'နွားတွေကို ဆေးထိုးနည်း' မေးလာသူအတွက်..

15/08/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

'နွားတွေကို လည်တိုင်နဲ့တင်ပါးဆေးထိုးနည်း အတိအကျပြောပြပေးပါ' ဆိုပြီး အစိမ်းရောင်လမ်းမှာ မေးခွန်း တစ်ခုတက်လာလို့ ကူညီဖြေပေးပါဦးဆိုပြီး အစိမ်းရောင်လမ်း ဝိုင်းတော်သားတွေကတဆင့် စာရေးသူဆီကို မေးခွန်းတစ်ခုရောက်လာပါတယ်။ 

မေးသူက စစ်ကိုင်းတိုင်းထဲက တောင်သူလယ်သမားတစ်ဦးလို့ ဆိုထားပါတယ်။

ဆိုတော့ "နွားတွေကို ဆေးထိုးနည်း" ဆိုတာနဲ့အတူ "တောင်သူတွေကိုယ်တိုင် နွားတွေကို ဆေးထိုးလို့ ရ၊ မရ" ဆိုတဲ့ နောက်ဆက်တွဲကိစ္စပါ ပါလာပြီ ဆိုရတော့မှာပဲ။ 

ပုံမှန်အားဖြင့် စာရေးသူက မေးခွန်းရဲ့ အဖြေကို လိုတိုရှင်းရေးပြီး အစိမ်းရောင်လမ်း ဝိုင်းတော်သားထံ ချက်ချင်း ပြန်ကြားပေးလိုက်လေ့ ရှိပါတယ်။ ဒီတစ်ခါတော့ အကြောင်းအရာက ကျယ်ပြန့်နေပြီး နားလည်မှု လွဲမှားတာမျိုး မဖြစ်စေချင်လို့ နည်းနည်း အချိန်ယူပြီး ရှင်းပြလိုက်ရပါတယ်။ 

✅ ဆေးထိုးခြင်းနှင့် ဆေးကုသခြင်း

ပထမဆုံးအချက်အနေနဲ့ "ဆေးထိုးခြင်း" နှင့် "ဆေးကုသခြင်း" ဆိုတဲ့ ဝေါဟာရနှစ်ခုရဲ့ ကွဲပြားမှုကို သိရှိထားသင့်ပါတယ်။ 

ဆေးထိုးခြင်း ဆိုတာ ဆေးဝါးတစ်မျိုးမျိုးကို လူ၊ တိရစ္ဆာန်တို့ရဲ့ ကြွက်သားထဲ (IM)၊ ဒါမှမဟုတ်  သွေးကြောထဲ (IV) ၊ ဒါမှမဟုတ် အရေပြားအောက်(SC)၊ ဒါမှမဟုတ် အရေပြားချပ်ထဲ (ID)၊ ဒါမှမဟုတ် ဝမ်းတွင်းခေါင်းထဲ (IP) ကို ထိုးသွင်းတာကို ဆိုလိုတာပါ။ 

ဆေးထိုးခြင်း ဆိုတာ ဆေးကုသခြင်းရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ 

ဆေးကုသခြင်း ဆိုတာကတော့ သတ္တဝါမှာ ကျရောက်ဖြစ်ပွားနေတဲ့ ရောဂါကို ရှာဖွေဖော်ထုတ်ပြီး သတ္တဝါမျိုးစိတ်၊ အသက်အရွယ်၊ လိင် စသည်ဖြင့် ကွဲပြားခြားနားတဲ့ အခြေအနေတွေအလိုက် သင့်လျော်တဲ့ ဆေးဝါးအမျိုးအစားကို၊ သင့်လျော်တဲ့ ပမာဏ တွက်ချက်ပြီး တိုက်ဆေး၊ ထိုးဆေး စသည်ဖြင့် သင့်လျော်တဲ့ နည်းလမ်းနဲ့ ကုသပေးတာကို ဆိုလိုတာပါ။ 

✅ ဆေးထိုးတော့မယ်ဆိုရင်

ဆေးတစ်မျိုးကို တိရစ္ဆာန်တွေဆီ ထိုးနှံတော့မယ် ဆိုရင် ‌အနည်းဆုံးတော့ အောက်မှာပါတဲ့အချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ 

(၁) ဘာရောဂါ ဖြစ်နေတာလဲ။ 

ကျရောက်နေတဲ့ ရောဂါပေါ် မူတည်ပြီး ဆေးအမျိုးအစား ကွဲပြားမယ် ဆိုတာ လူတိုင်း သိနိုင်တဲ့ ကိစ္စပါ။ "အနာသိမှ ဆေးရှိမယ်" မဟုတ်ပါလား။

(၂) ဘာဆေး အသုံးပြု ကုသမှာလဲ။ 

ဆေးတစ်မျိုးချင်းစီမှာ သီးခြား ဂုဏ်သတ္တိတွေ ရှိနေတာမို့ "အနာနဲ့ ဆေး တည့်အောင်ပေး၊ ပျောက်ရေးမခက်ပါ" ဆိုတာကို သတိပြုရပါမယ်။

(၃) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ။ 

ဘယ်ဆေးဝါးမဆို မှန်မှန်ကန်ကန်မသုံးရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ပါပဲ။ မှန်မှန်ကန်ကန်သုံးချိန်မှာတောင် တချို့ဆေးတွေဟာ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကိုယ်တိုင် သိရှိထားဖို့ လိုအပ်ပါတယ်။  "ဆေးအတွက်နဲ့ လေး" ရတာမျိုး မဖြစ်ဖို့ သတိပြုရမှာပါ။ 

တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ ဘေးထွက်ဆိုးကျိုး အန္တရာယ်ကြီးတဲ့ တချို့ဆေးဝါးတွေ ထိုးနှံတော့မယ် ဆိုရင် ရုတ်တရက် ပေါ်ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာကို ဖြေရှင်းဖို့ ဖြေဆေး ကို အသင့်အနေအထား ဆောင်ထား၊ ပြင်ထားကြပါတယ်။ 

(၄) ဘယ်လောက် ထိုးနှံမှာလဲ။ 

တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ ခန္ဓာကိုယ်အလေးချိန်၊ ဆေးဒဏ်ခံနိုင်ရည် ရှိမှုအခြေအနေ၊ ရောဂါရဲ့ အခြေအနေ၊ ဆေးအမျိုးအစား၊ ဆေးရဲ့ ပြင်းအား၊ တွေပေါ်မူတည်ပြီး ဆေးအချိန်အဆ ဘယ်လောက်ပေးမယ် ဆိုတာကို တွက်ချက်ပြီး ပေးမှသာ ရောဂါကို ကုသပေးရာ ရောက်ပါလိမ့်မယ်။ "သူ့အိုးနဲ့ သူ့ဆန် တန်‌ဖို့" လိုပါတယ်။ 

ဆေးက လိုအပ်တာအောက် နည်းနေရင် ရောဂါမပျောက်တဲ့အပြင် ဆေးယဉ်ပါးမှု ပြဿနာပါ နောက်က လိုက်လာနိုင်ပါတယ်။ တိရစ္ဆာန်က ခံနိုင်ရည်ရှိတဲ့ ပမာဏထက် များသွားရင် အဆိပ်အတောက် ဖြစ်နိုင်ပါတယ်။ 

(၅) ဆေးကို ဘယ်နည်းနဲ့ ပေးမှာလဲ။ 

ဆေးတွေကို ခန္ဓာကိုယ်က စုပ်ယူပုံ၊ အသုံးချပုံ၊ ခေျဖျက်စွန့်ထုတ်ပုံတွေဟာ ဆေးတစ်မျိုးနဲ့ တစ်မျိုးမှာ မတူညီကြပါဘူး။ ဒါကြောင့် ဆေးအမျိုးအစား၊ ရောဂါ၊ တိရစ္ဆာန်ရဲ့ အခြေအနေပေါ်မူတည်ပြီး တိုက်ဆေးပေးမှာလား၊ လိမ်းဆေးပေးမှာလား၊ ထိုးဆေးပေးမှာလား ဆုံးဖြတ်ရတာပါ။

ထိုးဆေးပေးမယ် ဆိုရင်လည်း ကြွက်သားထဲ (IM)လား၊ သွေးကြောထဲ (IV) လား၊ အရေပြားအောက်(SC) လား၊ ဒါမှမဟုတ် အရေပြားချပ်ထဲ (ID) ကိုလား၊ ဒါမှမဟုတ် ဝမ်းတွင်းခေါင်းထဲ (IP) လား စသည်ဖြင့် ရွေးချယ်ရပါတယ်။ IM ၊ IV  နဲ့ SC ကို အသုံးအများဆုံးပါ။

✅ တိရစ္ဆာန်ဆေးကုဆရာဝန် မဟုတ်သူတစ်ယောက်က ဆေးကုသလို့ ရသလား။ 

မရပါဘူး။

ပထမအချက်ကတော့ တိရစ္ဆာန်တွေကို မှန်ကန်ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ အသိပညာ၊ အတတ်ပညာကို လုံလောက်အောင် သင်ယူတတ်မြောက်ထားခြင်းမရှိဘဲ တိရစ္ဆာန်တွေကို ဆေးကုတာဟာ တိရစ္ဆာန်တွေကို ညှင်းပမ်းနှိပ်စက်တာနဲ့ အတူတူပါပဲ။ အထက်မှာ တင်ပြခဲ့တဲ့ ဆေးထိုးတော့မယ်ဆိုရင် စဉ်းစားရမယ်ဆိုတဲ့အချက်တွေနဲ့ ချိန်ထိုး စဉ်းစားကြည့်ရုံမျှနဲ့တင် တိရစ္ဆာန်ဆေးကုဆရာဝန် မဟုတ်သူက ဆေးကုသခြင်း မပြုသင့်ဘူး ဆိုတာ ထင်ရှားလှပါတယ်။ 

ဒုတိယအချက်ကတော့ ဥပဒေအရလည်း တိရစ္ဆာန်ဆေးကုဆရာဝန် မဟုတ်သူတွေကို ဆေးကုသခွင့် မပေးထားပါဘူး။ 

"မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေ" အရ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ ရရှိပြီး ဆရာဝန်တစ်ယောက် ဖြစ်ပြီးတာတောင် ဆေးကုသခွင့် မရှိသေးပါဘူး။ ကောင်စီမှာ မှတ်ပုံတင်ထားတဲ့ ဆရာဝန်‌တွေသာ ဆေးကုသခွင့် ရရှိကြပါတယ်။ 

ဒါ့အပြင် "တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" အရ တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မယ့်သူ ဘယ်သူမဆို မွေးမြူရေးနှင့်ကုသရေးဦးစိးဌာန မှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ 

✅ တောင်သူတွေကိုယ်တိုင် နွားတွေကို ဆေးထိုးလို့ ရသလား။

ဥပဒေနှစ်ခုအရ မှတ်ပုံမတင်ထားရင် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ရ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက် ဖြစ်လင့်ကစား ဆေးကုသမှု ပြုလုပ်ခွင့် မရှိတာကြောင့် ဆောင်သူတွေကိုယ်တိုင် နွားတွေကို ဆေးကုသပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ ကျင့်ဝတ်အရ မသင့်လျော်သလို ဥပဒေနဲ့လည်း ငြိစွန်းပါတယ်။ 

ဒါဖြင့် တိရိစ္ဆာန်ဆေးကုဆရာဝန် မလုံလောက်တဲ့ ဒေသမှာ "တောင်သူတွေက ကိုယ့်နွားကိုယ် အသေခံရမှာလား" ဆိုတဲ့ လက်တွေ့ကျတဲ့မေးခွန်း ပေါ်ထွက်လာပါတယ်။ 

တိရစ္ဆာန်ဆေးကုဆရာဝန် မဟုတ်သူတွေဟာ ဆေးကုသခွင့် မရှိပေမဲ့ (အမှန်တကယ် လိုအပ်ရင်) တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာ တိရစ္ဆာန်တွေကို ဆေးထိုးရတဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ 

ဒါပေမဲ့ ဒါဟာ ဆေးကုသရေးလုပ်ဆောင်တာ မဖြစ်ရပါဘူး။ ဆရာဝန် ရောက်မလာနိုင်တဲ့ အခြေအနေမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိအကျနဲ့ တိရစ္ဆာန်ကို ဆေးပေးတာပဲ ဖြစ်ရပါမယ်။ ဒီနေရာမှာ ဆေးကုသခြင်းနဲ့ ဆေးထိုးခြင်းကို ခွဲခွဲခြားခြားမြင်ဖို့ လိုအပ်ပါတယ်။ 

တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးထိုးတာဟာ "ဆေးထိုးခြင်း" သာ ဖြစ်ပြီး၊ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးထိုးတာဟာ "တရားမဝင် ဆေးကုသခြင်း" ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ်ထိုက်တဲ့ပြစ်မှု ဖြစ်ပါတယ်။ 

✅ ဆေးထိုးနည်း 

အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေအရ ဆေးထိုးနည်း ဆိုတာ စာရေးသူက အစိမ်းရောင်လမ်း ကနေ သင်ပြပေးရမယ့် ကိစ္စမဟုတ်ဘူးဆိုတာကို မြင်မိကြမယ်လို့ ယူဆပါတယ်။ 

တကယ်တော့ ဆေးထိုးတာ ဟာ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ လိုအပ်ချိန်မှာ မိမိကို ကြီးကြပ်ပေးမယ့် တိရစ္ဆာန်ဆေးကုဆရာဝန်က သင်ပြပေးရင် တစ်ထိုင်တည်း တတ်မြောက်နိုင်တဲ့ ကိစ္စပါ။ 

အဓိကကျတာက တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာပဲ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ 

✅ စာရေးသူရဲ့ ဆန္ဒ

တကယ်တော့ ကျေးလက်က တိရစ္တာန်ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေတဲ့ ဒေသတွေက တောင်သူတွေ၊ မွေးမြူရေးသမားတွေကို အခုလို ဥပဒေတွေ ရွတ်ပြနေရတာ စာရေးသူစိတ်ထဲ အတော်လေး ရှက်ရပါတယ်။ နည်းပညာလိုအပ်ချက်နဲ့ ဥပဒေပြဌာန်းချက်ကို မသိမဖြစ် သိဖို့ လိုအပ်လို့သာ ဝေမျှနေရတာ ဖြစ်ပါတယ်။ 

ဖြစ်နိုင်ရင် အဲဒါတွေ ပြောနေမယ့်အစား အရည်အသွေးပြည့်ဝတဲ့ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကြီးတစ်ရပ်ပဲ တစ်တိုင်းပြည်လုံးကို လွှမ်းခြုံစေချင်မိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(မှတ်ချက်။  ။ မိမိတို့အစိမ်းရောင်လမ်းအနေနဲ့ မေးမြန်းလာသူကိုကော ပြန်လည်ဖြေကြားပေးသူဆရာ ဒေါက်တာသက်ခိုင်ကိုကော ကျေးဇူးတင်ပါတယ်။ ကျင့်ဝတ်နဲ့ ဥပဒေအရ အဖြေဟာ တိုက်ရိုက်ပြန်လည်ဖြေကြားပေးတဲ့ပုံစံ မဟုတ်နေတဲ့အပေါ် မေးမြန်းလာသူလည်း နားလည်မှုပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်