စိုက်ပျိုးရေးနဲ့ ရေ အရည်အသွေး (၁):နိုက်ထရိုဂျင်များနေတဲ့ ပြဿနာ

20/11/2020 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

       စိုက်ရေးပျိုးရေးလုပ်ရင် ရေနဲ့တော့ ကင်းလို့မရတာအမှန်ပါပဲ။ အပင်လေးတွေကလည်း သွားတွေမပါတော့ စုပ်ယူနိင်အောင် သူတို့က အထောက်အကူအဖြစ်လိုအပ်တယ်။ ပြီးတော့ ရေကိုလည်း အစာချက်လုပ်တဲ့နေရာမှာ အသုံးပြုဖို့ လိုအပ်နေသေးတာကြောင့်မို့လည်း ရေကတော့ အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဆိုတော့ ရေဆိုတိုင်း ရသလား။ ဘယ်လိုလိုအပ်ချက်တွေရှိသလဲ၊ ဘယ်လိုမျိုး ပြဿနာလေးတွေရှိနိုင်သလဲ ဆိုတာကို လေ့လာကြည့်ကြမယ်။ 

       ခုတော့ ပြဿနာသေးသေးလေးတွေကနေ အရင် စကြမယ်။ နောက်ပိုင်းမှာ ပိုပိုကြီးတဲ့ ရေလိုအပ်ချက် နဲ့ ကြုံရတဲ့ ပြဿနာကြီးတွေအကြောင်းတွေ ဆက်သွားကြမယ်။ ကဲ စကြစို့ရဲ့

နိုက်ထရိုဂျင်များနေတဲ့ ပြဿနာ

        နိုက်ထရိုဂျင်(Nitrogen) ဆိုတာက အပင်တွေအတွက် အာဟာရဖြစ်ပြီးတော့ အပင်ကြီးထွားဖို့ကို လုပ်ဆောင်ပေးတာပါ။ ရိုးရိုးမြေသားထဲကို နိုက်ထရိုဂျင်ပါတဲ့ မြေသြဇာတွေကိုထည့်ပေးမယ် ဆိုရင် အပင်က ရနိုင်ပါတယ် ဆိုပေမဲ့လို့ လိုတာထက်ပိုများသွားအောင်ထည့်ထားတဲ့မြေတွေမှာဆိုရင် သွင်းတဲ့ ရေမှာ ပြဿနာသွားတက်ပါတယ်။ ပြီးတော့ နိုက်ထရိုဂျင်များလို့ ထပ်တက်နိုင်တဲ့ ပြဿနာက အပင်တွေ မတရားကြီးထွားပြီးတော့ ကျွတ်ဆတ်တတ်တာပါ။ ကြီးထွားချိန်ကာလကိုလည်း ရှည်ကြာစေနိုင်လို့ ရင့်မှည့်မှုနောက်ကျတာမျိုးတွေဖြစ်နိုင်ပါတယ်။ 

       နိုက်ထရိုဂျင်ဆိုတာကို အများသိအောင်ပြောရရင် ပုလဲ မြေသြဇာပါ။ အဲ့ နိုက်ထရိုဂျင်မြေသြဇာက ရေနဲ့ ထိတွေ့တဲ့အခါမှာ ပျော်ဝင်သွားပြီးတော့ အများဆုံးအနေနဲ့ နိုက်ထရိတ် ပုံစံ (NO3-N) ဖြစ်သွားပါတယ်။ တွေ့ရခဲတဲ့ပုံစံကနော့ အမိုနီယမ် နိုက်ထရိုဂျင် ပုံပါ။ သူက ရေတစ်လီတာမှာ နိုက်ထရိုဂျင် (၁)မီလီဂရမ် ထက် ပိုပြီး ပါနေမှ တွေ့ရတာပါ။ ပုံမှန် သုံးနေကျ ဖြစ်တဲ့ ရေတွေဖြစ်တဲ့ မြေမျက်နှာပြင်ပေါ်က ရေနဲ့ မြေအောက်ရေမှာ နိုက်ထရိတ်ပုံစံနဲ့ နိုက်ထရိုဂျင်တွေပါဝင်တာက 5mg/L ဖြစ်ပြီးတော့ တွေ့ရခဲတဲ့ တစ်ချို့ မြေအောက်ရေတွေမှာဆိုရင် 50mg/L ထိ ရှိတာကို တွေ့ရတတ်ပါတယ်။ အပင်စိုက်မယ်၊ မြေသြဇာကျွေးမယ် ပြီးတော့ရေလောင်းမယ် ရေသွင်းလိုက်မယ်ဆိုရင် မြေအောက်ထဲကို စီးလာတဲ့ရေမှာ နိုက်ထရိုဂျင်တွေပျော်ဝင်ပြီးတော့ ပါလာပါတယ်။ 

ဘာတွေ ထိခိုက်နိုင်သလဲ

       ရေထဲမှာ နိုက်ထရိုဂျင် ပါဝင်တာကို လက်မခံနိုင်တဲ့ အပင်လေးတွေဟာ ကြီးထွားမှု အဆင့်မှာတင်ပဲ လက္ခဏာတွေ စပြီးတော့ ပြပါတယ်။ ရေထဲမှာ နိုက်ထရိုဂျင် ပါဝင်မှုနှုန်း 5mg/Lဆိုရင် တစ်ချို့ အပင်လေးတွေကို စပြီးတော့ ထိခိုက်တတ်ပါတယ်။ တစ်ချို့အပင်တွေကျတော့လည်း ပါဝင်မှုနှုန်း 30mg/L ထိ ကို ခံနိုင်ရည်ရှိကြတာကို တွေ့ရပါတယ်။ ဥပမာဆိုရင် Sugarbeet တွေက နိုက်ထရိုဂျင်ပါဝင်မှုတွေကို ခံနိုင်ရည်မရှိတဲ့ အပင်ဖြစ်တာကြောင့် သကြားပြန်ထုတ်ရင် သန့်စင်မှု့အားနည်းတဲ့အပြင်ကိုသကြားထွက်နှုန်းကလည်း ကျသွားပါတယ်။ ဆိုတော့ အထွက်က အများကြီးကျသွားပါတယ်။ 

       နောက်တစ်ခုက စပျစ်ပင်တွေပါ။ သူတို့ကလည်း နိုက်ထရိုဂျင်ပါဝင်မှုများတဲ့ ရေတွေ နဲ့ ထိတွေ့ရတဲ့အခါမှာ ကြီးထွားတဲ့ကာလက ရှည်ကြာပြီးတော့ မျိုးပွားတဲ့ကာလ နောက်ကျသွားတာကြောင့် အသီးရာသီမမှီတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ထွက်လာတဲ့အသီးက ချိုနှုန်းလည်းကျတဲ့အပြင်ကို အထွက်ကလည်း နည်းပါသေးတယ်။ မြောက်အာဖရိကက လစ်ဗျားမှာတွေရတဲ့ အတွေ့အကြုံအရဆိုရင် သွင်းရေ သုံးရေထဲမှာ နိုက်ထရိုဂျင်ပါဝင်မှု 50mg/L ထက်များတဲ့အခါ စပျစ်ပင်တွေမှာ အသီးလုံးဝ မသီးတော့တာဖြစ်ပါတယ်။ 

        မက်မန်းသီး၊ ရှောက်သီး၊ သံပုရာမျိုးဝင်အသီးတွေ၊ ထောပတ်သီးစတဲ့ အသီးတွေမှာဆိုရင် လည်း အသီးသီးတာနောက်ကျတာမျိုး၊ သီးလာရင်လည်းအရည်အသွေးမကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုဆိုရင် ဈေးကွက်မှာ မျက်နှာမလှဖြစ်ရပါတယ်။ 

        စပါးနဲ့ ဂျုံလို နှံစားအစေ့အဆန် သီးနှံတွေမှာ ကြီးထွားမှုကာလကြာတာကြောင့် ရိုးတံကြီးတွေကရှည်ပြီးတော့ အပေါ်ကနေ အသီးသီးလာတဲ့အခါမှာ မနိုင်ပဲနဲ့ အလွယ်တကူလဲကျတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုရင် ရိတ်သိမ်းချိန်ဆုံးရှုံးမှုတွေက အများကြီးဖြစ်မှာပါ။ အဲ့က ကောက်ရိုးတွေကိုပဲ စားမြုံပြန် သတ္တဝါတွေ၊ ကိုယ်တွေဆီမှာအဓိက ရှိတဲ့ကျွဲ၊ နွားနဲ့ မြင်းတွေကို ပြန်ကျွေးပြန်ရင် အာဟာရ အချိုးအစားမမျှ မတဖြစ်ပြီးတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

         နိုက်ထရိုဂျင်များတဲ့ရေထဲမှာရှိနေတဲ့ ရေညှိတွေ နဲ့ ရေနေပင်တွေကျပြန်တော့ အရမ်းကိုကြီးထွားသန်မာလာတာတွေဖြစ်လာပါတယ်။ အဲ့လိုဆိုပြန်တော့ ရေနေသတ္တဝါတွေကိုပါ ထိခိုက်နိုင်ပြန်ပါတယ်။ ဆည်မြောင်းတွေ၊ ရေမြောင်းတွေ ပိုက်လိုင်းတွေ ပိတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဆိုတော့ တတ်နိုင်သလောက် ရေထဲမရောက်အောင် ထိန်းသိမ်းပေးသင့်ပါတယ်။ 

ဘယ်လို လုပ်လို့ ရနိုင်မလဲ

           အပင်တွေရဲ့ ထိခိုက်မှုက ကြီးထွားတဲ့အဆင့်မှာပြပါတယ်။ နိုက်ထရိုဂျင်များတာက စစချင်း ကြီးထွားမှု အပိုင်းတွေအတွက်ဆိုရင် ကောင်းပေမဲ့လို့ ပန်းပွင့်ချိန်နဲ့ အသီးသီးချိန်မှာဆိုရင်တော့ အထွက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဆိုတော့ နိုက်ထရိုဂျင်များများကို ကြီးထွားမှုကာလ အစောပိုင်းတွေမှာ ချင့်ချိန်ပြီးသုံးပါ။ နောက်ပိုင်းကာလတွေမှာ အပင်တွေက နိုက်ထရိုဂျင် လိုအပ်တာက ပိုနည်းလာတာကြောင့်မို့ တစ်ဖြည်းဖြည်းနဲ့ လျော့ပြီးတော့ သုံးရမှာပါ။ ကြီးထွားမှု အမြင့်ဆုံးဖြစ်တဲ့ကာလကနေ တစ်ဖြည်းဖြည်း လျော့သွားတာကအကောင်းဆုံး ဖြစ်ပါလိမ့်မယ်၊။

         ပြောင်းပင်လိုမျိုး သိပ်ပြီးတော့ တုန့်ပြန်မှု မရှိတဲ့  အပင်တွေအတွက်ကတော့ သွင်းရေကနေ နိုက်ထရိုဂျင်ကို သွင်းပေးတာ ပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ သွင်းရေမှာထည့်မယ်ဆိုရင် နိုက်ထရိုဂျင် မြေသြဇာကို တော်တော်လျော့သုံးရပါလိမ့်မယ်၊ အကောင်းဆုံးကတော့ကိုယ်သုံးမဲ့ ရေထဲမှာ အစကတည်းက နိုက်ထရိုဂျင် ဘယ်လောက်ပါသလဲ ဆိုတာကို စစ်ပြီးတော့မှ (၁၀)ပါတယ်ဆိုရင် (၁၀)ထည့်ပါ၊ ဆတူ ရောပြီး ရေသွင်းပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ 

          သီးလှည့်စိုက်တာက မြေကြီးထဲက နိုက်ထရိုဂျင် ကျန်ရှိမှုကို လျောကျစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရေမသွင်းပဲ စိုက်လို့ရတဲ့ သီးနှံတွေကို စိုက်ပြီးတော့ မြေထဲက နိုက်ထရိုဂျင်တွေကို လျော့ချပေးလို့ရပါတယ်။ 

         နောက် ရေထဲက နိုက်ထရိုဂျင်တွေကို ဖယ်ထုတ်တာမျိုးကို လုပ်လို့ရပေမဲ့ ဒီနည်းလမ်းက ကုန်ကျစရိတ် အရမ်းများပြီးတော့ ခက်ခဲပါတယ်။ ဆိုတော့ အကောင်းဆုံးကတော့ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပါ အဲ့လေ လိုတာပဲ သုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

တောင်သူလယ်သမား ဦးကြီး ဒေါ်ကြီး များ ကျန်းမာချမ်းသာကြပါစေ။

Reference

http://www.fao.org/3/t0234e/T0234E06.htm#ch5.1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။