မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေဩဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၁)

24/05/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

အာဘာစကူလာမိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို

ပုံ - အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျှင်

 

ပုံ - အမြစ်ထဲရှိအာဘာစကူလာမိုက်ကိုရိုက်ဇာမှို

 

အပူပိုင်းဒေသများတွင် သီးနှံထုတ်လုပ်မှုမြင့်မားရေး၊ မြေဆီမြေသား တိုးတက်ကောင်းမွန်ရေးများသည် များပြားလာသော လူဦးရေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်ပြည့်မီရန် အရေးကြီးသော အဆင့်တစ်ခု ဖြစ် သည်။ 

အပူပိုင်းဒေသများတွင် ရေရှည်အကျိုးစီးပွားအတွက် ကုန်ကျစရိတ်နည်းပြီး အကျိုးစီးပွားမြင့်မားသော မြေအရင်းအမြစ်များ ထိန်းသိမ်းပြီး သီးနှံထုတ်လုပ်ရေးမြင့်မားရန် ဇီဝဆိုင်ရာ နည်းပညာများသုံးစွဲခြင်းကို အသုံးချလာကြသည်။ 

၁၉၈၀ ခုနှစ်တွင် သိပ္ပံပညာရှင်များသည် ဇီဝဆိုင်ရာနည်းပညာတစ်ခုဖြစ်သော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို စိုက်ပျိုးရေးရှုထောင့် အမျိုးမျိုးမှ စမ်းသပ်တွေ့ ရှိချက်များ တင်ပြလာကြသည်။ 

ဂျာမနီနိုင်ငံတွင် အပူပိုင်းသီးနှံများနှင့် အာဘာစကူလာမိုက်ကိုရိုက်ဇာများ ဆက်နွှယ်အကျိုးပြုမှုများကို လေ့လာခဲ့သည်။ သုတေသနတွေ့ရှိချက်များအရ ၄င်းမှိုသည်အပူပိုင်းဒေသ ဖော့စပရပ်ပါဝင်မှု နည်းပါးသော မြေများတွင်စိုက်ပျိုးသော သီးနှံများ၏အပင်ကြီးထွားမှုအတွက် အကျိုးရှိကြောင်းတင်ပြခဲ့သည်။ 

၁၉၈၀ နောက်ပိုင်းတွင် သြစတေးလျနိုင်ငံ၌ အာဘာစကူလာမိုက်ကိုရိုက်ဇာများကို အမျိုးအစား ခွဲခြားခြင်း၊ မျိုးကောင်း မျိုးသန့် များစိစစ်ခြင်း၊ မျိုးသစ်များထုတ်လုပ်ခြင်း သုတေသနများကို လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်ရောဂါဗေဒဌာနတွင်လည်း  ၁၉၉၆ ခုနှစ်ကတည်းက စတင်ပြီး အာဘာစကူလာ မိုက်ကိုရိုက်ဇာ သုတေသနများကို လုပ်ဆောင်ခဲ့ပါသည်။

(၁.၁) မိုက်ကိုရိုက်ဇာ

မိုက်ကိုရိုက်ဇာဆိုသည်မှာ ဘုံမြင့်ပင်များနှင့်မှိုများ သဟဇီဝနဖြစ်စဉ်အတွက်စုစည်းမှုကိုခေါ်ပါသည်။ မိုက်ကိုရိုက်ဇာမှိုများသည် အပင်များကြီးထွားကာလအတွင်း ၎င်းတို့၏ အမြစ်များရှိ ကော်တီကယ် တစ်သျှူးများတွင် စွဲကပ်ကြသည်။   

အပင်မှ ထုတ်လုပ်သော ကာဗွန်ကို မိုက်ကိုရိုက်ဇာမှိုမှ ရယူပြီး၊ မိုက်ကိုရိုက်ဇာမှို၏ အမြစ်စွဲကပ်မှုမှတဆင့်အပင်အတွက် လိုအပ်သော မြေတွင်းအာဟာရဓာတ်ကို ရရှိစေသည်။ သို့ဖြစ်၍ ဂျာမန်သစ်တော အပင်ရောဂါဗေဒပညာရှင် A.B.Frank က ၁၈၈၅ ခုနှစ်တွင် မိုက်ကိုရိုက်ဇာကို အမြစ်မှိုဟုအမည်ပေးခဲ့သည်။ 

ပုံ ၁.၁(က) အက်တိုမိုက်ကို ရိုက်ဇာမှို

ပုံ ၁.၁(ခ) အင်ဒိုမိုက်ကိုရိုက်ဇာမှို (အာဘာစကူလာမိုက်ကိုရိုက်ဇာ)

အမြစ်နှင့်မှိုစုစည်းမှုကို ၎င်းတို့၏ရုပ်သွင်ပြင်ကိုအခြေခံ၍ အုပ်စု (၂)ခု ခွဲထားသည်။  ရုပ်သွင်ပြင်လက္ခဏာအရ ပထမအုပ်စုသည် ပြင်ပနေ အက်တိုမိုက်ကိုရိုက်ဇာ (ectomycorrhiza) ဖြစ်ပြီး (ပုံ ၁.၁ - က)၊ ဒုတိယအုပ်စုသည် အတွင်းနေအင်ဒိုမိုက်ကိုရိုက်ဇာ ( endomycorrhiza ) ဖြစ်သည်။ (ပုံ၁.၁ - ခ)

 

(၁.၂)  အာဘာစကူလာမိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို

       အတွင်းနေအင်ဒိုမိုက်ကိုရိုက်ဇာမှိုစွဲအမြစ်၏ ပတ်ဝန်းကျင်မြေကြီးထဲတွင် ပိုက်ကွန်သဖွယ် မှိုမျှင်များပါဝင်ပြီး  လျော့ရဲစွာ ဖွဲ့စည်းထားသည်။ အမြစ်၏ ကောတက်ဆဲလ်တွင်းနှင့် ဆဲလ်ကြားများတွင် မှိုမျှင်များကြီးထွားသည်။ အမြစ်တွင်းစွဲ မိုက်ကိုရိုက်ဇာများအနက် အပူပိုင်းနိုင်ငံတွင် စိုက်ပျိုးသော အပင်များအတွက် အရေးကြီးသော အင်ဒိုမိုက်ကိုရိုက်ဇာ တစ်မျိုးမှာ အစာစုပ်အင်္ဂါထုတ် မိုက်ကိုရိုက်ဇာမှို (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို (အေအမ်အက်ဖ်) (Arbuscular Mycorrhizal Fungi ) ဖြစ်သည်။ (ပုံ ၁.၂ နှင့် ၁.၃)

၎င်းမှိုသည် ထာဝရကပ်ပါးဖြစ်ပြီး မှိုစွဲကပ်နေသော အမြစ်များ၏ ရုပ်သွင်ပြင် လက္ခဏာသည် ပြောင်းလဲမှုမရှိပေ။ သို့ဖြစ်၍ အမြစ်စွဲမှိုများကို လေ့လာလိုပါက အမြစ်များကို သီးသန့်ဆေးဆိုးပြီး အဏုကြည့် မှန်ဘီ လူးဖြင့် မှိုအင်္ဂါရပ်များကို လေ့လာရသည်။ အာဘာစကူလာ မိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို၏ အင်္ဂါရပ်များသည် ဇီဝမြေသြဇာထုတ်လုပ်ရာတွင် အာနိသင်ပိုမိုကောင်းမွန်ပြီး ထိရောက်၍ အကျိုးသက်ရောက်မှုရှိသော ဇီဝမြေသြဇာများအဖြစ် စီးပွားဖြစ်ထုတ်လုပ်ရာတွင် အရေးကြီးသည်။

 

(၁.၂) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ ထူးခြားသော အစာစုပ်အင်္ဂါနှင့်  အစာစုအင်္ဂါများ

ပုံ ၁.၂(က) အစာစုပ်အင်္ဂါ ( x ၄၀ဝ)

 

ပုံ ၁.၂(ခ) မှိုမျှင်နှင့်အစာစုအင်္ဂါနှင့် အမြစ်တွင်းနေမှိုမျှင် ( x၄၀ဝ)

 

(၁.၃) အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုနှင့်အပင်များ၏ သဟဇီဝနအကျိုးပြုမှုကို အထောက်အကူပြုသော အရေးကြီးသည့် မှိုအင်္ဂါများ

ပုံ ၁.၃(က) အစာစု အင်္ဂါ (ဗက်စီကယ်) ဘဲဥပုံ၊ ကောတက်ဆဲလ်ကြားတွင်ဖြစ်သည်၊ နံရံထူသည်၊ မြေမှုံများအကြား ထိုးဖေါက်ပျံ့နှံ့သွားသော ပြင်ပနေ မှိုမျှင် (x၄၀ဝ)

ပုံ ၁.၃ (ခ)ဖူးယောင်လာသော မှိုမျှင်များ၏ ထိပ်ပိုင်းမှ ဖြစ်သော စပိုးစု (x၄၀ဝ)

၂. အာဘာစကူလာမိုက်ကိုရိုက်ဇာမှို  မှီခိုသော လက်ခံပင်များ 

မုံညင်းမျိုးရင်းဝင် အပင်များမှအပ အခြားမျိုးရင်းဝင်အပင်မျိုးစိတ် (Species) များအားလုံးနီးပါးသည် မိုက်ကိုရိုက်ဇာမှိုများကို မှီခိုနေသည်။ စိုက်ပျိုးရေးသီးနှံပင်များ၏ မိုက်ကိုရိုက်ဇာမှိုအပေါ် မှိီခိုမှုသည်မြင့်မားသည်။ သို့သော် တမျိုးနှင့်တမျိုး ကွဲပြားသည်။

၂၁ ရာစုတွင် ရေရှည်တည်တံ့ခိုင်မြဲသော အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အသုံးချနိုင်သော အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို နှင့် အပင်များ၏ သဟဇီဝနအကျိုးပြုမှုဖြစ်စဉ်များကို အလေးထားလေ့လာလာကြသည်။ မြေကြီးထဲမှ ဖော့စပရပ်ကိုပိုမိုတိုး၍ စုပ်ယူနိုင်မှုကြောင့် ဖော့စဖေါ့ရပ်နှင့် အခြားသော အများလိုနှင့် အနည်းလို ဒြပ်စင်များကို ညီမျှသောအာဟာရဓာတ်များရရှိအောင် အေအမ်အက်ဖ်မှိုကညှိပေးသည်။ မြေညံ့ မြေအခြေအနေကို ပြောင်းစေပြီး သီးနှံဖြစ်ထွန်းမှု တိုးလာစေသည်။ အေအမ်မှို (Arbuscular Mycorrhiza) ကို ဇီဝဓါတ်မြေသြဇာအဖြစ် အသုံးပြုလာကြသည်။

သို့ဖြစ်၍ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးအတွက်  (Arbuscular mycorrhizal fungi in climate  smart and sustainable agriculture) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို၏ အခန်းကဏ္ဍကျယ်ပြန့်လာသည်။

၎င်းအကျိုးပြုမှုအပေါ်.. 

(၁) သဘာဝအေအမ်အက်ဖ်မှို၏စွမ်းအား

(၂) စိုက်ပျိုးသီးနှံများ၏ အေအမ်အက်ဖ် အပေါ်မှီခိုမှု

(၃)မြေသားနှင့် ဓာတုမြေသြဇာများသုံးစွဲနည်းမမှန်ပါက မြေတွင်းအာဟာရဓါတ်ပါဝင်မှု ပြောင်းလဲခြင်းများက လွှမ်းမိုးနေသည်။

အခြားအကျိုးပြုမှုများနှင့် လွှမ်းမိုးသော အချက်အလက်များကို ဆက်လက်ဖေါ်ပြပါမည်။

ကိုးကား

၁။ မြမြ (ဒေါ် ) အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်