မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနယ်ပယ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့အတူ စီးပွားရေးလုပ်နေတဲ့ ဂျပန်လူငယ်တစ်ဦးဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မှာ ရှိနေပါတယ်။ သူကတော့ ဂျပန်စိုက်ပျိုးရေးစင်တာ Borderless Myanmar ရဲ့ CEO ဖြစ်တဲ့ တိုမိုပါ။ ၂၀၁၇ ဒီဇင်ဘာကစလို့ ရှမ်းပြည်နယ်မှာ စတင်ခဲ့တဲ့ သူ့ရဲ့ လုပ်ငန်းဟာ အခက်အခဲတွေ ကြားကနေ အခုဆိုရင် ကုမ္ပဏီ ၃ ခုနဲ့အတူ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေ ရနေပါပြီ။
ဂျပန်မှာမွေး ဂျပန်မှာပဲကြီးခဲ့တဲ့ ဒီဂျပန်သားလေးဟာ ဘယ်လို ရည်ရွယ်ချက်တွေ၊ ဘယ်လို စေ့ဆော်မှု တွေကြောင့် မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုစီးပွားရေး (Social business) ကို လာလုပ်နေတာလဲ၊ မြန်မာ တောင်သူတွေဘဝကို ဘယ်လိုမျိုး မြှင့်တင်ပေးချင်တဲ့ ဆန္ဒရှိတာလဲ၊ ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ချက်တွေထားထားသလဲဆိုတာတွေနဲ့ပတ်သက်လို့ မစ္စတာတိုမိုနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ ကို Green Way က ဆက်တိုက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အင်တာဗျူး
တိုမို(CEO)
(Borderless Myanmar)
မေးခွန်း (၁)။ ။ မြန်မာပြည်မှာ စိုက်ပျိုးရေးလုပ်ငန်းလာလုပ်ဖို့ ကိုယ့်စိတ်ထဲမှာ သတိပြုမိစေတဲ့ အကြောင်းအရာက ဘာတွေဖြစ်မလဲ။
ဖြေ။ ၂၀၁၁ မှာ ဘယ်ကိုရောက်သွားလဲဆိုတော့ ထိုင်းနိုင်ငံနဲ့ ကရင်ပြည်နယ်နဲ့ နယ်စပ် ဒီစစ်ပွဲတွေဖြစ်နေတဲ့နေရာပေါ့။ ကျွန်တော်သွားတာဘယ်မှာလဲဆိုတော့ ဒုက္ခသည်စခန်းပေါ့၊ ဒုက္ခသည်စခန်းကို ရောက်သွားတာ အသက် ၁၈ နှစ်တုန်းက။ ရောက်သွားပြီးတော့ ကျွန်တော်က ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြောမယ်ဆိုရင် ကျွန်တော့ဘဝက အသက် ၁၈ နှစ်အထိ ဂျပန်မှာပဲနေခဲ့တာ။ ဒီလိုနိုင်ငံခြားလည်းမသွားဖူးဘူး။ ဒုက္ခသည်စခန်းဆိုတာ ကြားပဲကြားဖူးတယ်။ မရောက်ဖူးဘူး။ ကျွန်တော်က မိဘတွေရှိတယ်။ ကျောင်းလည်းပုံမှန်တက်တယ်ပေါ့နော်။ ကျွန်တော့် ဘဝကပြောမယ်ဆိုရင် ဂျပန်မှာ ၁၈ နှစ်လုံး အခက်အခဲ ဘာမှမရှိခဲ့ဘူးပေါ့။ ဘာမှ အခက်အခဲ မရှိပဲနေခဲ့ပြီးတော့ ကျွန်တော်ဒုက္ခသည်စခန်းကို ရောက်သွားတာပေါ့။ ရောက်သွားတဲ့အခါကျတာ့ ဒုက္ခ သည်စခန်းမှာ နေတဲ့သူတွေအားလုံး နေတဲ့သူရဲ့ဘဝကတော့ အရမ်းကိုခက်ခဲနေတာပေါ့။ ဒီပေါ်မှာ အလုပ်မရှိဘူး။ ပိုက်ဆံရှာလို့မရဘူး။ ရှာလို့မရတဲ့အတွက် ထမင်းစားရတာ ဘယ်ကနေစားရမလဲဆိုလို့ NGOs တို့ အစိုးရအထောက်အပံ့ပေးတယ်။ အဲ့ဒါနဲ့ စားရမှာပေါ့နော်။ အဲ့ဒါနဲ့ တချို့ဘာလဲဆိုတော့ ဥပမာ ထိုင်းနိုင်ငံကိုသွားချင်တယ်၊ မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုရင် သွားခွင့်လည်းမရှိဘူးပေါ့။ ဥပမာ ကျွန်တော့်သူငယ်ချင်းဆိုရင် မွေးကတည်းက ဒုက္ခသည်စခန်းမှာနေခဲ့တယ်။ အလုပ်လည်းမလုပ်ဖူးဘူး။ ကျောင်းကတော့ ကြိုးစားပြီးတက်တယ်။ ကျောင်းကတော့ ပြီးအောင်တက်တယ်။ ဒါပေမဲ့ ကျောင်းပြီးတဲ့အချိန်မှာကျတော့ ဘာမှလုပ်လို့မရဘူး။ လုပ်ခွင့်မရှိဘူးပေါ့။
အဲ့ဒါကိုတွေ့ပြီးတော့ ကျွန်တော်က ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော့်ဘဝက ဘာအခက်အခဲမှမရှိခဲ့ဘူး။ သူတို့ဘဝက ခက်ခဲနေတာပေါ့။ အဲ့ဒါကိုတွေ့ပြီးတာ့ ကျွန်တော်က ဟုတ်ပြီ၊ ကျွန်တော် သူတို့အတွက် တစ်ခုခု လုပ်ပေးချင်တယ်ပေါ့။ တော်တော်များများက ကရင်လူမျိုးပေါ့။ ကျွန်တော့သူငယ်ချင်းက ကရင် လူမျိုးကအများဆုံးပေါ့။ သူတို့ကို ကျွန်တော် တစ်ခုခု ကူညီပေးချင်တယ်။ သူတို့ဘဝ အဆင်ပြေအောင် ပေါ့နော်။ ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ အဲ့ဒါကို စစဉ်းစားတာ ၂၀၁၁ ပေါ့။ ပြီးလို့ရှိရင်ကြားထဲမှာ အမေရိကားလည်း ကျောင်းသွားတက်တယ်။ မဲဆောက် ထိုင်းမှာလည်းနေဖူးတယ်။ ကရင်ပြည်နယ်မှာ လည်း သွားဖူးတယ်ပေါ့နော်။ ဂျပန်မှာလည်းနေတယ်။ နေရာတိုင်း သွားတဲ့နေရာတိုင်းမှာ ကရင်လူမျိုး နဲ့တွေ့တာအများဆုံး။ အမေရိကားသွားရင်လည်း ကရင်လူမျိုးညီအစ်ကိုလိုခင်တဲ့သူရှိတယ်။ သူတို့ ကူညီပေးတယ်။ မဲဆောက်မှာနေရင်လည်း ကျွန်တော့ကို ကူညီပေးတဲ့လူက ကရင်လူမျိုးက အများကြီးပေါ့။ ကျွန်တော်က သူတို့အပေါ်မှာ ကျေးဇူးအများကြီးရှိတာပေါ့နော်။ ကျွန်တော့်ရဲ့ ကူညီပေးချင်တဲ့စိတ်က ပိုပြီးတော့ပြင်းလာတာပေါ့။ ပိုပြီးတော့လုပ်ပေးချင်တယ်။ သူတို့လူမျိုးကို ပိုပြီးတော့ အဆင်ပြေအောင်လုပ်ပေးချင်တယ်။
အဲ့တာနဲ့ ကျွန်တော်က ၂၀၁၆ မှာ ကျောင်းပြီးတာပေါ့။ တက္ကသိုလ်ပြီးတာပေါ့။ ပြီးတဲ့အချိန်မှာ ကျွန်တော်ဘာအလုပ်လုပ်မှာလဲပေါ့။ ဂျပန်မှာပဲ အလုပ်ရှာပြီးတော့ အေးအေးဆေးဆေး နေမလား။ ကိုယ့်မိသားစုနဲ့ပေါ့နော်။ အဲ့ဒါလည်း Option တစ်ခုပေါ့။ အဲ့ဒါမှ မဟုတ်ရင်လည်း NGO ဝင်မလား၊ UN ဝင်မလား။ JICA ဝင်မလား အခွင့်အလမ်းတော့ရှိတာပေါ့။
ဒါမဲ့ အဲ့တုန်းက ကျွန်တော်စဉ်းစားမိတာ ဘာလဲဆိုတော့ NGO လမ်းကြောင်းလည်း တစ်ခုရှိတယ်။ NGO လမ်းကြောင်းနဲ့ သူတို့ကို ကူညီပေးလို့ ရတယ်ဆိုပေမယ့် Donor ပေးတဲ့ပိုက်ဆံက ရပ်သွားလို့ရှိရင် NGO က ဆက်လုပ်လို့မရဘူးပေါ့။ အဲ့အချိန် မှာ ကျွန်တော်က ဘယ်လိုစဉ်းစားလဲဆိုတော့ Social Business , Social Enterprise ပေါ့။ Social Business , Social Enterprise ဆိုရင် ကူညီပေးချင်တဲ့သူကို ကူညီပေးလို့ လည်းရတယ်။ နောက်ပြီးတော့ စီးပွားရေးအရ လည်ပတ်လို့ရတဲ့အတွက် အလှူရပ်သွားတာနဲ့ ပြီးသွားတာနဲ့မဟုတ်ဘူးပေါ့။ တောက်လျှောက်နှစ်ပေါင်း၊ နှစ်ဆယ်၊ သုံးဆယ်အထိ လုပ်သွားလို့ ရတာပေါ့။
အဲ့ဒါကြောင့် ကျွန်တော်က NGOs လည်းမဟုတ်ဘူး၊ ဂျပန်မှာ အေးအေးဆေးဆေး နေချင်တာလည်းမဟုတ်ဘူး။ မြန်မာနိုင်ငံကိုလာပြီးတော့ ကျွန်တော် Social Business တစ်ခု ထောင်လိုက်မယ်။ ထောင်လိုက်ပြီး ကျတော့ မြန်မာနိုင်ငံမှာအခက်အခဲရှိတဲ့သူ၊ စတာတော့ ကရင်လူမျိုးနဲ့စတာပေါ့။ ဒါမဲ့ မြန်မာနိုင်ငံ ရောက်ပြီးတော့ ကရင်လူမျိုးတစ်ခုတည်းမဟုတ်ပဲနဲ့ ကျန်တဲ့လူမျိုးတွေလည်း အခက်အခဲ ရှိတာပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးကို အဆင်ပြေအောင် အခက်အခဲ ရှိတဲ့သူတွေကို ကူညီပေးလို့ ရအောင် ကျွန်တော် Social Business မြန်မာနိုင်ငံမှာလုပ်မယ်ပေါ့။ အဲ့ဒီလိုမျိုးဆုံးဖြတ်ပြီးတော့ ကျွန်တော် ၂၀၁၆ ဂျပန်မှာ Borderless ဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ အဲ့ဒါကိုဝင်လိုက်တာပေါ့။ အဲ့ဒါကို ဝင်လိုက်ပြီးတော့ ၂ နှစ်လောက် ဂျပန်မှာ Social Business နဲ့ ပတ် သက်ပြီးတော့ လေ့လာခဲ့တာပေါ့။ လေ့လာပြီးတော့ ၂၀၁၇ ဆယ့်နှစ်လပိုင်းမှာ ဂျပန်မှာ မလုပ်တော့ဘူး ပေါ့။ ကျွန်တော်က မြန်မာနိုင်ငံသွားချင်တယ်။ မြန်မာနိုင်ငံကလူကို သွားကူညီပေးချင်တယ်ဆိုတဲ့စိတ်နဲ့ ၂၀၁၇ ဆယ့်နှစ်လပိုင်းမှာ မြန်မာနိုင်ငံကို ရောက်လာတယ်။
ရောက်လာပြီးခါကျတော့ နံပါတ်တစ် ဘာကိုတွေ့တယ်ဆိုတော့ အဓိကတောင်သူပေါ့။ ဒီနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းက တောင်သူပေါ့။ အဲ့အချိန်မှာ ဒီနိုင်ငံတိုးတက်ဖို့အတွက် ဒီနိုင်ငံ အောင်မြင်ဖို့အတွက်က အဓိက တောင်သူတိုးတက်ဖို့ နံပါတ်တစ် အရေးကြီးတယ်လို့ ကျွန်တော်က ထင်တယ်။
အဲ့ဒါကြောင့် ကျွန်တော်က ရွာဘက်ကိုဆင်းတယ်။ ဒီတောင်သူတွေနဲ့လည်း စကား ပြောတယ်။ ရွာမှာ ဘယ်လိုအခြေအနေရှိလဲပေါ့။ အဲ့ဒါကိုလေ့လာကြည့်တယ်။ လေ့လာကြည့်တဲ့ အခါ ကျတော့ အခက်အခဲကတော့ မျိုးစုံပဲ။ တောင်သူသားသမီးဆိုရင် တစ်ချို့ဆိုကျောင်းတက်လို့ မရဘူး။ တစ်ချို့တွေမှာဆိုရင် ရေမရှိဘူး။ လျှပ်စစ်မီးမရှိသေးဘူး။ ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ ဘာညာ အစုံပေါ့နော်။ ပြဿနာကို တွေ့တယ်။
ပြဿနာကိုတွေ့ပြီးတဲ့အခါကျတော့ ကျွန်တော်စဉ်းစားတာက ဘာကြောင့် တောင်သူက ဆင်းရဲနေရတာလဲ။ အခက်အခဲဖြစ်နေတာလဲ။ အဲ့ဒါကိုစဉ်းစားပြီး အခါ ကျတော့ ကျွန်တော်တွေ့တာက ပြသနာက အများကြီးပဲ။ မလွယ်ဘူး။
ဘာလဲဆိုရင် ဥပမာ ကျွန်တော် ရောက်ခါစဆိုရင် တောင်သူကပိုက်ဆံမရှိဘူး။ ပြောင်းစိုက်ချင်တယ်၊ စပါးစိုက်ချင်တယ်။ စိုက်ဖို့ အတွက်ကို ပိုက်ဆံကို ပွဲစားဆီကနေ ချေးလိုက်တယ်။ ချေးလိုက်ပြီးအခါကျတော့ သူတို့က တစ်လကို ငါးကျပ်။ ဒီဘက်မှာကျတော့ အများဆုံး တစ်ဆယ်ကျပ်ပေါ့။ အတိုးနှုန်း ပေးနေရတာပေါ့နော်။ အဲ့လိုမျိုးပြဿနာတစ်ခုပေါ့။ တစ်ခြားပြဿနာက ဘာလဲဆိုရင် ဥပမာ ပြောင်းစိုက်တယ်။ ပြောင်းမျိုး ဝယ်ချင်တယ်။ အစစ်မဟုတ်ဘူး၊ အတုပေါ့။ အတုမိတာ အဲ့လိုမျိုး။ အဲ့လိုမျိုးအတုဝယ်လိုက်ပြီးတဲ့ အခါကျတော့ အထွက်နှုန်းမှန်းချေက ၁၂၀၀ လောက် ရှိတဲ့ဟာက ငါးရာလောက်ပဲ ထွက်တာမျိုး၊ ပိဿာချိန် ၆၀၀ လောက်ပဲထွက်တာမျိုး အဲ့လိုမျိုးတွေ တွေ့ခဲ့တယ်ပေါ့။
ပြီးလို့ရှိရင်တော့ နည်းပညာ၊ ဒီစိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ရင် နည်းပညာ မရှိဘူးလေ။ ဘာလဲဆိုရင် သူတို့က နှစ်ပေါင်းလေးဆယ်၊ ငါးဆယ်လုံး လုပ်ခဲ့တာဆိုတော့ ဆရာပဲ။ တကယ့် နည်းပညာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့နည်းပညာက Up Date ဖြစ်လားဆိုရင် မဖြစ်ဘူး။ ဥပမာ ပြီးခဲ့တဲ့ ငါးနှစ် ဆယ်နှစ်မှာ တစ်ကမ္ဘာလုံးမှာ Up Date ဖြစ်တဲ့ နည်းပညာက ဒီမှာရောက်လားဆိုရင် မရောက်ဘူးပေါ့။ အဲ့ဒါနည်းပညာနဲ့ ပတ်သက်တဲ့အခက်အခဲပေါ့။ အဲ့နည်းပညာနဲ့ ပတ်သက်တဲ့အခက်အခဲရှိတဲ့အတွက် ကုန်ကျစရိတ်ကတော့ များတယ်။ အထွက်နှုန်းက နည်းတယ်ပေါ့။ ဒါမဲ့ ဒါက နည်းပညာရှိတယ်ဆိုရင် ပြင်လို့ရတာပေါ့။ ကုန်ကျစရိတ်ကို လျှော့ချပြီးတော့ အထွက်နှုန်း တိုးအောင်ပေါ့။ လုပ်လို့ရတယ်။
ဒါမဲ့ အဲ့နည်းပညာကလည်း သူတို့ဆီကို မရောက်ဘူး။ တခြား ဘာလဲဆိုတော့ ဥပမာ ဈေးကွက်နဲ့ ပတ်သက်လို့ပေါ့၊ တောင်သူက ပြောင်းစိုက်တယ်၊ စပါးစိုက်တယ်၊ ရောင်းတဲ့အချိန်မှာ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။ တချို့တွေဆိုရင် ကတ္တားမမှန်ဘူး။ တချို့ဆိုရင် အလိမ်ခံရတယ်။ အများကြီးပဲ။ အဲ့ဒါကြောင့်မို့လို့ ပိုက်ဆံနဲ့ပတ်သက်တဲ့ အရင်းအနှီးနဲ့ ပတ်သက်တဲ့ ပြီးလို့ရှိရင် နည်းပညာနဲ့ပတ်သက်တဲ့ သွင်းအားစုနဲ့ပတ်သက်တဲ့ ဈေးကွက်နဲ့ပတ်သက်တဲ့ စိုက်ပျိုးရေးလုပ်ဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ဟာပေါ့နော်။ အကုန်လုံးပြဿနာဖြစ်နေတယ်။ ကျွန်တော်တွေ့တာ။
အဲ့ဒီတော့ ကျွန်တော်က ဘယ်လိုစဉ်းစားလဲဆိုတော့ ဟုတ်ပြီ၊ တောင်သူက ဆင်းရဲတာက အဓိက ပတ်ဝန်းကျင်က အခြေခံအဆောက်အဦပေါ့၊ ပတ်ဝန်းကျင်က လိုအပ်တဲ့ဟာ မရှိလို့၊ ရှိရင်လည်း မကောင်းဘူး။ အဲ့ဒါကြောင့် ကျွန်တော်က Agri Service Center ပေါ့။ One Stop Service Center ကို ရွာဘက်မှာထောင်လိုက်မယ်။ ထောင်လိုက်ပြီဆိုရင် တောင်သူက ဒီစင်တာကို လာလို့ရှိရင် ပိုက်ဆံလည်း ရတယ်၊ နည်းပညာလည်းရတယ်၊ သွင်းအားစုလည်းရတယ်၊ ဈေးကွက်လည်း ရတယ်၊ အဲ့ဒါကို တစ်နေရာတည်း ရအောင်လုပ်နိုင်မလားပေါ့။ အဲ့ဒါကို ၂၀၁၇၊ ၁၂ လပိုင်း ရောက်တဲ့အခါကျတော့ စဉ်းစားမိတာပေါ့။ အဲ့ဒါနဲ့စလုပ်ကြည့်တာပေါ့။
အဲ့ဒီအိုင်ဒီယာအသစ်က ဘယ်ကလာလဲဆိုတော့ ကျွန်တော်က ဂျပန်ကလာတာဆိုတော့ ဂျပန်ကလာတဲ့ အိုင်ဒီယာပေါ့။ ဂျပန်မှာက ဘာရှိလဲဆိုတော့ ဂျပန်မှာက နော်ကောရောဆိုတာရှိတယ်။ နော်ကောရောဆိုတာက နေရာတိုင်းမှာ ရှိတယ်။ မြို့တိုင်းမှာ ရှိတယ်။ သူတို့ကဘာလုပ်လဲဆိုတော့ တောင်သူကလာလို့ရှိရင် နည်းပညာတွေ ရတယ်။ ပစ္စည်းတွေ ရတယ်။ ရောင်းလို့လည်းရတယ်၊ ပြီးလို့ရှိရင် ငွေလည်းချေးချင်ချေးလို့ရတယ်ပေါ့။ အဲ့လိုမျိုး။ တစ်နေရာတည်းလာလို့ရှိရင် အကုန်လုံးရတာပေါ့။
ပြောမယ်ဆိုရင် ဘာမှမခက်ဘူး၊ ကျွန်တော် စဉ်းစားတာက။ ဒီဘက်တောင်သူရဲ့အခက်အခဲကိုတွေ့ပြီးတော့ ဂျပန်မှာရှိတဲ့ Solution တစ်ခုကို ဒီဘက်ကို ကူးလိုက်တာပေါ့။ အဲ့ပုံစံနဲ့ ကျွန်တော် Borderless Link ကုမ္ပဏီကို ၂၀၁၇၊ ၁၂ လပိုင်းမှာ စခဲ့တာပေါ့။ အဲ့ဒါကလောလောဆယ် ကျွန်တော်စခဲ့တဲ့လမ်းကြောင်းပေါ့။
ဆက်လက်ဖော်ပြသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။