စပါးစိုက်ပျိုးရာတွင် တွေ့ရများသော အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများ(၂)

31/08/2020 17:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဇင့် (Zn)

     ဇင့်ချို့တဲ့မှု လက္ခဏာများမှာ- စပါးပင်များပုနေခြင်း၊ စပါးပင်၏ အပေါ်အရွက်များ တွင် အညိုရောင်အစက်များဖြစ်ပေါ်နေခြင်း၊ စပါးပင်များ၏ ကြီးထွားမှုနှေးကွေးခြင်း၊ ရွေ့ပြောင်းစိုက်ပျိုးသောစပါးများတွင် ရွေ့ပြောင်းပြီး (၂ - ၄)ပတ်အကြာတွင် လက္ခဏာများ ဖော်ပြခြင်း၊ အစေ့အဆန်တည်မှုနည်းခြင်း၊ ရင့်မှည့်မှုနောက်ကျပြီး အထွက်နှုန်းများလျော့ကျ ခြင်း၊ စပါးအရွက်အောက်ခြေ၏ ရွက်လယ်ကြောနှစ်ဖက်စလုံးတွင် စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်နေခြင်း၊ စပါးပင်များ၏ အမြစ်ကြီးထွားမှုနှုန်းကို ကန့်သတ်ထားခြင်း၊ စပါးပင်များ၏ ရေသောက်မြစ်များသည် အညိုရောင်ပြောင်းသွားခြင်း စသည့်လက္ခဏာများဖြစ်ကြပါသည်။ ငန်နေသောမြေတွင် စပါးရွက်များ၏ ဇင့်ချို့တဲ့မှုသည် အိုင်းရွန်း ချို့တဲ့မှုများ နှင့်ဆင်တူပါသည်။ 

အိုင်းရွန်း (Fe) 

     အိုင်းရွန်းသည် ကလိုရိုဖီးလ်ဖြစ်ပေါ်မှုကို များစွာကူညီပေးပါသည်။ ထို့ကြောင့် အိုင်းရွန်း ချို့တဲ့လျှင် အရွက်ကြောများအကြားတွင် စိမ်းဝါရောင်အကွက်များဖြစ်နေသည်ကို တွေ့ရပါသည်။ အိုင်းရွန်းသည် မရွေ့လျားနိုင်သော အာဟာရဓာတ် ဖြစ်သောကြောင့် အိုင်းရွန်း ချို့တဲ့မှုကို စပါးပင်များ၏ အရွက်ငယ်များတွင် စတင်တွေ့ရပါသည်။ အိုင်းရွန်းချို့တဲ့မှု၏ လက္ခာဏာများမှာ စပါးပင်များ၏ အရွက်ကြောများအကြားတွင် စိမ်းဝါရောင်ဖြစ်နေ၍ အသစ်ထွက်ပေါ် လာသောအရွက်များသည်လည်း စိမ်းဝါရောင်အကွက်များ ဖြစ်နေခြင်း၊ Dry matter  ထုတ်လုပ်မှုနည်းခြင်း၊ အရွက်များကျဉ်းမြောင်းသွားပြီး စပါးပင်များပုသွားခြင်း အပင်ပွားနှုန်းနှင့်ကြီးထွားနှုန်းနှေးသွားခြင်း ၊ အရွက်အားလုံး အစိမ်းရောင်လွင့်သွားပြီး နောင်တွင်ဖြူသွားခြင်း စသည်တို့ဖြစ်ပါသည်။

ဘိုရွန် (B)

     ဘိုရွန်ချို့တဲ့မှုသည် စပါးပင်များ၏ အစာချက်လုပ်ခြင်းလုပ်ငန်းတွင် သွယ်ဝိုက်သောနည်းအားဖြင့် သက်ရောက်မှု ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘိုရွန်ချို့တဲ့မှုသည် အပင်များ၏ အစာချက်လုပ်သောနေရာများ နည်းသွားခြင်းကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဘိုရွန်ချို့တဲ့မှုသည် ကလိုရိုဖီးလ်များလျော့ကျခြင်း၊ အရွက်ထဲရှိ ရေတွင်ပျော်ဝင်နိုင်သော ပရိုတင်းများနည်းသွားခြင်း၊ အပင်များမှ အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ အရွက်ပြန့် ကားမှုနည်းပါးခြင်း၊ Chloroplast ဖွဲ့စည်းမှုကို နှောက်ယှက်ခြင်း၊ အမြစ်များနှင့် အရွက်သစ်များ ဖြစ်ပေါ်မှုနှေးကွေးခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။ 

     ပန်းပွင့်သောအချိန်တွင် ဘိုရွန်ချို့တဲ့ပါက ပန်းပွင့်ထဲတွင် ဝတ်မှုန်များမပါခြင်း၊ ရှုံ့တွ နေသောဝတ်မှုန်များဖြစ်ပေါ်ခြင်း၊ ပုံသဏ္ဍန်မမှန်သောဝတ်မှုန်များဖြစ်နေခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ ထို့ပြင် ဝတ်မှုန်ပေါက်ကွဲခြင်းနှင့် ဝတ်မှုန်ပြွန်ကြီးထွားမှုသည် အချိန်ကိုက်မဖြစ်သောကြောင့် သန္ဓေအောင်မှုလည်း နည်းသွားနိုင်ပါသည်။ ထို့ကြောင့် လိင်ပိုင်းကြီးထွားမှုကာလတွင် ဘိုရွန်ချို့တဲ့ခဲ့ပါက စပါးတစ်ပင်တွင် စပါးနှံအရေအတွက် နည်းသွားခြင်း၊ ထိုစပါးနှံများတွင် စပါးစေ့အရေအတွက်နည်းသွားခြင်းနှင့် သန္ဓေမအောင်သော စပါးစေ့များပါလာခြင်းများကို ဖြစ်ပေါ်စေပါသည်။  

မင်းဂနီးစ် (Mn)

     မင်းဂနီးစ်ချို့တဲ့မှုလက္ခဏာများကို စစ်ဆေးနိုင်သောအချက်များမှာ အရွက်ကြောများ ကြားတွင် အစိမ်းညိုရောင်သန်းနေပြီး အရွက်အဖျားမှ အရွက်အောက်ခြေသို့ ပျံ့နှံ့သွားခြင်း၊ အစပိုင်းတွင် အညိုရောင်အကွက်များ အရွက်ပေါ်တွင်တွေ့ရပြီး နောက်ပိုင်းတွင် စပါးရွက်သည် အညို-နက်ရောင်ပြောင်းသွားခြင်း၊ အသစ်ထွက်ပေါ်လာသောအရွက်များမှာ တိုနေခြင်း၊ ကျဉ်းမြောင်းနေခြင်းနှင့် အစိမ်းရောင်ဖျော့နေခြင်း စသည်တို့ဖြစ်ကြပါသည်။ ထို့ကြောင့် မင်းဂနီးစ်ချို့တဲ့နေသော စပါးပင်များမှာ အပင်များပုနေခြင်း၊ စပါးပင်တစ်ပင်တွင် အရွက်ပါဝင်မှုနည်းနေခြင်း၊ အလေးချိန်များလျော့ကျနေခြင်း၊ အပင်ပွားထွက်နေသော အချိန်တွင် စပါးပင်၏ အမြစ်များ ဖွံ့ဖြိုးမှုနှေး၍ သေးနေခြင်းများ ဖြစ်ပေါ်နေပါသည်။

ကော့ပါး(Cu)

     ကော့ပါးချို့တဲ့မှုလက္ခဏာများမှာ စပါးအရွက်များတွင် ရွက်လယ်ကြောများ၏ နှစ်ဖက်စလုံး၌ စိမ်းဝါရောင်အစင်းကြောင်းများ ဖြစ်ပေါ်နေခြင်း၊ အရွက်ဖျားများတွင် အနက်ညိုရောင် ဖြစ်နေသောဆဲလ်သေကွက်များ ဖြစ်ပေါ်နေခြင်း၊ စပါးရွက်များ၏ ထိပ်ဖျား များတွင် စိမ်းပြာရောင် (သို့မဟုတ်) စိမ်းဝါရောင် အစင်းကြောင်းများ ဖြစ်ပေါ်နေခြင်း၊ စပါးပင်များမှ အသစ်ထွက်လာသော အရွက်များလိပ်နေခြင်း၊ အသစ်ထွက်ပေါ်လာသော အရွက်များ၏ အပေါ်ပိုင်းသည် အပ်ချောင်းပုံသဏ္ဌန်ရှိနေပြီး အောက်ပိုင်းသည် ပုံမှန်ဖြစ်နေခြင်း၊ အပင်ပွားထွက်မှုနည်းခြင်း၊ ဝတ်မှုန်များ အသက်ရှင်သန်မှုနည်းခြင်း စသည်တို့ဖြစ် ပါသည်။

ချမ်းသာဦး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်