ဝါပင်တွင်ကျရောက်တဲ့ အစိမ်းရောင်သီးလုံးဖောက်ပိုး

Photo -

အမေရိကန်သီးလုံးဖောက်ပိုး (သို့မဟုတ်) အစိမ်ရောင်သီးလုံးဖောက်ပိုး
(American Bollworm or Cotton Bollworm)

ဖျက်ပိုးပုံသဏ္ဍာန်နှင့် သွင်ပြင်လက္ခဏာ

ရှေ့တောင်ပံသည် အဝါရောင်မှ အညိုရောင်၊ ကြေးနီရောင်အထိရှိသည်။ ရှေ့တောင်ပံတွင် လွှသွားပုံ ကန့်လန့်ဖြတ် အစင်းကြောင်းများနှင့် အစက်အပြောက်များ ပါရှိသည်။ နောက်အတောင်ပံသည် အဖြူရောင်ရှိ၍ အဖျားပိုင်းတွင် မီးခိုးရင့်ရောင် (သို့မဟုတ်) အညိုရောင်ဖြင့် အနားသတ်ထားပြီး ထိုအနားအတွင်းအရောင်ဖျော့အစက် (၂) စက်ကို တွေ့ရသည်။

ဥခွံတွင်သေးငယ်သော အရှည်လိုက်မြောင်းကလေးများ ဖြစ်ပေါ်နေပြီး အရောင်မှာ ဖြူဝါရောင်ရှိသည်။ လောက်ကောင် မပေါက်မီတွင် ဥမှာ အနက်ရောင်သို့ ပြောင်းသွားတတ်သည်။

လောက်ကောင်

လောက်ကောင်ငယ်၏ ခန္ဓာကိုယ်သည် ဖြူဝါရောင် (သို့မဟုတ်) နီညိုရောင်ရှိတတ်ပြီး ဦးခေါင်း၊ ရင်အုပ်ပိုင်း ခြေထောက်များ၊ လေရှုပေါက်များ၊ အာရုံခံဦးမှင်အရင်းတို့တွင် အနက်ရောင် (သို့မဟုတ်) အညိုရောင်ဖြစ်ပေါ်နေပြီး အစက်အပြောက်များ သဏ္ဍာန် ထင်မှတ်ရသည် ။ အရွယ်ရောက် ပိုးလောက်ကောင်သည် လိမ္မော်ရောင် အနက်ရောင စသည်ဖြင့် အမျိုးမျိုး တွေ့ရှိရသည်။

ပိုးရုပ်ဖုံး

ပိုးရုပ်ဖုံး၏အရောင်သည် မဟော်ဂနီရောင်ရှိသည်။ ပိုးရုပ်ဖုံး၏ ဝမ်းဘက်ထိပ်ပိုင်းတွင် ပြိုင်နေသော ဆူးချွန်(၂) တန်းကို တွေ့ရှိရသည်။

ကျရောက်မှုနှင့်ဖျက်ဆီးမှုလက္ခဏာ

အမေရိကန် သီးလုံးဖောက်ပိုးသည် ကမ္ဘာ့အနှံ့အပြား တွေ့ရှိရသော အင်းဆက်ဖျက်ပိုးတစ်ခုဖြစ်ပြီး သီးနှံမျိုးစိတ်ပေါင်း (၇၀) ကျော်ခန့်ကို စားသောက်ဖျက်ဆီးသည်။ အထူးသဖြင့် ဝါ၊ ပြောင်း၊ ခရမ်းချဉ်၊ ပဲမျိုးစုံနှင့် နှံစားပြောင်းတို့တွင် ဖျက်ဆီးမှု များသည်။ ဤဖျက်ပိုးသည် စိုက်ပျိုးသီးနှံပင်များအပြင် အလေ့ကျပေါက်သော ပေါင်းမြက်မျိုးများစွာတို့တွင်ပါ လက်ခံလွဲပင်များအဖြစ် ကျရောက်ခိုအောင်းနေထိုင်စားသောက်ဖျက်ဆီးတတ်သည်။

အမေရိကန်သီးလုံးဖောက်ပိုးသည် ဝါပင်အပိန့်ဝင်ချိန်မှစ၍ ကျရောက်ဖျက်ဆီးသည်။ ဝါပိန့်၊ အပွင့်များနှင့် အသီးများကို ဖျက်ဆီးတတ်သည်. အသီးတွင်းဝင်ရောက်ပြီး ဝါစေ့များကို စားသောက်တတ်ရာ ၎င်း၏ခန္ဓာကိုယ်နောက်ပိုင်းကို အသီးအပြင်ဘက်သို့ ထုတ်လျက် ဦးခေါင်းနှင့် ကိုယ်ခန္ဓာရှေ့ပိုင်းမှာ အသီးတွင်းဝင်၍ စားသောက်နေသည်ကို တွေ့ရှိနိုင်သည်။ ပိုးလောက်ကောင်ငယ်များသည် အရွက်နုနုနှင့် အဖူးများကို စားသောက်တတ်ပြီး တဖြည်းဖြည်း ကြီးထွားလာပြီးနောက် အပွင့်အသီးများကို ဆက်လက်ဖျက်ဆီးသည်။

မြန်မာနိုင်ငံတွင် မိုးကြိုနှင့်မိုးနှောင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာသီ (၂) မျိုးစလုံးတွင် ကျရောက်ဖျက်ဆီးလေ့ရှိပြီး လုံလောက်သော ကာကွယ်နှိမ်နင်းမှု မပြုပါက ဝါသီးနှံ အထွက်နှုန်းကို (၅၀)ရာခိုင်နှုန်း ထက် ပိုမို၍ ထိခိုက်စေနိုင်သည်။

ဘဝစက်ဝန်းနှင့် အလေ့အထ

မြန်မာနိုင်ငံတွင် ဤဖျက်ပိုးကို တစ်နှစ်လျှင် သားဆက် ၅ ဆက်နှင့်အထက် လည်ပတ်သည်ကို တွေ့ရှိရသည်။ ဖလံမသည် ဥများကို အပင်၏အပေါ်ပိုင်း အစိတ်အပိုင်းများ အထူးသဖြင့် အရွက်နု, အပိန့်နှင့် အညွှန့်များပေါ်တွင် တစ်လုံးချင်းစီး ဥလေ့ရှိသည်။ ညဘက်တွင် လှုပ်ရှားမှု များသည့် အလေ့အထအရ ဥများကို ညဘက်တွင်သာဥလေ့ရှိပြီး နေ့ခင်းဘက်တွင် ဖလံများကို တွေ့ရန် ခဲယဉ်းသည်။ ဖလံမသည် ပျမ်းမျှ ဥ (၃၀၀-၄၀၀) ဥနိုင်ပြီး ဘဝသက်တမ်းတစ်လျောက်တွင် ဥပေါင်း (၁၀၀၀) ခန့်အထိ ဥတတ်သည်။ ဥ အုပြီးချိန်အပူချိန်မြင့်ပါ (၂ – ၃ ) ရက်အတွင်း လောက်ကောင်ငယ် ပေါက်လာတတ်ပြီး အပူချိန်နိမ့်ပါက  (၈) ရက်ခန့် ကြာမြင့်တတ်သည်။ ပိုးလောက်ကောင်အဆင့် (၆)ဆင့်ရှိပြီး ၎င်းသက်တမ်းအတွင်း ပိုးလောက်ကောင်သည် အပိန့်၊ အပွင့်၊ အသီးများစွာကို စားသောက်ဖျက်ဆီးသည်။ ရာသီဥတု ပူနွေးပါက ပိုလောက်ကောင် သက်တမ်း (၂) ပတ်အကြာတွင် ရုပ်ဖုံးဘဝရောက်ရှိပြီး၊ ရာသီဥတု ပူနွေးပါက ပိုးလောက်ကောင် သက်တမ်း (၂) ပတ်အကြာတွင် ရုပ်ဖုံးဘဝရောက်ရှိပြီး ရာသီဥတု အေးလျှင် (၂) ပတ်ထက် ပိုမိုကြာမြင့်သည်။ ပိုးလောက်ကောင်ကြီးသည် အားနည်းသော ပိုးလောက်ကောင်များအား ပြန်လည်းစားသောက်တတ်သည့်ဓလေ့ကို ဤဖျက်ပိုးတွင်တွေ့ရပါသည်။ ပိုးရုပ်ဖုံးကို ဝါပင်အောက်အပေါ်ယံမြေသားအတွင်း ပြုလုပ်လေ့ရှိသည်။ ပိုးရုပ်ဖုံးဘဝတွင် (၂ – ၃) ပတ်ခန့်ကြာတတ်ပြီး ရာသီဥတု အခြေအနေမပေးပါက ပိုးရုပ်ဖုံး ဘဝဖြင့်ပင် ခိုနားပြုလုပ်လေ့ရှိပါသည်။ ရုပ်ဖုံးဘဝမှ ထွက်လာသော ဖလံမသည် အပွင့်၊ အပင်မှ ထုတ်သော အချိုရည်များနှင့် ပျပိုးမှ စွန့်ထုတ်သော အချိုရည်များကို စားသောက်လေ့ရှိသည်။ ဖလံများသည် အဝေးသို့ ပျံသန်းနိုင်သည့် အရည်အချင်းရှိသောကြောင့် နေရာအနှံ့အပြား ကျရောက်နိုင်သည်။ ပေါက်ဖွားကြီးထွားရန် အကောင်းဆုံးအခြေအနေမှာ အပူချိန် (၂၈) ဒီဂရီစင်တီဂရိတ်နှင့် လေထု စိုထိုင်းဆ (၇၀) ရာခိုင်နှုန်း ဖြစ်သည်။

သဘာဝရန်သူများ

မြန်မာနိုင်ငံတွင် အမေရိကန် သီးလုံးဖောက်ပိုး၏ သားရဲကောင်များအဖြစ် ကျိုင်းအုပ်စုဝင် (Carabaeidae, Staphylinidae)၊ ဂျပိုးအုပ်စုဝင် (Anthocoridae, Miridae, Lygaeidae, Pentatomidae, Berytidae, Reduviidae) နဂျီအုပ်စုဝင် ( Vespidae, Formicidae) နှင့် ဇာတောင်ပိုးအုပ်စုဝင် (Chrysopidae) တို့ကို တွေ့ရှိရသည်။ သီးလုံးဖောက်ပိုးဥများ၏ သားရဲကောင်များအဖြစ် သားရဲဂျပိုး (Orius sp.) အဝါရောင်ဂျပိုး ( Yellow Mirid; Campylomma sp) အဝါရောင်ဂျပိုး၊ ဇာတောင်းပိုးနှင့် လောက်ကောင်များ၏သားရဲကောင်များအဖြစ် ဂျပိုးအုပ်စုဝင် တို့ကို တွေ့ရသည်။
သီးလုံးဖောက်ပိုး ကပ်ပါးများအဖြစ် ယင်မျိုးရင်းဝင် နဂျီအုပ်စုဝင် ဥကပ်ပါးနှင့် လောက်ကောင်ကပ်ပါး တို့ကိုလည်း တွေ့ရှိရသည်။

ကာကွယ်နှိမ်နင်းနည်း

မြေတွင်းခိုအောင်းနေတတ်သည့် ပိုရုပ်ဖုံးများ ပေါက်ဖွားရှင်သန်မှုကို တားဆီးရန်နှင့် ဖျက်ပိုး၏ ဘဝစက်ဝန်းထပ်မံ မလည်ပတ်စေရန်အတွက် ဝါကောက်သိမ်းပြီးချိန်တွင် အပင်ဟောင်းများအား နုတ်ယူမီးရှို့ပစ်ခြင်း၊ မြေတွင် ကြွေကျနေသော အပိန့်နှင့် သီးလုံးများအား ကောက်ယူမီးရှို့ခြင်းတို့ကို ဆောင်ရွက်ရမည်။ ထယ်ရေးနက်နက်ပြုလုပ်၍ ထယ်စာခဲများကို အထက်အောက် လှန်ပေးခြင်းဖြင့်လည်း ပိုးရုပ်ဖုံးများကို ဖျက်ဆီးနိုင်ပါသည်။

ခရမ်းချဉ်၊ ပြောင်း၊ စသည်တို့သည် ဤသီးလုံးဖောက်ပိုး၏ အဓိက လက်ခံလွှဲပင်များဖြစ်သည့်အတွက် အဆိုပါ သီးနှံများအား ဝါခင်းအနီး ဝန်းကျင်တွင် စိုက်ပျိုးခြင်းအား ရှောင်ကြည်ရမည်။

အချို့ဒေသများတွင် ထောင်ချောက်သီးနှံများဖြစ်သည့် ပဲမျိုးရင်းဝင်ပင်များကို ဝါစိုက်ခင်းအတွင်း (သို့) ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားလေ့ရှိသည်။ အဆိုပါ အပင်များသည် ဝါပင်များထက် ပိုမို၍ ဖလံမများ၏ ဥချခြင်းကို ဆွဲဆောင်လေ့ရှိသည်။

ဤဖျက်ပိုးသည် ဝါသီးနှံ အထွက်နှုန်း ဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသဖြင့် ပိုးမွှားကင်းထောက်ခြင်းကို ဂရုပြုု ဆောင်ရွက်ရပါမည်။ ပိုးမွှားကင်းထောက်မှတ်တမ်းအရ စီးပွားရေးထိခိုက်နိုင်သည့် အဆင့်ကို ရောက်ရှိပါက ပိုးသတ်ဆေးပက်ဖျန်းနှိမ်နင်းရမည်။ မြန်မာနိုင်ငံတွင် အမေရိကန်သီးလုံးဖောက်ပိုးအတွက် စီးပွားရေးထိခိုက်နိုင်သည့် အဆင့်ကို  '’ဝါပင် ၁၀၀ တွင် လောက်ကောင်ငယ် (၁၀) ကောင်နှင့် အထက်တွေ့ရှိက ဆေးဖျန်းရန် (သို့) ဝါပင် ၁၀၀ တွင် ပိုးဥ (၁၅) ဥနှင့် အထက်တွေ့ရှိပါက ဆေးဖျန်းရန် (သို့) အပိန့်နှင့် သီးလုံးအပျက်အစီး (၅) ရာခိုင်နှုန်း ရှိပါက ဆေးဖျန်းရန်'’ သတ်မှတ်ထားရှိသည်။

မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း
စိုက်ပျိုးရေးဦးစီးဌာန




ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျော ကဆုန် ၊ ဝါး နယုန်"