“အမှတ်တမဲ့မှ အမှတ်တရသို့…”

29/01/2018 16:50 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အမေရိကန်နိုင်ငံ Illinois EAP, Department of Agriculture က ကျောင်းသားတစ်စုစခဲ့တဲ့ Earth Stewardship day ကိုကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အချို့ကနှစ်စဉ်မေလ (၅) ရက်၊ အချို့က မေလ (၉) ရက် စသဖြင့် မိမိနိုင်ငံ၊ မိမိတို့ကုမ္ပဏီ၊ မိမိတို့အဖွဲ့လိုက် အဆင်ပြေသလို သတ်သတ်မှတ်မှတ် ကျင်းပလာခဲ့တာ အခုဆိုရင်(၂၅) ကြိမ်တောင်ရှိခဲ့ပါပြီ။ ဟုတ်ကဲ့ ဒီ Stewardship day မှာတော့ ကမ္ဘာ့ သဘာဝ အရင်းအမြစ် များကို မပျက်မယွင်း မပျောက်မပျက်စေဘဲ ရေရှည်အသုံးပြုနိုင်အောင်၊ သုံးစွဲသူများ သတိပြုပြီးမှန်မှန်ကန်ကန် နှင့် ရေရှည် အန္တာရာယ်ကင်းကင်း သုံးစွဲတတ်အောင် ဆောင်ရွက်ခြင်း၊ အကြံပေး တိုက်တွန်းခြင်းစတဲ့ ပညာပေး လုပ်ငန်းများ ကိုဆောင်ရွက်ကြပါတယ်။

ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေးပညာပေးသမား တစ်စုကတော့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ် ဆေးနဲ့၊ မြေသြဇာတွေကို လူနဲ့ပတ်ဝန်းကျင်အား မထိခိုက်စေဘဲ စနစ်တကျ ဘေးကင်းကင်း သုံးတတ်အောင်၊ ရွေးချယ်တတ်အောင်၊ စွန့်ပစ်တတ်အောင် သင်ကြားပြသခြင်း ၊ တိုက်တွန်းခြင်း၊ သရုပ်ပြခြင်းနှင့် တောင်သူများ ကို အုပ်စုဖွဲ့ ဖိတ်ကြားပြီး ဟောပြောပွဲကျင်းပခြင်းများကို လွန်ခဲ့တဲ့ (၂) နှစ်ကစပြီး မေလ (၅ - ၆ - ၇) နေ့တွေမှာ ဆောင်ရွက်လာခဲ့တာ အခုဆို (၂) ကြိမ်မြောက် ရှိသွားခဲ့ပါပြီ။ ဒါကလည်း တကယ့်ကို မြန်မာ့ တောင်သူ လယ်သမားများ အတွက် လိုအပ်ပါတယ်ဗျာ။

ဘာကြောင့် လိုအပ်လည်းဆိုတာ ပြောပြပါမယ်။

တစ်ခါက ရွှေဘိုမြို့နယ်ရွာတစ်ရွာက တောင်သူဟောပြောပွဲတစ်ပွဲရဲ့ အဆုံးသတ်မှာ ပိုးသတ်ဆေးကို ဘေးကင်း ကင်း သုံးစွဲတဲ့အခါ လိုက်နာရမယ့် အချက်အလက်တွေ၊ အသုံးပြုစဉ် ဝတ်ဆင်ရမယ့် အကာအကွယ်ဝတ်စုံ၊ ရော်ဘာဖိနပ်ရှည်၊ နှာခေါင်းစည်းအသုံးပြုပုံ၊ ဆေးဖျန်းစနစ်၊ ဘူးခွံ့ဆေးအကြွင်းအကျန်တွေ စွန့်ပစ်ပုံ စသည် စသည်…. ကျွန်တော်က အာဘောင်အာရင်းသန်သန် ဟောသဗျ။

ပြောအပြီးမှာ တောင်သူတစ်ဦးက ထပြီးပြောပါတယ်။

 “ခင်ဗျားပြောတာတွေ မလိုပါဘူးဗျာ၊ ကျုပ်ဆေးဖျန်းပြီးတိုင်း မြောင်းထဲခုန်ချ၊ ရေချိုးလိုက်၊ ဘာဆေးမှ မကျန် အားလုံးပြောင်သွားတာ။ အပိုတွေ မလိုပါဘူးဗျာ၊ ကျုပ်ဆေးဖျန်းလာတာ ၄ - ၅ - ၆ နှစ်ထက် မနည်းတော့ ဘူး။ ခင်ဗျားပြောသလိုဆို ကျုပ်သေပြီး အရိုးဆွေးတာ ကြာပေါ့ဗျာ” ။ ကျွန်တော်လည်း အတော်ဘေးကြပ်နံကြပ် ဖြစ်သွားပါတယ်။ ဘေးက တောင်သူ ပရိသတ်တွေလည်း ပြုံးပြီး ကျွန်တော့်ကို ဝိုင်းကြည့်ကြ၊ ဘယ်လိုဖြေမလဲ၊ အရှက်ကွဲပြီပေါ့။ ကျွန်တော်က သူ့အပြောပြီးအောင်စောင့်၊ သူ့ကိုသေသေချာချာစိုက်ကြည့်ပြီး…
 “အစ်ကိုကြီး အဲလိုဆေးဖျန်းတော့ ခေါင်းအုံတာ၊ ခြေထောက်ညို့သကျဉ်းတွေ ပူနေတာ၊ ခြေဖဝါးတွေ ပူနေတာ၊ နှာခေါင်းယားယံတာ တို့လိုမျိုး မဖြစ်ဘူးလားခင်ဗျ။” သူက ကျွန်တော့်ကို စောင့်ကြည့် ပြီး “ဟ…ဒါတော့ဖြစ်တာပေါ့ကွ။ လူမှမသေဘဲ” လို့ ပြန်စောဒကတက်ပါတယ်။ “ဒါဆို… ဆေးတချို့ အစ်ကို့ ခန္ဓာကိုယ်ထဲ ဝင်သွားလို့ ခေါင်းမူးတာ၊ ခြေသလုံးတွေပူနေတာပါ။ ဝင်တဲ့ပမာဏက အစ်ကို့ကို သေလောက်တဲ့ ပမာဏထက် များစွာနည်းနေလို့ အစ်ကို ချက်ချင်းမသေတာပါ။ အဲဒီဆေးတွေ အစ်ကို့ခန္ဓာကိုယ်ထဲမှာ တချို့ကို ဆီး၊ ဝမ်း ကနေ ဖယ်ထုတ်နိုင်ပါတယ်။ တချို့ကိုတော့ မဖယ်ထုတ်နိုင်ပါဘူး။ အသည်းမှာ၊ ကျောက်ကပ်မှာ၊ အဆီတွေထဲမှာ စုသွားပါတယ်။ ပျက်စီးစေပါတယ်။”

ကျွန်တော်က ခဏရပ်ပြီး ပရိသတ်ကို ဝေ့ကြည့်လိုက်ပါတယ်။ အားလုံး စိတ်ပါလက်ပါ နားထောင်နေကြတာမို့ ဆက်ပြီး….
“အစ်ကိုတို့အိမ်က ကလေးတွေစုတဲ့ စုဘူးလိုပေါ့ဗျာ။ တစ်နေ့ငါးဆယ်စု၊ တစ်ရာစုနဲ့ စုဘူးပြည့်လို့ ဖောက်တဲ့အခါ ပိုက်ဆံတွေ အများကြီးရပါတယ်။ ဆေးတွေကတော့ ခန္ဓာကိုယ်ထဲမှာစုမိရင် ကင်ဆာတို့လို ရောဂါတွေရပါတယ်။ ကျောက်ကပ်ပျက်တာတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိန်းကလေးတွေဆိုရင် ခြေလက်မစုံတဲ့ ကလေးတွေ မွေးတတ်ပါတယ်။”
ကျွန်တော်က ရောင်စုံဆလိုက်တွေနဲ့ ပရိုဂျက်တာက တဆင့်ထိုးပြတော့ သူငြိမ်သွားပါတယ်။ အားနာ လို့လား တော့ မသိပါဘူး။ ထပ်ပြီး စောဒကမတက်တော့ပါဘူး။ ကျန်တဲ့ပရိသတ်လည်း ငြိမ်သွားပါတယ်။ လက်ခံသလား၊ ဇဝေဇဝါလား။ နားငြီးသက်သာအောင် ငြိမ်နေလိုက်ကြသလားတော့ မသိပါ။

 ဒီလိုမျိုး အတွေ့အကြုံ အခက်အခဲတွေ မကြာခဏ တောင်သူဟောပြောပွဲတွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဟောပြောပွဲ နိဂုံးချုပ်တိုင်း၊ ပိုးသတ်ဆေး safety use ကို မမေ့မလျော့ ပြောမြဲ ပြောပါတယ်။ ကျွန်တော်တို့ တောင်သူတွေအတွက် လိုအပ်တယ်လို့ ခံယူထားလို့ပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးကို စနစ်တကျ လိုက်နာကျင့်သုံးတဲ့ တောင်သူတွေကတော့ သုံးစွဲသူ အားလုံးရဲ့ (၅ - ၁၀%) လောက်ပဲ ရှိဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေရာမှာ ငယ်ငယ်က ကဗျာတစ်ပုဒ်ကို သွားသတိရမိပါတယ်။ အလယ်တန်း ကဗျာလက်ရွေးစင် စာအုပ်ကလို့ ထင်တာပါပဲ။ ကဗျာကိုတော့ အစအဆုံး မရတော့သလို ကဗျာရေးသူကိုလည်း မမှတ်မိတော့ပါဘူး။ ကဗျာက
“ရေပေါက်ရေစက်၊ ကြိမ်ကြိမ်သက်၍၊ ထက်နက်ကျယ်ဝန်း၊ ပင်လယ်ထွန်း၏ ၊ သဲစေ့သဲပွင့် စုသဖြင့်လျှင်
လှတင့်ကမ္ဘာ ဖြစ်သို့လာ၏”။

တစ်စေ့တစ်ပေါက် စုဖန်များရင် ကြာလာတဲ့အခါ၊ ပင်လယ်ကြီးလို၊ ကမ္ဘာကြီးလို ထုကြီးထည်ကြီးနဲ့ ဖြစ်လာနိုင် တယ်လို့ ဖွဲ့ဆိုထားတဲ့ ကဗျာလေးဖြစ်ပါတယ်။ အလားတူ မြန်မာစကားပုံတွေလည်း ရှိပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။ ဒါပေမဲ့ နှမ်းစေ့လေးတွေစုထားပြီး တစ်တင်းတစ်ခွဲရလို့ ဆီကြိတ်ရင်တော့ ဆီတွေရနိုင်တာ အားလုံး အသိပါ။ နှမ်းတစ်စေ့လေးဆိုပြီး အထင်မသေးလိုက်ပါနဲ့။ လျှော့မတွက်လိုက်ပါနဲ့။ မကောင်းတဲ့ ဘက်ကဖြစ်ဖြစ် ကောင်းတဲ့ဘက်ကဖြစ်ဖြစ် တဖြည်းဖြည်း စုပေါင်းလာရင် ကြာလာတာနဲ့အမျှ ထုနဲ့ထည်နဲ့ ဖြစ်လာပါတယ်။

ကျွန်တော် စိုက်တက္ကသိုလ်မှ ဘွဲ့ရတဲ့အခါ ရေဆင်းသုတေသနမှာ အလုပ်ဝင်ပါတယ်။ (၁၉၇၉) ခုနှစ်လောက် မှာပေါ့။ အဲဒီအချိန်က စိုက်သုတေသနမှာ လူကလည်းသိပ်များသေးတော့ ဝန်ထမ်းအားလုံး တစ်ယောက်နဲ့ တစ်ယောက် သိ၊ ခင်၊ စည်းစည်းလုံးလုံး၊ အင်မတန် ပျော်စရာကောင်းခဲ့ပါတယ်။ အဲဒီ Entomology Division မှာ ကြွက်သုတေသန တာဝန်ခံ ကျွန်တော့အစ်ကိုအရွယ် အဖွဲ့ခွဲမှူးတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်။ သူ့နာမည်က ရှေးကနာမည်ကြီး ရုပ်ရှင်မင်းသားကြီး တစ်ယောက်ရဲ့ နာမည်နဲ့ တူပါတယ်။ သူတို့ဓာတ်ခွဲခန်းက ကျွန်တော် နေထိုင်ရာ ဝန်ထမ်းအခန်းနဲ့ မနီးမဝေး တစ်ခေါ်သာသာလောက်မှာဆိုတော့ တစ်ခါတစ်ရံ သူ့ဆီကို ကွင်းထဲ အလုပ်ကအပြန် တစ်ထောက်နားရင်း ဝင်လည်တတ်ပါတယ်။ သူက အဲဒီတုန်းကကြွက်သတ်ဆေး သုတေသန လုပ်နေတာပါ။ တိုမိုရင်၊ ဇင့်ဖေါ့စ်ဖိုဒ်တို့ပေါ့။ သူ့အခန်းထဲ ဝင်လိုက်တာနဲ့ ကျွန်တော့်နှာခေါင်းက ယားလာပါ တယ်။ ပွတ်လို့မဆုံးတော့ပါဘူး၊ နှာခေါင်းစည်းမပါ၊ ဂျူတီကုတ်မပါ၊ ဆေးကိုင်နေတဲ့သူကတော့ ဘာမှမဖြစ်သလို ပါဘဲ။

“ဟာ အစ်ကိုက နှာခေါင်းစွပ်လည်း မတပ်ဘူး” ကျွန်တော်ပြောတော့ သူကမော့ကြည့်ပြီး
“ငါ လက်အိတ်စွပ်ပြီး ကိုင်ပါတယ်ကွ၊ နှာခေါင်းစွပ်နဲ့ဆို ငါအသက်ရှူမဝဘူးကွ၊ ဘာမှမဖြစ်ပါဘူးကွာ…”  ငါသိပါတယ်ကွ၊ လာဆရာမလုပ်နဲ့ဆိုတဲ့ သဘောမျိုး ရယ်ကြဲကြဲပြောပါတယ်။ ဟုတ်ပါတယ်။ အဲဒီတုန်းကတော့ သူဘာမှမဖြစ်ပါဘူး။ နောက်… ကျွန်တော်ဝန်ထမ်းဘဝကနေ အပြင်စိုက်ပျိုးရေးဆေးလောကကို ရောက်ပြီး (၁၀) နှစ်လောက်အကြာ ကြို့ကုန်း ရေဆင်းသုတေသနရုံးခွဲမှာ သူနဲ့ပြန်ဆုံကြတော့ သူ့အခြေအနေ၊ သူ့ကျန်းမာရေး ချို့ယွင်းနေပါပြီ။ ဆံပင်က ကျိုးတို့ကြဲတဲ ဟိုတစ်ပင် ဒီတစ်ပင်၊ သူ့လည်ပင်းကကြီးနေ၊ အသားတွေဝါ၊ သူ့ကျောက်ကပ်ကလည်း ပျက်သွားပါပြီ၊ အသည်းမကောင်းတော့ပါဘူး။ ရန်ကုန်ကိုဆေးလာကုတာပါတဲ့။ ဆေးတွေ အဆိပ်တွေတစ်နေ့ တစ်မှုန့်တစ်ရှိုက်မှသည် ထုနဲ့ထည်နဲ့ စုမိသွားပါပြီ။ သူ့ကို ထိခိုက်အန္တာရာယ် ပေးပါပြီ။ နောက် လေးငါးခြောက်လလောက်ကြာတော့ သူဆုံးသွားတယ်လို့ ကြားရပါတယ်။ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ သူသက်စေ့မနေရဘဲ ဆုံးသွားတာပါ။

အခု ကျွန်တော့်အလုပ်လည်း စိုက်ပျိုးရေးဆေးတွေ၊ အဆိပ်တွေကို ကိုင်တွယ်ရတဲ့အလုပ်တွေ ဖြစ်ပါတယ်။ ဆေးသစ်တွေ၊ မော်လီကျူးအသစ်တွေ မှတ်ပုံတင်ဖို့ စမ်းသပ်ရပါတယ်။ ဆေးတွေရဲ့အာနိသင် တောင်သူတွေ သိအောင် စံပြကွက်တွေ လုပ်ပြရပါတယ်။ မြန်မာပြည်တောင်မြောက် ရှေ့နောက် စိုက်ခင်းတွေရှိရာ ဒေသအစုံပေါ့။ သွားရေး လာရေးလွယ်ဖို့ လုပ်ငန်းကိုင်ငန်းတွင်ကျယ်ဖို့ ကျွန်တော့်ကိုကုမ္ပဏီက တိုရိုတာ ကလူဂါ တစ်စီး ပေးထား ပါတယ်။ ဆေးတွေကို ကားရဲ့ နောက်ဘက်… ဟိုးနောက်ခန်းမှာတင်၊ လူကရှေ့ကစီး၊ ခရီးတွေ တွင်ခဲ့လှပေါ့…
ခေါင်းမမူးပါဘူး၊ နှာခေါင်းလည်းမယားပါဘူး၊ အန္တရာယ်မရှိဘူး ထင်ရတာဘဲ။ ကားထဲမှာ အနံ့တော့ ရသလိုလိုတော့ ရှိသား။ အဲယားကွန်းကားနဲ့ဆိုတော့ ဆေးငွေ့က အပြင်ထွက်စရာမရှိ။ ကားထဲမှာပဲ လုံးခြာပတ်ခြာလိုက် အသက်ရှူနေသရွေ့ ကျွန်တော့်ကိုယ်ခန္ဓာထဲ ကျွန်တော်မသိလိုက်ခင်မှာဘဲ ဝင်နေတော့တာ ပါပဲ။

တစ်လောကတော့ ကျွန်တော့်ကျန်းမာရေး သိပ်မကောင်းချင်၊ အသားဝါလာသလိုလို၊ အစာမစားချင် သလိုလို၊ မိမိနေထိုင်ရာ ခြောက်လွှာကအခန်းကို သုံးလေးခါနားပြီးမှရောက်၊ ကျန်းမာရေးသိပ်မကောင်းချင်၊ ဆေးစစ် ကြည့်ရအောင်လို့ မိန်းမက ခဏခဏတိုက်တွန်းလွန်းလို့ စစ်လိုက်တော့ ဆရာဝန်က ဓာတ်မှန်ရိုက်၊ အီးစီဂျီဆွဲ၊ စစ်သင့်တာတွေစစ်ပြီး ပေးတဲ့ သူ့မှတ်ချက်ကို နားမထောင်ရဲဘဲ နားထောင်ခဲ့ရ။

တစ်ရှိုက် နှစ်ရှိုက်မှသည် ရေပေါက်ရေစက်ကြိမ်ကြိမ်သက်၍ ထက်နက်ကျယ်ဝန်း ပင်လယ်ထွန်း၏ ဆိုသလို ကျွန်တော့်ခန္ဓာကိုယ်မှာ အဆိပ်တွေစုမိသွားခဲ့ပါပြီ။ ကျွန်တော့်ကျန်မာရေးကို ဒုက္ခပေးပါပြီ။ အတော် ဆင်ခြင်၊ တော်တော်ကု၊ ကျန်းမာရေးကောင်းအောင် ပြန်လည်လုပ်ရပါတော့မည်။ ဂရုစိုက်ရပါတော့မည်။ အရင်ကလိုတော့ ပြန်ကောင်းနိုင်တော့အံ့ မထင်ပြီ။
တောင်သူတွေကို ပညာပေးခဲ့တဲ့ ငါ၊ ကြွက်သုတေသနက အစ်ကိုသူငယ်ချင်းကို သတိပေးခဲ့တဲ့သူ၊ သို့သော် ကျွန်တော် သတိမမူ၍ ဂူမမြင်ခဲ့။ အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့လေပြီ။

ကျွန်တော် ဒီဆေးတွေရဲ့ အန္တရာယ်သိပါပြီ။ တောင်သူများကိုတွေ့တဲ့ခါ အမှတ်တမဲ့မှ အမှတ်တရ ဖြစ်သွားတဲ့အကြောင်းတွေ ပြောပြချင်ပါသေးတယ်။ “Earth Stewardship Day” ကို ယခုနှစ် နှစ်ကြိမ်မှသည် နောင်(၁၀) ကြိမ်၊ (၁၅) ကြိမ်၊ ဆက်လုပ်ခွင့်ရအောင် ခွန်အားများ ရချင်လှပါတယ်။ ဆေးဝါးကုသပြီး ပြန်လည် ကောင်းမွန်သော အခွင့်အရေး ရလိုလှပါတယ်။
အဆိပ်ဆေးတွေ ထိမိရုံ၊ ရှူမိရုံ၊ တစ်မှုန်တစ်ရှိုက်ရဲ့ အန္တာရာယ်စုမိသွားတဲ့ခါ ဘယ်လောက်ကြီးတယ် ဆိုတာ ဆက်ခါဆက်ခါ တောင်သူတွေနားလည် လက်ခံသည်ထိ ပြောဆိုဆွေးနွေးခွင့်လေး နောင်…. နှစ် အနည်းငယ်လောက် ရချင်စမ်းပါဘိတော့…။

မေတ္တာဖြင့်
သန်းညွန့်ဆွေ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်