အစိမ်းရောင်လမ်းဆော့ဖ်ဝဲလ်၊ စိုက်/မွေး အမေးအဖြေကဏ္ဍမှာ အဖွဲ့ဝင်တဦးဖြစ်သူ၊ မအူပင်မြို့က ကိုစိုးမင်းဦးက မေးလာပါတယ်။
"သခွားပင်အရွက်တွေဝါ,ဝါလာပြီး၊ တချို့အပင်တွေ သေသွားပါတယ်။ ဘာဖြစ်တာပါလဲ၊ ဘယ်လို ပြုပြင်ထိန်းသိမ်းရမလဲ?"
ဆိုပြီးမေးလာတော့..
ဖြေဆိုရမယ့် အကြောင်းအရာက...ကျယ်ဝန်းနေပါတယ်။
သခွားမျိုးနွယ်သာမက အခြားသော သစ်သီးဝလံ သီးနှံတွေမှာလည်း၊ အရွက်ဝါရခြင်းအကြောင်းတရားတွေက တခုတည်းကြောင့်မဟုတ်ဘဲ... အကြောင်းအရာ များစွာရှိပါတယ်။
#ပုံမှန် အစိမ်းရောင်ရှိနေရမယ့် အနေအထားမှာ... ဘာကြောင့်အဝါရောင်ဖြစ်နေရသလဲ?
အရိုးရှင်းဆုံးပြောရရင်၊ အစိမ်းရောင်ကလိုရိုဖီး ပျက်စီးဆုံးရှုံးရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ကလိုရိုဖီးတွေ ဘာကြောင့်ဆုံးရှုံးရတာလဲ?... ဆိုပြန်တော့..
ဖြစ်ရခြင်းအကြောင်းရင်းတွေထဲက...အဖြစ်နိုင်ဆုံးအကြောင်းရင်းများကို ပြောပြချင်ပါတယ်။
အဲဒါတွေကတော့....
- ၁။မြေဆီလွှာ အာဟာရ ချို့တဲ့ခြင်း ( Deficiencies in the soil)
- ၂။ ရောဂါတမျိုးမျိုး ကျရောက်နေခြင်း (Diseases that affect cucumber plants)
- ၃။ ဖျက်ပိုးတမျိုးမျိုး ကျရောက်ခြင်း (Pests that affect cucumber plants)
- ၄။ ရေပေးသွင်းမှု ပြဿနာ တစုံတခုရှိနေခြင်း (Watering problems )
- ၅။ နေရောင်ခြည် ရရှိမှု မလုံလောက်ခြင်း (Insufficient sunlight)
ဆိုပြီးတော့... ခွဲခြားနိုင်ပါတယ်။
တချက်ချင်း အသေးစိတ် ပြန်ဆွေးနွေးကြည့်မယ်ဆိုရင်...
မြေဆီလွှာ အာဟာရချို့တဲ့ခြင်း
ဒီပြသနာကတော့... နေရာအနှံ့အပြားမှာ ရှိနေပါတယ်။
မိမိစိုက်ပျိုးနေတဲ့မြေမှာ ဘယ်အာဟာရတွေက...ဘယ်လောက်ပိုနေပြီး...
ဘယ်အာဟာရတွေက ဘယ်လောက်ချို့တဲ့နေတယ်ဆိုတာ... နည်းလမ်းရှိပေမယ့် လက်လှမ်းမမီကြသေးဘူး ဖြစ်နေပါတယ်။
ခေတ်မီနည်း/ကိရိယာများနဲ့ ဓာတ်ခွဲ စမ်းသပ်ကြည့်မှ သိရမှာမို့ပါ။
ဆိုတော့ကား..
မြေပြင်တကယ့်လက်တွေ့မှာ...အာဟာရချို့တဲ့လို့... အရွက်ဝါရခြင်း အကြောင်းအရာ ၃ ခု ရှိပါတယ်။
၁။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ခြင်းကြောင့် အရွက်ဝါခြင်း (Nitrogen deficiency)
- သခွားအပါအဝင် သီးနှံပင်တွေမှာ... အပင်စိမ်းလန်းဖို့၊ ကြီးထွားမြန်ဖို့ လုပ်ဆောင်ရာမှာ... အဓိကဇာတ်လိုက် အာဟာရဓာတ် ဖြစ်ပါတယ်။
- နိုက်ထရိုဂျင်ပါတဲ့မြေသြဇာကို...လိုအပ်တဲ့ပမာဏရအောင် မကျွေးလို့ပဲဖြစ်ဖြစ်... ကျွေးလျက်နဲ့ အမြစ်မွှေးအလုပ်မလုပ်နိုင်လို့ မစားနိုင်လို့ဖြစ်စေ..
- အောက်အရွက်တွေကစပြီး... ဝါလာတတ်ပါတယ်။
(နိုက်ထရိုဂျင်ဓာတ်ပါသောဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ ကျွေးပေးပါ၊ သို့မဟုတ် အရွက်ဖျန်းမြေသြဇာ ကျွေးပါ)
၂။ ပိုတက်စီယမ် ချို့တဲ့ခြင်းကြောင့် ဝါရခြင်း (Potassium deficiency)
- သီးနှံပင်တွေမှာ၊ အပွင့်အဖူးဝင်ချိန်ကစပြီး၊ ပိုတက်စီယမ် အထူးလိုအပ်ပါတယ်။
- ဒါကြောင့် အပွင့်ဖူးဆင်ချိန်မှာ၊ အရွက်အနားလေးတွေ (အရွက်နှုတ်ခမ်းနားတွေ)အဝါရစ်လေးတွေ စတွေ့ရင်၊ပိုတက်စီယမ် ချို့တဲ့လက္ခဏာလို့ မှတ်ပါ။
- တဖြည်းဖြည်းကြာလာရင် နှုတ်ခမ်းနားလေးတွေ ခြောက်လာတတ်ပါတယ်။
(NPK နောက်အချိုးများတဲ့ မြေသြဇာ ကျွေးပေးရပါတယ်။ သို့မဟုတ် ပိုတက်စီယမ် နိုက်ထရိတ် အရွက်ဖျန်းမြေသြဇာ ဖျန်းပေးနိုင်ပါတယ်။)
၃။ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဝါခြင်း (Iron deficiency)
- သင့်စိုက်ခင်းမြေမှာ... သံဓာတ်ချို့တဲ့နေလျှင် ဖြစ်စေ၊
- မြေကြီးပီအိပ်ချ် နိမ့်လွန်း(မြေချဉ်လွန်း)ရင် ဖြစ်စေ
သံဓာတ်ချို့တဲ့လက္ခဏာ တွေ့ရပါမယ်။
- အရွက်နုလေးတွေ အဝါရောင် သမ်းနေလိမ့်မယ်။
- အလယ်ရွက်တွေမှာ အရွက်ကြောပဲစိမ်းပြီး... ရွက်ကြောကြားတွေ ဝါနေရင်...သံဓာတ်ချို့တဲ့နေလို့ပါ။
(အိုင်းရွန်းပါတဲ့ အရွက်ဖျန်းမြေသြဇာ သို့မဟုတ် အိုင်းရွန်းဆာလဖိတ်ကို... ကျွေးပေးနိုင်ပါတယ်။)
အထက်မှာပြောခဲ့သလို... မြေကြီးကို ဓာတ်ခွဲစမ်းသပ်နိုင်ရင်တော့ အကောင်းဆုံးပါ။
အပင်ရောဂါ တမျိုးမျိုးကျရောက်နေခြင်း (Diseased infected in plant)
၁။ မိုဇိတ် ဗိုင်းရပ်ရောဂါ ကျရောက်ခြင်း (Cucumber mosaic virus )
မိုဇိတ်ဗိုင်းရပ်ရောဂါ ဆိုတာကတော့...
- အရွက်တွေပေါ်မှာ အဝါပြောက်လေးတွေ တွေ့ရမယ်။ အရွက်ပုံသဏ္ဌာန် မမှန်တာတွေ့ရမယ်။
- တဖြည်းဖြည်း တပင်လုံး ဝါသွားမယ်။ အပင်လည်းမကြီးနိုင်၊ မသီးနိုင်ဖြစ်မယ်။
- ဒီဗိုင်းရပ်ရောဂါမှာ... ကုစရာ ဆေးမရှိသေးပါဘူး။
- ပျ(Aphic)တမျိုးမှတဆင့် တပင်မှတပင် ကူးစက်ပျံ့နှံ့စေပါတယ်။
(အပင်ငယ်ကတည်းက၊ ပျကာကွယ်ဆေး(အဆီတာမီပရစ်/အဆက်-20) ၇ ရက်ခြား ဖျန်းပေးပါ။
လက္ခဏာတွေ့ရတဲ့အပင်ကို... နုတ်ယူဖယ်ရှားပါ)
၂။ ဖျူဆေရီယံ ပင်ညှိုးရောဂါ (Fusarium wilt)
Fusarium oxysporum မှိုကြောင့်ဖြစ်ပြီး မြေကြီးထဲမှာ၊ ပင်ကြွင်းကျန်တွေထဲမှာ နှစ်များစွာ ခိုအောင်းနေပါတယ်။
- အပင်ငယ်စဉ် ခါးရိ ပင်ညှိုးလက္ခဏာတွေ့ရပြီး၊
- အပင်ကြီးလာရင် အရွက်တွေ ဝါလာတာတွေ့ပါတယ်။
- (Vascular system)အပင်ရဲ့ အစာရေကြောစနစ်ကို ဖျက်ဆီးတဲ့မှိုရောဂါမို့လို့ အပင်ဝါမယ်၊ အပင်တန့်မယ်၊ အပင်ညှိုးပါမယ် ။
(ဓာတုမှိုသတ်ဆေးထက် ထရိုင်ကိုဒါးမားကို လူးနယ်စိုက်ခြင်း၊ မြေကြီးထဲထည့်ပေးခြင်း ပြုလုပ်သင့်ပါတယ်။)
၃။ ဒေါင်းနီးမှိုရောဂါ ကျရောက်ခြင်း(Downy mildew)
- (Pseudoperonospora cubensis) မှိုရောဂါကြောင့် သခွားရွက်အကြောကြား ထောင့်ကွက်တွေမှာ အဝါကွက်လေးတွေ တွေ့ရပါတယ်။
- တဖြည်းဖြည်း ဝါရာကနေ ကြွပ်ခြောက်တတ်ပါတယ်။
(အရွက်အောက်ဖက်မှာ မှိုဖြူဖြူအကွက်လေးတွေ တွေ့ရင် မှိုသတ်ဆေးဖျန်းပါ
အဇိုဇီစထရိုဘင်၊ ဒိုင်မီသိုမော့၊ ဖို့စီတိုင်းအလူမီနီယံ၊ ဆိုင်မောက်ဇနေးလ် တမျိုးမျိုး ဖျန်းပါ။
ပင်ကြား၊ တန်းကြားမှန်အောင်စိုက်ပြီး... လေဝင်လေထွက်ကောင်းသောနေရာမှာ စိုက်ပါ။)
ဖျက်ပိုးတမျိုးမျိုး ကျရောက်ခြင်း (Pests infested in plant)
- သစ်ရည်စုပ်ပိုးများဖြစ်ကြတဲ့ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူ၊ လှေး စတဲ့ ပိုးများ ကျရောက်ခဲ့လျှင်လည်း အရွက်များ အဝါစက်များဖြစ်ပေါ်လာပြီး နိုက်ထရိုဂျင်ချို့တဲ့သလိုမျိုး အဝါရောင် တွေ့ရတတ်ပါတယ်။
(ပေါင်းမြက်များ စောစီးစွာရှင်းပါ။
-အဆီတာမီပရစ်/ အက်ဆီဖိတ်/ သိုင်ယာမိသိုဇင် စသော ဆေးအုပ်စုများကို အလှည့်ကျ ဖျန်းပါ)
ရေပေးသွင်းမှုပြဿနာ ရှိနေခြင်း (Watering problem)
- ရေကြိုက်ပြီး ရေဝပ်ခြင်းကို မကြိုက်တဲ့ အပင်မျိုးထဲမှာ သခွားမျိုးနွယ်လည်း ပါပါတယ်။
- ရေငတ်ရင်ဝါတတ်သလို ရေများ/အစိုများရင်လည်း အရွက်ဝါတတ်ပါတယ်။
(ရေမြောင်းစနစ်နဲ့ ရေသွင်းခြင်းထက်၊ ရေပိုက်စနစ်(drip irrigation system)နဲ့ ရေပေးခြင်းက ပြဿနာ နည်းနိုင်ပါတယ်)
နေရောင်ခြည်ရရှိမှု မလုံလောက်ခြင်း (Insufficient sunlight)
- သခွားပင်တွေဟာ နေရောင်ခြည်နဲ့ အစာချက်မှသာ အစိမ်းရောင် ကလိုရိုဖီးလ်အရွက်တွေ ဖြစ်နိုင်ပါတယ်။
- ဒါကြောင့် တနေ့တာအတွင်း နေရောင်ခြည် ၈ နာရီ ပြည့်ဝစွာ ရရှိရပါတယ်။
(နွေရာသီမှာ ပလပ်စတစ်နဲ့ ဘောင်အုပ်စိုက်ပြီး အပူချိန်မြင့်လွန်းရင်လည်း အပင်တွေမှာ heat stressဖြစ်ပြီး ဝါ/ညှိုးတတ်ပါတယ်)
အခုဖော်ပြပါအချက်တွေအပြင် အရွက်ဝါစေတဲ့ နောက်ထပ်အကြောင်းရင်းများ ရှိနိုင်ပါသေးတယ်။
ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထအများဆုံးကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်..ဆိုတာ ဖြေကြားရင်း၊ မအူပင်မြို့က ကိုစိုးမင်းဦးနဲ့တကွ... အစိမ်းရောင်လမ်း အဖွဲ့ဝင်များအားလုံး ဗဟုသုတ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒို့ဦးလေး
Source>>Reasons Your Cucumber Leaves Are Turning Yellow And How To Fix It Vegetable Garden
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။