မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)

08/02/2023 15:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနယ်ပယ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မှာအခြေစိုက်ပြီး စီးပွားရေးလုပ်နေတဲ့ ဂျပန်မှာမွေး ဂျပန်မှာကြီး ဂျပန်သားလေး Borderless Myanmar ရဲ့  CEO မစ္စတာတိုမိုနဲ့ အင်တာဗျူးကို အပိုင်း(၅) ထိ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီ အပိုင်း ၅ ခုမှာတော့ ဒီဂျပန်သားလေးဟာ ဘယ်လို ရည်ရွယ်ချက်တွေ၊ ဘယ်လို စေ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုစီးပွားရေး (Social business) ကို လာလုပ်နေတာလဲ၊ မြန်မာ တောင်သူတွေဘဝကို ဘယ်လိုမျိုး မြှင့်တင်ပေးချင်တဲ့ ဆန္ဒရှိတာလဲ၊ ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ချက်တွေထားထားသလဲဆိုတာတွေနဲ့ပတ်သက်လို့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီအပိုင်း(၆) မှာတော့ သူတို့ပြုလုပ်ရောင်းချပေးနေတဲ့ ဘိုကာရှီမြေဩဇာရဲ့ လုပ်ဆောင်ပုံတွေ၊ ဘယ်လိုတွေမျှော်လင့်ထားသလဲဆိုတာတွေကို ဖော်ပြပေးသွားပါမယ်။

မေး။ ဘိုကာရှီကို ဂျပန် EM သုံးပြီးတော့ သီးနှံအရည်အသွေးကောင်းမွန်အောင်ဘယ်လို ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ထုတ်လုပ်ရောင်းချတယ်ဆိုတာပြောပြပေးပါ။

ဖြေ။ ကျွန်တော်တို့ မြန်မာပြည်မှာ ဘိုကာရှီရောင်းတာကတော့ ကျွန်တော် ရောက်ခါစကပေါ့နော်။ ၂၀၁၇ - ၁၂ လပိုင်းကတည်းက ရောင်းတယ်။ အဲ့ဒီရည်ရွယ်ချက်က အဓိကဘာလဲဆိုတော့ ဂျပန်မှာလည်း အတူတူပါပဲ၊ ဓာတုမြေသြဇာတွေ တအားသုံးကြတာ။ သုံးကြပြီးတော့ မြေကြီးတွေ မကောင်းတော့ဘူး ပျက်နေတယ်၊ အထွက်နှုန်းတွေလည်း လျော့လာပြီပေါ့။ အဲ့အချိန်မှာ ကျွန်တော်က ဘာစီးပွားရေးလုပ်လုပ်ပေါ့ ကျွန်တော်တို့ လူပေါ့နော်၊ လူက ကမ္ဘာကြီးပေါ်မှာနေတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို အမြဲတန်ဖိုးထားမှရမှာ။ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးမထားဘဲနဲ့ ပျက်သွားလို့ရှိရင် ကျွန်တော်တို့က ဘာစီးပွားရေးမှ လုပ်လို့မရဘူး။ လူမှုရေးကိစ္စလည်း အဆင်မပြေဘူး၊ ဘာမှ အဆင်မပြေဘူးပေါ့။

 အဲ့ဒါကြောင့် ကျွန်တော်ရောက်ခါစက ကျွန်တော်လုပ်တာက ဘာလဲဆိုတော့ ရေရှည်စိုက်ပျိုးရေးဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၂၀၁၇ - ၁၂ လပိုင်းကတည်းက ဘိုကာရှီကို ထုတ်ရောင်းနေတာပေါ့။ အဲ့ဒါ Borderless Link စတာကလည်း အတူတူစခဲ့တဲ့ဟာပေါ့။ အဲ့ဒါကို ကျွန်တော်တို့က ပြီးခဲ့တဲ့တစ်နှစ်ပေါ့။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းကတော့ Borderless Link ရယ်၊ ကျွန်တော်တို့ရဲ့ တောင်သူရယ်၊ ရောင်းခဲ့တာပေါ့။ ဒီ Borderless Link ရဲ့ တောင်သူကိုရောင်းခဲ့တာတော့ အယောက် တစ်သောင်းလောက်တော့ ရှိပြီပေါ့။ သူတို့ကတော့ အရင်တုန်းက သဘာဝမြေသြဇာဆိုရင် လုံးဝ မသုံးဖူးဘူး။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ လက်တွဲပြီးတော့ ရှမ်းတောင်မှာပေါ့နော်၊ အယောက် တစ်သောင်း ကျော်ပေါ့နော်၊ တစ်သောင်းခွဲလောက်တော့ ရှိပါတယ်။ သုံးနေကြတာပေါ့။

အဲ့ဒါကို ပြီးခဲ့တဲ့နှစ်က စပြီးတော့ ကျွန်တော်တို့က ဘာကိုဆုံးဖြတ်လိုက်လဲဆိုတော့ ဘိုကာရှီထုတ်လုပ်တဲ့ စီးပွားရေးတစ်ခုကို Borderless Link ကနေ သပ်သပ်ခွဲသွားလိုက်မယ်၊ ကုမ္ပဏီသပ်သပ်ဖွင့်လိုက်မယ်ပေါ့။ အဲ့ဒါက အဓိက ဘာလဲဆိုတော့ ခုနက အစ်မပြောသလိုပေါ့။ ဒီပြီးခဲ့တဲ့နှစ်ကစပြီးတော့ ဓာတ်မြေသြဇာဈေးက တောက်လျှောက်တက်နေတာကိုး။ အရင်တုန်းက နှစ်သောင်းခွဲလောက်နဲ့ ရတဲ့မြေသြဇာတွေဆိုရင် အခု ခုနှစ်သောင်း၊ ရှစ်သောင်းလောက် ရှိတာကိုး။ ပြောမယ်ဆိုရင် သုံးဆကနေ ငါးဆလောက် ဖြစ်နေတာပေါ့။ အဲ့အချိန်မှာ ကျွန်တော်တို့က တောက်လျှောက်တောင်သူနဲ့ပေါင်းခဲ့တယ်ဆိုတော့ တောင်သူရဲ့အခက်အခဲကို ကျွန်တော်တို့ အသိဆုံးပေါ့။

အဲ့ဒီတော့ ပြီးခဲ့တဲ့နှစ်က တောင်သူက တအားကို ခက်ခဲတယ်။ ကုန်ဈေးနှုန်းကရော တောက်လျှောက်တက်နေတယ်။ မြေသြဇာဈေးကလည်း တက်နေတယ်။ ဒါပေမဲ့ သီးနှံရဲ့ဈေးနှုန်းကတော့ သိပ်မတက်ဘူး။ အဲ့ကျတော့ လက်ထဲမှာကျတော့ ပိုက်ဆံက နည်းတာပေါ့။ အဲ့လိုမျိုးအခက်အခဲကိုတွေ့ခဲ့တော့ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ ဒီဘိုကာရှီက တကယ်ကောင်းတယ်။ ပြီးခဲ့တဲ့ငါးနှစ်လုပ်ခဲ့တဲ့ သုတေသနတစ်ခုရှိပြီးသား၊ အဲ့ဒါကို ကျွန်တော်တို့ တောင်သူချည်းပဲရောင်းနေတာမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးမှာ အခက်အခဲရှိတဲ့တောင်သူတွေအတွက် ကျွန်တော်တို့ စရောင်းလိုက်တာ၊ အဲ့ဒါကိုကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်လိုက်တာပေါ့။

ဆုံးဖြတ်လိုက်ပြီးတော့ ကျွန်တော်တို့ Borderless Myanmar Fertilizer ကုမ္ပဏီကို Borderless Myanmar အောက်မှာ သပ်သပ်ခွဲပြီးတော့ ထုတ်လုပ်မှုအပိုင်းလည်း ပိုပြီးအားထည့်မယ်၊ မာကတ်တင်းအပိုင်းလည်း ပိုပြီး အားထည့်မယ်ပေါ့၊ တစ်နိုင်ငံလုံး တောင်သူအသုံးပြုအောင်၊ ထုတ်လုပ်မှုအပိုင်းလည်း ပိုပြီး အဆင့်မြှင့်မယ်ပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့ကလုပ်တာဘာလဲဆိုတော့ ထုတ်လုပ်မှုအပိုင်းပေါ့။ အရင်တုန်းက ကိုယ့်တောင်သူကို ကန်ထရိုက်ရှိတဲ့တောင်သူကို ရောင်းခဲ့တာဆိုတော့ အဲ့လောက်ကြီး အရည်အသွေးနဲ့ ပတ်သက်လို့ စဉ်းစားစရာမလိုဘူးပေါ့နော်။ ဒါမဲ့ အခုနောက်ပိုင်းကဘာလဲဆိုတော့ နွားချေး၊ ကြက်ချေး၊ ဖွဲနု၊ နှမ်းဖတ်ပေါ့၊ အဓိကအခြေခံကတော့ ဒီလေးမျိုးပေါ့။ ဒီလေးမျိုးတောင် ကျွန်တော်တို့က ဘယ်နေရာမဆို မယူဘူး။ ကျွန်တော်တို့က တကယ်ဒီတစ်ယောက်၊ ဒီ Original နဲ့ပဲယူမယ်ပေါ့။ အဲ့ဒါကတော့ ဂျပန်ရဲ့ Management Style ပေါ့နော်။ ဟိုကနေယူလိုက်၊ ဒီကနေယူလိုက်မဟုတ်ပဲနဲ့ တကယ် အဆင်ပြေတဲ့သူ၊ တကယ်သဘောကျတဲ့သူတစ်ယောက်ကပဲ ကုန်ကြမ်းကိုယူတာပေါ့။

ပြီးလို့ရှိရင် ကျွန်တော်တို့က ပုံမှန်ဆိုရင် ဘိုကာရှီဆိုရင် EM သုံးကြတာများတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က EM နဲ့ တကယ်သဘာဝပတ်ဝန်းကျင်ကနေယူလို့ရတဲ့ EM မှာလည်း ပွားလို့ရတဲ့ အကျိုးပြုအဏုဇီဝကို ကျွန်တော်တို့က နှစ်ခုလုံးသုံးတာ။ အဲ့ပေါ်မှာ ကျွန်တော်တို့က မှိုရောဂါကာကွယ်လို့ရအောင်၊ ထရိုင်ကိုဒါးမားထည့်ပေးသလိုမျိုး၊ ဒီတခြားပိုပြီးတော့ အားကောင်းအောင် တင်လဲရည်ထည့်ပေးတာမျိုး၊ တစ်ခြားသွင်းအားစုတွေအများကြီး ပေါင်းပေးထားတာပေါ့။ အဲ့ဒါ အဓိက ဘာလဲဆိုတော့ ဂျပန်ကလာတဲ့နည်းပညာပေါ့။

မြေသြဇာဈေးနှုန်း တက်နေတာတော့ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘူး။ ဂျပန်နိုင်ငံမှာလည်း တအားမြေသြဇာဈေးတက်နေတယ်။ အဲ့ဒါကြောင့် ဂျပန်နိုင်ငံကလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ မြန်မာနိုင်ငံနဲ့အတူတူပဲ၊ ဓာတုမြေသြဇာ လျှော့ချလိုက်ရတာပေါ့၊ သဘာဝမြေသြဇာသုံးကြရတာပေါ့။ အဲ့သဘာဝမြေသြဇာထဲမှာ ဘိုကာရှီကတော့ အဆင့်မြင့်တဲ့ထဲမှာ ပါတာပေါ့နော်။ အဲဒါကြောင့် အသုံးပြုတာ ဂျပန်နိုင်ငံမှာလည်း ပိုပြီးတော့များလာတာပေါ့။

အဲ့ဒါကြောင့် ကျွန်တော်က ဂျပန်နိုင်ငံမှာတောင်သုံးလို့ရရင် မြန်မာနိုင်ငံမှာလည်း အသုံးဝင်တာပေါ့။ အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ကုမ္ပဏီသပ်သပ်ခွဲပြီးတော့ ထုတ်လုပ်မှုအပိုင်းလည်း ပိုပြီးတော့ အဆင်ပြေအောင်လို့လည်း မာကတ်တင်းအပိုင်းလည်း အခု ဧရာဝတီ၊ မကွေး၊ ရှမ်း၊ တခြား ပြည်နယ်တွေလည်း အခုသွားနေတုန်းပဲပေါ့။ အဲ့ပုံစံနဲ့လုပ်နေတာပေါ့။ အဲ့ဒါက ခုနပြောသလို တောင်သူရဲ့ ကုန်ကျစရိတ်လျှော့ချပြီးတော့ အထွက်နှုန်းတိုးအောင် ပြီးခဲ့တဲ့ ငါးနှစ်လုပ်ခဲ့တဲ့အတွက် အတွေ့အကြုံ ရှိတဲ့အတွက် လုံးဝယုံကြည်မှုရှိတယ်။ ဒီ ပြောင်း၊ ခရမ်းချဉ်၊ အာလူး၊ တခြားဟင်းသီးဟင်းရွက်၊ စပါး၊ တခြားသီးနှံအကုန်လုံးပေါ့နော်၊ ကျွန်တော်တို့ Research ရှိပြီးသားပေါ့။ အဲ့ဒီလိုမျိုး တောင်သူအတွက်ဆိုပြီးက ရည်ရွယ်ချက်တစ်ခုပေါ့။

နောက်တစ်ခု ကျွန်တော်တို့က ရည်ရွယ်ချက်အကြီးကြီး ရှိတယ်။ ဘာလဲဆိုတော့ ဒီနိုင်ငံကြည့်လိုက်လို့ရှိရင် လူကမရှိတော့ဘူး။ လူငယ်မရှိတော့ဘူးပေါ့။ နံပါတ်တစ်ကတော့ ဘယ်သွားကြတာလဲဆိုတော့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်သွားတဲ့သူလည်းများတယ်ပေါ့နော်။ ကျွန်တော်ကတော့ အဲ့ဒါကိုစိတ်မကောင်းဘူး။ ပြောမယ်ဆိုရင် ပြည်တွင်းမှာလူမရှိဘဲနဲ့ ဒီနိုင်ငံက ဘယ်လိုတိုးတက်လာမလဲ။ ဒါပေမဲ့ သူတို့အခက်အခဲကိုနားလည်ပါတယ်။ ဒီအခုအချိန်က အများကြီး ခက်ခဲတာပေါ့နော်။ သွားလို့ရတဲ့အခွင့်ရှိတဲ့သူတွေလည်းရှိတယ်။ သွားလို့မရတဲ့သူတွေလည်းရှိတယ်။ အဲ့အချိန်မှာကျွန်တော်ကဘာကိုလုပ်ချင်လဲဆိုတော့ ဒီဘိုကာရှီထုတ်လုပ်မှု Processing ပေါ့။ ဒီ Processing ရော၊ ဘိုကာရှီ Processing နဲ့အလုပ်အကိုင်တစ်ခု ပေးချင်တယ်။

ဥပမာ ကျွန်တော်တို့က ရှမ်း ပြည်မှာ ဘိုကာရှီထုတ်လုပ်တာဆိုရင် နေ့တိုင်း အလုပ်သမား ၇၀ ကနေ အယောက် ၁၀၀ လောက်ပေါ့၊ နေ့တိုင်း အလုပ်လာလုပ်တယ်။ သူတို့ဆိုရင် အပြင်မှာ အလုပ်မရှိဘူး။ လုံးဝ အလုပ်မရှိလို့ ဥပမာ ကျန်းမာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီပညာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကလေး ကျောင်းထားချင်ရင်လည်း အဲ့ဒါလည်း လုပ်လို့မရဘူးဖြစ်နေတယ်။ အဲ့လိုလူမျိုးတွေကို ကျွန်တော်က အလုပ်အကိုင်ပေးလို့ရအောင်ဆိုပြီးတော့ တတ်နိုင်သလောက် Manual Labor နဲ့ စက်ပစ္စည်းသိပ်မသုံးဘဲနဲ့ပေါ့၊ လက်နဲ့ပေါ့၊ ဂျပန်မှာလည်းအတူတူပါပဲ စက်သိပ်မသုံးဘူး။ ဘိုကာရှီထုတ်တာလေ၊ တကယ်လက်တွေ့ လူကသေသေချာချာ လုပ်ရတဲ့ဟာမို့လို့၊ အဲ့ဒါ Processing နဲ့အလုပ်အကိုင်တစ်ခုပေးလို့ရအောင်ပေါ့။ အဲ့ဒါတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကြီးကြီး နောက်တစ်ခုပေါ့။

အဲ့ဒါကို ကျွန်တော်တို့က ဘယ်အထိ သွားချင်လဲဆိုတော့ အခုကလက်ရှိရှမ်းပြည်မှာထုတ်လုပ်တယ်။ ရှမ်းပြည်မှာထုတ်လုပ်တဲ့ဟာကို ဧရာဝတီပို့တယ်၊ မကွေးပို့တယ်၊ ဒီရှမ်းပြည်မှာသုံးတယ်ပေါ့နော်။  ဒါပေမဲ့ ရေရှည်ကျတော့ ကျွန်တော် က ဘယ်လိုလုပ်ချင်လဲဆိုတော့ ဥပမာ ဧရာဝတီ တိုင်းမှာ ရောင်းရတယ်ဆိုရင် ဧရာဝတီတိုင်းမှာ ဘိုကာရှီ စက်ရုံတည်မယ်။ ကချင်ပြည်နယ်မှာ ရောင်းရတယ်ဆိုရင် ကချင်ပြည်နယ်မှာ ဘိုကာရှီစက်ရုံ တည်မယ်ပေါ့။ အဲ့ဒါက အဓိကဘာလဲဆိုတော့ အဓိကရည်ရွယ်ချက်နှစ်ခုပေါ့နော်၊ ဒီတောင်သူရဲ့ ကုန်ကျစရိတ် လျော့ကျဖို့အတွက်က ဒီကနေ ဧရာဝတီပို့မယ်ဆိုရင်အဝေးကြီး၊ ကားခလည်းမနည်းဘူး။ ဟိုဘက်မှာ သွားလုပ်လို့ရရင် တောင်သူအတွက်လည်း ပိုပြီးတော့သက်သာတယ်။

နောက်တစ်ခုက အလုပ်အကိုင် အခွင့်မရှိဘူးဆိုတာလည်း ဒီတစ်နေရာတည်းမဟုတ်ဘူး။ ဧရာဝတီဘက်မှာလည်း မရှိဘူး။ ကရင်ပြည်နယ်ဘက်မှာလည်း အကြာကြီးနေခဲ့တော့ ပိုပြီးတော့သိတာပေါ့နော်။ အလုပ်အကိုင်မရှိဘူး။ အဲ့ဒါကြောင့် ဧရာဝတီမှာဖွင့်လို့ရရင် ဟိုဘက်မှာ အလုပ်အကိုင်အခွင့်မရှိတဲ့သူလည်း အလုပ်အကိုင် အခွင့်ပေးလို့ရတယ်။ နောက်ပြီးတော့ တောင်သူအတွက်လည်း သက်သာတယ်ပေါ့။ ပြီးတော့ ရေရှည်စိုက်ပျိုးရေးလည်းဖြစ်တယ်။ ပြောမယ်ဆိုရင် Win - Win – Win ဖြစ်နေတာပေါ့။ အဲ့အပေါ်မှာ အမြတ်ရှိတဲ့အတွက် ကုမ္ပဏီကို လည်ပတ်လို့ရတာပေါ့။

NGOs ဆိုရင် ဒီတစ်နှစ်လုပ်လိုက်လို့ရှိရင်ပြီးပြီ။ ဒါမဲ့ ဒီပေါ်မှာလည်း သီးခြားအမြတ်လည်းယူထားတယ်၊ တောင်သူကိုလည်း အကျိုးပြုတယ်၊ အလုပ်မရှိတဲ့သူကိုလည်း အဲ့အပေါ်မှာ ကျွန်တော်တို့က တောက်လျှောက်လည်ပတ်ပြီးတော့ အဆင်ပြေအောင် တစ်နိုင်ငံလုံးသွားလို့ရတာပေါ့။ အဲ့ဒါကတော့ ကျွန်တော်တို့ရည်ရွယ်ချက်၊ သွားချင်တဲ့ ပန်းတိုင်လို့ ပြောရမလား၊ အိပ်မက်လို့ ပြောရမလား အဲ့လိုမျိုးပေါ့။ 

မေး။ ဘိုကာရှီမြေသြဇာနဲ့ပတ်သက်ပြီး အရည်အသွေးကောင်းမွန်အောင် နည်းစနစ်ပိုင်းတွေကို ဘယ်လို ဂရုစိုက်သလဲ။ အဲ့အပိုင်းတွေကိုလည်း ပြောပြစေချင်ပါတယ်။

ဖြေ။ နံပါတ်တစ်ကတော့ Quality Control ပေါ့နော်။ ကျွန်တော်တို့က တစ်နိုင်ငံလုံးကို ဘိုကာရှီ စက်ရုံတည်ချင်တာပေါ့။ တည်ချင်တယ်ဆိုတော့က တခြားကုမ္ပဏီဆိုရင် အဲ့လိုမစဉ်းစားဘူး။ ဘာလို့လဲဆိုတော့ ရှုပ်တယ်လေ။ ဟိုဘက်လည်း Management တစ်ယောက်သွားမယ် Quality Control ကမညီဘူးဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒါကို ရအောင်လုပ်မှာ။ ရအောင်လုပ်မယ်ဆိုတာက ခုနပြောသလိုရည်ရွယ်ချက်ပေါ့နော်။ အလုပ်အကိုင်ခွင့် တစ်နိုင်ငံလုံးမှာ ပေးချင်တယ်။ တစ်နိုင်ငံလုံး သက်သာစေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတော့ အဲ့ဒါကိုရအောင်လုပ်မှရမှာ။

အဲ့ဒါကို ဘယ်လိုရအောင် လုပ်မလဲဆိုတော့က တစ်ချက်ကဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့အခုစက်ရုံရဲ့ Management ပေါ့နော်။ ဘယ်လိုပုံစံနဲ့သွားတယ်ဆိုတော့ လုံးဝ Data Management လုပ်တာ ကျွန်တော်တို့က၊ ဥပမာ ဘိုကာရှီကုန်ကြမ်းစုတာပေါ့။ ကုန်ကြမ်းစုတယ်ဆိုရင် ဘယ်လိုကုန်ကြမ်းစုနေတာလဲ။ ကုန်ကြမ်းရဲ့ အရည်အသွေးက ဘယ်လိုနေလဲကစပြီးတော့ ကုန်ကြမ်းကိုစုတဲ့နာရီ၊ ဘယ်နှနာရီ ကုန်ကြမ်းစုတာလဲပေါ့။ အဲ့လိုမျိုးကစပြီးတော့ လုံးဝအသေးစိတ် ဒေတာကောက်တာပေါ့။ ပြောမယ်ဆိုရင် ဒေတာကောက်တဲ့ဟာကို ပိုပြီးတော့ ဖွံ့ဖြိုးအောင်လုပ်နေတာပေါ့။ ဒါပေမဲ့ ရှမ်းပြည်မှာထုတ်လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့က Quality Management နဲ့ ပတ်သက်ပြီးတော့ Format တစ်ခုရှိပြီးသား။ ဒီပုံစံနဲ့ ဒေတာကောက်ရမယ်။ ကွန်ပျူတာထဲမှာလည်း KPI တွေက အများကြီး၊ Format တွေကလည်း အများကြီး။ ကုန်ကြမ်းနဲ့ပတ်သက်တဲ့ စစ်တဲ့ဟာရှိတယ်။ ဘိုကာရှီနဲ့ပတ်သက်တဲ့စစ်တဲ့ဟာရှိတယ်။ ဒီ Delivery နဲ့ ပတ်သက်ပြီးစစ်တဲ့ဟာရှိတယ်။ အများကြီးပေါ့နော်။ ဒေတာကအများကြီး။ အဲ့ဒါအကုန်လုံး သုံးပြီးတော့ အဓိက Operation ကိုချတာပေါ့။ ဒီတစ်ခုမဟုတ်ရင် Quality Control မလုပ်နိုင်ဘူး။ အဲ့လိုမဖြစ်အောင်ပေါ့။ ဘယ်သူလုပ်လုပ် Quality ညီအောင် Format တစ်ခုချထားတဲ့သဘောပေါ့။ အဲ့ဒါတော့ နံပါတ်တစ်အချက်အရေးကြီးတာပေါ့။

တတိယတစ်ချက်က အော်ပရေးရှင်းဆွဲထားတာက ဘယ်လောက်ကောင်းကောင်း၊ ဖော်မတ်ဘယ်လောက်ကောင်းကောင်း၊ လူကမကောင်းရင်တော့ အဆင်မပြေဘူး။ အဓိက အဲ့ဒါနံပါတ်တစ်ချက်ပေါ့နော်။ အဲ့ဒါကို ကျွန်တော်က ဘာလဲဆိုတော့ စိတ်မပူဘူး။ စိတ်မပူဘူးဆိုတာက ကျွန်တော် ပြီးခဲ့တဲ့ ငါးနှစ် Borderless ငါးနှစ်လုပ်ခဲ့တယ်။ ခုန ပြောသလို ဆိုင်မှာအလုပ်လုပ်တဲ့သူလည်း ဒေသလူငယ်ပဲ။ Local Use ပေါ့နော်။ ဒီ ကျွန်တော့်ဆီမှာ အလုပ်လုပ်တဲ့အယောက် ၇၀၊ ကျွန်တော်လုံးဝယုံကြည်တယ်။ ဘာလဲဆိုတော့ ကျွန်တော်လည်း သေချာသင်ပေးခဲ့တယ်။ သူတို့လည်း တကယ်သင်ချင်တဲ့စိတ်၊ တိုးတက်ချင်တဲ့စိတ်၊ အောင်မြင်ချင်တဲ့စိတ်၊ တောင်သူကိုကူညီပေးချင်တဲ့စိတ် အပြည့်အဝရှိတယ်၊ အဲ့အချိန်မှာ သူတို့က အမြဲတမ်း တိုးတက်လာတယ်။

အဲ့ပေါ်မှာ ကျွန်တော်က ဘာယုံကြည်မှုရသွားလဲဆိုတော့ မြန်မာနိုင်ငံရဲ့လူငယ်က တကယ် သင်ပေးရင်၊ တကယ်အခွင့်အရေးရရင် အများကြီးတိုးတက်တယ်။ အများကြီးအားကိုးလို့ရတယ်။ ဒါကတော့ ကျွန်တော့စိတ်ထဲမှာ ရှိပြီးသားပေါ့။

အခုဘိုကာရှီလည်းတူတူပဲ။ ဒီစိုက်ပျိုးရေး ကျောင်းဆင်းတဲ့သူရော၊ ဒေသလူငယ်ရော၊ အမျိုးစုံပေါ့နော်၊ လူပေါင်းစုံပေါ့။ ဒီလက်ရှိ Management ကတော့ အခု ဆယ်ယောက်လောက်ရှိတာပေါ့။ ဒီဆယ်ယောက်ကို ကျွန်တော် တောက်လျှောက် Train တယ်။ သင်ပေးတယ် အကုန်လုံး။ အဲ့ဒီအချိန်မှာ သူတို့ရဲ့နားလည်နိုင်တဲ့စွမ်းအားတွေ တအားမြင့်တာပေါ့။ ကျွန်တော်တို့ကတော့ အခုလောလောဆယ် ရှမ်းပြည်မှာ တောက်လျှောက် လူမွေးလိုက်မယ်။ သင်ပေးလိုက်မယ်။ အဲ့အချိန်မှာ ဒီကနေ တိုးတက်လာတဲ့သူတွေကို ညီမတစ်ယောက်ကို အကုန်လုံးကိုင်လို့ရတယ်ဆိုရင် နောင်တရားသွားကြည့်မလား၊ ဟုတ်ပြီ ဒီဘက်က ညီလေး တစ်ယောက်က အကုန်လုံးခိုင်းလို့ရပြီဆိုရင် ဧရာဝတီသွားမလားပေါ့။ ပြောမယ်ဆိုရင် Format လည်း ကောင်းကောင်းရှိတယ်၊ နောက်ပြီးတော့ လူလည်းကောင်းတယ်။ ပြီးတော့ ကျွန်တော်တို့က သေချာ Train တဲ့အစီအစဉ် ရှိတယ်ပေါ့။ အဲ့ဒါကြောင့်မို့လို့ အစကတည်းကစိတ်ထဲမှာပေါ့နော်၊ တစ်နိုင်ငံလုံး ချဲ့လိုက်မယ်လို့ ဆုံးဖြတ်ကတည်းက ကျွန်တော်က လူကိုမွေးမှရမှာ။ အဲ့ဒါနံပါတ်တစ် စိတ်ထဲမှာ ရှိပြီးသား။ အဲ့ဒါတော့ အခုတောက်လျှောက် အဲ့ဒါကိုလုပ်နေတယ်။ အဆင်ပြေမှာပါလို့ ကျွန်တော်က ယုံကြည်တယ်။ 

မေး။ ဘိုကာရှီနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိပါသေးလဲ။

ဖြေ။ ဟုတ်။ အခုလက်ရှိကတော့ ကျွန်တော်တို့ ဘိုဘာရှီကတော့အမှုန့်ပေါ့။ အလုံးတော့ မဟုတ်သေးဘူးပေါ့နော်။ အမှုန့်ကမကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ငါးနှစ်၊ သီးနှံအမျိုးပေါင်းစုံပေါ့နော်၊ ရှမ်းပြည်မှာစမ်းခဲ့တာဆိုတော့ တကယ်လက်တွေ့ သုံးခဲ့တာဆိုတော့ အဲ့ဒါတော့ကောင်းတယ်။ ဒါပေမဲ့ တောင်သူသုံးတဲ့အချိန်မှာ တစ်ခြားဒေသပေါ့နော်၊ အမှုန့်ကိုကျွေးတာအကျင့်မပါတဲ့ ဧရိယာဆိုရင် တစ်ချို့လုပ်ပေးမှရမှာ။ အဲ့ဒါကိုကျွန်တော်တို့က အလုံးလုံးတဲ့စနစ်ပေါ့နော်။ ဒီ ထိုင်းနိုင်ငံရော တရုတ်နိုင်ငံရော၊ ဂျပန်ရောပေါ့နော်၊ နည်းပညာယူပြီးတော့ ဘယ်လိုပုံစံနဲ့လုပ်ရင် အကောင်းဆုံးဖြစ်မလဲပေါ့။ အဲ့အချိန်မှာလုံးလိုက်ပြီ၊ ဒါပေမဲ့ အကျိုးပြုအဏုဇီဝ သေသွားသလိုမျိုး၊ လုံးပြီ၊ ဒါမယ့် N,P,K က လျော့သွားတာမျိုး။ ဒီအနည်းလိုအာဟာရ လျော့သွားတာမျိုး အဲ့လိုမဖြစ်အောင်ပေါ့၊ အကောင်းဆုံးပုံစံနဲ့လုံးဖို့အတွက် လုံးလိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ပဲနဲ့ အကောင်းဆုံးလုံးလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကျွန်တော်တို့က အခု R and D (Research and Development) လုပ်နေတာပေါ့။

နောက်တစ်ခုက ဘာလဲဆိုတော့ အရည်အသွေး ဒီထက်ပိုမြင့်အောင်ပေါ့။ ဒါပေမဲ့ Quality မြှင့်လိုက်တာတော့မခက်ဘူး။ ပြောမယ်ဆိုရင် ကောင်းတဲ့ပစ္စည်းကအများကြီးသွင်းလိုက်လို့ရှိရင် Quality ကတော့ ကောင်းမှာပဲ။ ဒါပေမဲ့ Quality ကောင်းတဲ့ပစ္စည်းကို အများကြီးထည့်လိုက်မယ်ဆိုရင် ဈေးကတက်သွားမှာပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ကြားထဲမှာညှိနေတာပေါ့။ ဒီတောင်သူအတွက် အများကြီးမများသွားဘူး။ ဒါမဲ့ ပစ္စည်းပိုကောင်းတယ်ပေါ့။ အဲ့ဒါကိုလုပ်ဖို့အတွက်က အခုစုံစမ်းနေတာ ဘာလဲဆိုတော့ ဥပမာ ဂျပန်ကလာတဲ့ EM လည်းမဟုတ်ဘူး။ တစ်ခြားအကျိုးပြုအဏုဇီဝပေါ့။ အမျိုးမျိုးရှိတယ်။ ဂျပန် JICA တို့၊ အစိုးရတို့ ကုမ္ပဏီတို့ပေါင်းပြီးတာ့ လုပ်နေတဲ့ဟာပေါ့။ အဲ့ဒီလို မျိုးဟာကိုကျွန်တော်တို့ ဂျပန်ကနေ သွင်းမလားပေါ့။ အဲ့ဒါလည်းအခုအစီအစဉ်ရှိတယ်။ တစ်ခြား EM လိုပေါ့နော်။ EM ကို ဒီထက်မက ပိုပြီးတော့ထည့်ရင် ဘယ်လိုဖြစ်မလဲပေါ့။ ဘယ်လိုပုံစံနဲ့ပွားရင် အကောင်းဆုံးဖြစ်မလဲ၊ ထရိုင်ကိုဒါးမားနဲ့အတူတူပေါ့။ ပြီးလို့ရှိရင် တစ်ခြားအရိုးမှုန့်တို့လို အဲ့ဒါကို ဘယ်လိုထည့်ရင်ကောင်းမလဲပေါ့။ အဲ့ဒါကတော့ ကျွန်တော်တို့ကတော့ ဘယ်လိုပြောမလဲ Quality ကို ပြန်ပြောင်းတဲ့အချိန်မှာပေါ့ ဒါထည့်လိုက်ရင်တော့ကောင်းတယ်၊ ရော့ထည့်လိုက် ပြောင်းလိုက် အဲ့ပုံစံနဲ့ မသွားချင်ဘူး။ ကျွန်တော်တို့က သေချာဓာတ်ခွဲခန်းကိုပို့လိုက်မယ်။ ပစ္စည်းပြောင်းလိုက်ပြီဆိုရင် လက်တွေ့၊ တောင်သူနဲ့သုံးပြီးတော့ပေါ့နော်၊ ဘယ်လိုအဆင်ပြေလာမလဲဆိုတာကြည့်မှရမှာပေါ့နော်။ အဲ့ဒါကိုအခုက ထည့်မယ်ဆိုရင် အများကြီးပါ။ အဲဒါ့ကို ဘယ်လိုပုံစံနဲ့ ပြောင်းလိုက်ရင် ကောင်းမလဲ ဆိုတာ ညှိရုံပဲပေါ့။ ဒါပေမယ့် ဒီထက်မက ပိုပြီးတော့ကောင်းလာမယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်။ 

(ဆက်လက်ဖော်ပြသွားပါမည်)

Photos Crd - Borderless Link

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်