ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် အလိုအပ်ဆုံးအရာက အမြတ်အစွန်းတစ်ခုအတွက် အာမခံချက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။ မြတ်မယ်မှန်းသိရင်တော့ စိုက်ပျိုးမွေးမြူဖို့ ဘယ်သူမဆို စိတ်၀င်စားမှာပါပဲ။
ကောက်ပဲသီးနှံစိုက်ပျိုးရေးဟာ အခြားသီးနှံတွေနဲ့ ယှဉ်ရင် အမြတ်နည်းပါတယ်။ အမြတ်နည်းရတဲ့အထဲ ဈေးနှုန်းအာမခံချက်မရှိရင် အဲဒီ ကောက်ပဲသီးနှံကို စိုက်ပျိုးဖို့ စိတ်၀င်စားမှုနည်းမှာ သေချာပါတယ်။ ဒါကြောင့် ကောက်ပဲသီးနှံတွေအတွက် ဈေးနှုန်းအာမခံစနစ် တစ်ရပ်နဲ့ ကျားကန်ပေးဖို့ လိုကို လိုအပ်ပါတယ်။
ဒီနေရာမှာ ၂၀၁၉ ခုနှစ်က စာရေးသူရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်အတွင်း လေ့လာခွင့်ရရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကောက်ပဲသီးနှံဈေးနှုန်း အာမခံစနစ်အကြောင်း မျှဝေလိုပါတယ်။
တရုတ်အစိုးရဟာ ၁၉၇၀ ပြည့်လွန်ကာလတွေက စတင်ပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ရာမှာ မြေယာလွတ်လပ်ခွင့်ပေးအပ်ခြင်းက ထိပ်တန်းဦးစားပေးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲဒီလို လွတ်လပ်ခွင့်ပေးရာမှာ မြေယာအမျိုးအစားအလိုက် စိုက်ပျိုးသီးနှံသတ်မှတ်ချက်ကိုပါ ပယ်ဖျက်ထားတာပါ။
ဒါကြောင့် တောင်သူလယ်သမားတွေဟာ အမြတ်နည်းတဲ့ ကောက်ပဲသီးနှံတွေအစား ဈေးကောင်းရတဲ့သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာကြပါတယ်။ ဒါက တောင်သူလယ်သမားတွေ ဝင်ငွေတိုးတက်လာစေပေမဲ့ တစ်ဖက်မှာတော့ စားနပ်ရိက္ခာဖူလုံရေးနဲ့ နိုင်ငံတည်ငြိမ်ရေးကို ထိခိုက်လာစေပါလိမ့်မယ်။
တရုတ်အစိုးရက ဒီအချက်ကို ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးကို မြှင့်တင်ပေးဖို့ ကြံစည်ရပါတယ်။ အလွယ်ဆုံး နည်းလမ်းက (မြန်မာနိုင်ငံမှာလို) လယ်မြေမှာ စပါးပဲစိုက်ခွင့်ပြုမယ်ဆိုပြီး အမိန့် ထုတ်ပြန် သတ်မှတ်လိုက်ရုံပါပဲ။
ဒါပေမဲ့ တရုတ်အစိုးရက အဲဒီလို မလုပ်ပါဘူး။ အဲဒီလို အမိန့်နဲ့ ထိန်းချုပ်မယ့်အစား ကောက်ပဲသီးနှံ ဈေးနှုန်းကို အာမခံပေးတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးပါတယ်။ ဈေးနှုန်းမူဝါဒ (Price Policy) လို့ ခေါ်ပါတယ်။ တရုတ်အစိုးရရဲ့ ဈေးနှုန်းမူဝါဒ ၃ ခုအကြောင်း ဒီဆောင်းပါးမှာ တင်ပြသွားပါမယ်။
Minimal Price Policy
ပထမဆုံးတစ်ခုက အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ထားရှိတဲ့ မူဝါဒ (Minimal Price Policy) ပါ။ စပါးနဲ့ ဂျုံအတွက် ဒီမူဝါဒကို ကျင့်သုံးပါတယ်။ စပါးနဲ့ ဂျုံစိုက်ရာသီ မတိုင်မီမှာ အစိုးရက အဲဒီသီးနှံတွေ ရိတ်သိမ်းတဲ့ကာလမှာ ၀ယ်ယူပေးမယ့် ဈေးနှုန်းတစ်ခုကို သတ်မှတ်ပေးပါတယ်။ အဲဒီဈေးနှုန်းဟာ ရိတ်သိမ်းရာသီမှာရှိမယ့် အနိမ့်ဆုံး ဈေးနှုန်း ဖြစ်ပါတယ်။
ရိတ်သိမ်းရာသီရောက်တဲ့အခါ ဈေးကွက်ပေါက်ဈေးက အစိုးရကြိုတင်သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးဈေးထက်မြင့်နေရင် အစိုးရက အသာလေးနေလိုက်ပါတယ်။ တကယ်လို့ ဈေးကွက်ပေါက်ဈေးက အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံးဈေးနှုန်းအောက်ကို လျော့နည်းနေတယ်ဆိုရင် အဲဒီထုတ်ကုန်တွေကို အစိုးရက ပြန်ဝယ်ပေးပါတယ်။ သူ ကြိုတင်သတ်မှတ်ထားခဲ့တဲ့ အနိမ့်ဆုံးဈေးနှုန်းနဲ့ ဝယ်ယူပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးသူတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ဆိုရင် အနည်းဆုံး ဘယ်လောက်မြတ်မယ်ဆိုတဲ့ အာမခံချက်ရသွားပါတယ်။ ဒါကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးရေးကို စိတ်၀င်စားလာပြီး ပိုမိုစိုက်ပျိုးထုတ်လုပ်လာသလို သီးနှံအထွက်လည်း တိုးလာပါတယ်။
ဒီလိုလုပ်ပေးတဲ့အတွက် မမျှော်မှန်းဘဲ ရတဲ့ အကျိုးကျေးဇူးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ စိုက်ပျိုးရေးသမားတွေအနေနဲ့ Least Cost Production ခေါ်တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးနဲ့ ထုတ်လုပ်နိုင်ရေးကို ဦးတည်သွားစေပါတယ်။
Temporary Procurement and Sale Policy
ဒုတိယနည်းလမ်းကတော့ Temporary Procurement and Sale Policy ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ စိုက်ပျိုးရာသီမှာ အစိုးရက ဘာမှ မလုပ်ပါဘူး။ စိုက်ပျိုးရာသီတလျှောက် စိုက်ပျိုးစရိတ်ကိုသာ သုတေသနပြု လေ့လာထားပါတယ်။ ရိတ်သိမ်းရာသီမှာ သီးနှံတွေရဲ့ ဈေးကွက်ပေါက်ဈေးကို လေ့လာပါတယ်။
ဈေးကွက်ပေါက်ဈေးက ထုတ်လုပ်မှုကုန်ကျစရိတ်ထက် မြင့်မားနေရင် အစိုးရက ဘာမှ လုပ်စရာမလိုပါဘူး။ တကယ်လို့ ဈေးကွက်ပေါက်ဈေးဟာ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် လျော့နည်းပြီး စိုက်ပျိုးသူတွေ အရှုံးပေါ်မယ့် အခြေအနေဖြစ်ပေါ်လာပြီဆိုရင် အစိုးရက ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ပြန်ဝယ်ပေးပါတယ်။ အရင်းအတိုင်း အစိုးရက ပြန်၀ယ်ပေးတဲ့သဘောပါ။
စိုက်ပျိုးရေးသမားတွေအတွက် အနည်းဆုံးတော့ မမြတ်ရင်တောင် မရှုံးစေရဘူးလို့ အာမခံတဲ့ သဘောပါ။ ဒါပေမဲ့ ဒီနည်းလမ်း ကျင့်သုံးတာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က သဘောမတူလို့ ဆက်မသုံးတော့ပါဘူး။ တရုတ်နိုင်ငံဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ WTO အဖွဲ့ဝင် ဖြစ်လာတာမို့ အဖွဲ့ရဲ့ ကန့်သတ်ချက်တွေကို လိုက်နာရပါတယ်။
Target Price
တတိယနည်းလမ်းကတော့ Target Price ဆိုတဲ့ နည်းလမ်းပါ။
စိုက်ရာသီမတိုင်မီမှာ အစိုးရက ဈေးနှုန်းတစ်ခု သတ်မှတ်ပေးပါတယ်။ Target Price လို့ ခေါ်ပါတယ်။ ရိတ်သိမ်းရာသီရောက်တဲ့အခါ ဈေးကွက်ပေါက်ဈေးက အစိုးရကြိုတင်သတ်မှတ်ပေးထားတဲ့ Target Price ထက် များနေရင် ဈေးကွက်ပေါက်ဈေးနဲ့ ကြိုက်တဲ့သူကို လွတ်လွတ်လပ်လပ် ရောင်းစေပါတယ်။ အစိုးရက ဘာမှ မလုပ်ပေးပါဘူး။
Target Price အောက်ရောက်နေရင်လည်း ဈေးကွက်ထဲမှာပဲ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းစေပါတယ်။ Target Price ကို မမီဘဲ လိုနေတဲ့ပမာဏကို အစိုးရက ပြန်ထုတ်ပေးပါတယ်။ Target Price နည်းရဲ့ ကောင်းကွက်က စိုက်ပျိုးရေးသမားတွေကို ဈေးကောင်းရဖို့ ပိုအခွင့်သာစေပါတယ်။ အစိုးရအတွက်လည်း စိုက်ပေးရတဲ့ ပိုက်ဆံ နည်းသွားစေပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ၀ယ်တဲ့ သီးနှံအတွက် သိုလှောင်ရတဲ့ အခက်အခဲ နည်းသွားစေပါတယ်။ ဒီနည်းက အောင်မြင်ဖို့တော့ ခက်ပါတယ်။ ကောင်းလွန်းနေလို့ပါ။ စာရေးသူ သွားရောက် လေ့လာခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်ရဲ့ နယ်တစ်နယ်မှာပဲ ဒီနည်းကို ကျင့်သုံးနိုင်ပါသေးတယ်။ အဲဒီနယ်မှာလည်း ဝါကိုပဲ ဒီနည်းလမ်းနဲ့ ၀ယ်ယူပေးနေတာ ဖြစ်ပါတယ်။
တင်ပြခဲ့တာတွေကတော့ တရုတ်နိုင်ငံမှာ တောင်သူလယ်သမားတွေ အကျိုးစီးပွားနဲ့ ပြည်သူလူထုရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကို ချိန်ညှိကိုင်တွယ်ဖို့ သီးနှံဈေးနှုန်း အာမခံစနစ်ကို ဘယ်လို ကျင့်သုံးနေတယ် ဆိုတဲ့ အကြောင်း ၂၀၁၉ ခုနှစ်က စာရေးသူလေ့လာခဲ့မိသမျှ ပြန်လည် ဝေမျှခဲ့တာပါပဲ။
အခုအချိန်မှာ အပြောင်းအလဲတွေ ရှိကောင်းရှိနိုင်ပေမယ့်၊ အခုဆောင်းပါးမှာ ဖော်ပြထားတဲ့ ၂၀၁၉ ခုနှစ်က အခြေအနေတွေကို လေ့လာကြည့်ရင်တောင် စာဖတ်သူများအတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
၂၀၁၉ နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မီဒီယာတွေမှာ မတင်ပြဖြစ်ခဲ့တဲ့ ဆောင်းပါးလေးကို တကူး တက ပြန်လည်တောင်းဆို ဖော်ပြပေးတဲ့ အစိမ်းရောင်လမ်း ဝိုင်းတော်သားများကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။