထွန်းဝင်းကျော်

Reference

https://www.conserve-energy-future.com/causes-and-effects-of-agricultural-pollution.php

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်