ဒီမိုကရေစီစနစ်ဟာ အကောင်းဆုံးအုပ်ချုပ်ရေးစနစ်ဖြစ်တယ်လို့ အများက ယူဆကြပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးမှာ လူအများရဲ့ ဆန္ဒသဘောထားကို အနည်းက လိုက်နာရပြီး လူနည်းစုရဲ့ ဆန္ဒသဘောထားကိုလည်း လူများစုက မလိုက်နာသည့်တိုင် လေးစားတန်ဖိုးထားရပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီကို ကမ္ဘာ့နိုင်ငံအများစုက ပြည်သူလူထုတွေက တောင်းဆိုတိုက်ပွဲဝင်နေကြတာပါ။
ဒါပေမဲ့ ဒီမိုကရေစီဟာ ခြောက်ပစ်ကင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုမဟုတ်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာ ဒီမိုကရေစီစနစ်ကြောင့် နိုင်ငံအတွက် အရေးပါတဲ့ လုပ်ငန်းကဏ္ဍတွေ၊ အဲဒီလုပ်ငန်းကဏ္ဍကပြည်သူတွေ ထိခိုက်နစ်နာရတာမျိုးတွေ ကြုံခဲ့ကြဖူးပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအားကောင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာ အဲဒီအတွေ့အကြုံတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေရပါတယ်။
အဲဒီလိုပြဿနာမျိုးကို အဓိကခံစားရတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကတော့ စိုက်ပျိုးမွေးမြူရေးပါ။ ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်တဲ့လူဦးရေဟာ နိုင်ငံလူဦးရေရဲ့ အနည်းစုဖြစ်လာပါတယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေက အားကောင်းပြီး ဝင်ငွေကောင်းလာလေလေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တဲ့သူတွေက လျော့နည်းလာလေလေ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း နည်းပညာတွေက ပိုမိုဖွံ့ဖြိုးတိုးတက်လာတာကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှာ လူအင်အားလိုအပ်ချက် လျော့နည်းလာပါတယ်။ ဒါကြောင့်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ နိုင်ငံ့လူဦးရေက လျော့ကျလာပါတယ်။
တဆက်တည်းမှာ အရင်းရှင်စီးပွားရေးစနစ်ရဲ့ ပုံစံသွင်းမှုကြောင့် အသေးစားမွေးမြူရေးလုပ်ငန်းတွေ ကွယ်ပျောက်သွားပြီး၊ မွေးမြူရေးသမားအနည်းငယ်က မွေးမြူရေးခြံအကြီးကြီးတွေကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်လာတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ ဒါကလည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူဦးရေလျော့နည်းလာခြင်းအတွက် အခြေခံကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်လာပါတယ်။
ဒီမိုကရေစီစနစ်မှာ အများစုသော ပြည်သူလူထု (အဲဒီပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ) က နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမူဝါဒတွေကို ချမှတ်ကြပါတယ်။ အဲဒီမူဝါဒတွေကို ပြည်သူအများစုရဲ့ ဆန္ဒမဲကိုရရှိတဲ့ နိုင်ငံရေးပါတီတွေက ဖွဲ့စည်းတဲ့အစိုးရတွေက အကောင်အထည်ဖော်ရပါတယ်။
ဒါကြောင့် အဲဒီမူဝါဒတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေအားလုံးဟာ လူအများစုရဲ့ သဘောဆန္ဒအပေါ်မှာပဲ မူတည်ထားရပါတယ်။ သာမန်အခြေအနေမျိုးမှာ ဒါဟာ သဘာဝကျပြီး လက်သင့်ခံရမယ့်အနေအထားပါ။ အထူးသဖြင့် နိုင်ငံရဲ့ လူဦးရေအနည်းစုသာ ပါဝင်ပတ်သက်နေတဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ရာမှာ စိုက်ပျိုးမွေးမြူသူတွေရဲ့ သဘောဆန္ဒထက် စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်ခြင်းမရှိတဲ့ လူအများစုရဲ့ သဘောဆန္ဒကို ပိုပြီးဦးစားပေးရတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အထင်ရှားဆုံး ဥပမာတစ်ခုကတော့ နယ်သာလန်နိုင်ငံပါ။ နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေး မြူရေးထုတ်ကုန်တွေ နိုင်ငံခြားကို တင်ပို့ရောင်းချမှုမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာ အမေရိကန်နိုင်ငံတစ်နိုင်ငံပဲ ရှိပါတယ်။
စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ နည်းပညာကဏ္ဍတွေကနေ ဝင်ငွေတွေ အများအပြား ရရှိပြီး ကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်တိုင် စိုက်ပျိုးမွေးမြူရေးကဏ္ဍက ရရှိတဲ့ဝင်ငွေဟာ တိုင်းပြည်ဝင်ငွေစုစု ပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါသေးတယ်။ နှစ်စဉ် ပျမ်းမျှ ယူရိုငွေ ၆၅ ဘီလီယံ လောက် တန်ဖိုးရှိတဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ပြည်ပကို တင်ပို့နေပြီး ဒါဟာ နယ်သာလန်နိုင်ငံရဲ့ ပြည်ပပို့ကုန်ပမာဏ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ပြီးခဲ့နှစ်က စိုက်ပျိုမွေးမြူရေးထုတ်ကုန်တွေ ပြည်ပတင်ပို့ခဲ့တဲ့ ပမာဏဟာ ယူရိုငွေ ၁၂၂.၃ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အမှန်တကယ်ပါဝင်နေတဲ့ လူဦးရေပမာဏကတော့ အင်မတန် နည်းပါးလှပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေသူ လူဦးရေဟာ ၆၆၀,၀၀၀ ရှိပြီး အဲဒီထဲက ၅၀,၀၀၀ ဟာ စိုက်ပျိုးမွေးမြူရေးသမား (လယ်သမား၊ မွေးမြူရေးသမား) တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကတော့ အလုပ်သမား၊ ကုန်သည် စသည်ဖြင့် အခြားဆက်စပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
အဲဒီ ၂၀၁၄ ခုနှစ်မှာ နယ်သာလန်ရဲ့ လူဦးရေ စုစုပေါင်းဟာ ၁၆.၈၇ သန်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့လူဦးရေနဲ့ နှိုင်းယှဉ်ရင် စိုက်ပျိုးမွေးမြူရေးသမား အရေအတွက်ဟာ ၀.၃ ရာခိုင်နှုန်းပဲ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လူဦးရေက ၁၇.၅ သန်း ဖြစ်လာပေမယ့် စိုက်ပျိုးမွေးမြူသူ အရေအတွက်ကတော့ ပိုလို့တောင် လျော့ကျသွားပြီ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာမို့ နိုင်ငံရဲ့ မူဝါဒတွေကို ချမှတ်ရာမှာ လူများစုရဲ့ သဘောဆန္ဒကို အခြေပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍များ စိုက်ပျိုးမွေးမြူရေးသမားတွေ နစ်နာစေမယ့်မူဝါဒတစ်ခုကို အဆိုပြုလာခဲ့ရင် လူဦးရေစုစုပေါင်းရဲ့ ၀.၃ ရာခိုင်နှုန်းသာ ရှိတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ သဘောထားဆန္ဒတွေက မျက်ကွယ်ပြုခြင်း ခံရတော့တာပါပဲ။
အစိုးရအနေနဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ ဒုက္ခကို နားလည်သဘောပေါက်သည့်တိုင် ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကြောင့် လူအများစုရဲ့ ဆန္ဒကိုပဲ လိုက်လျောပြီး အကောင်အထည်ဖော်ရတဲ့ အခြေအနေမျိုး မကြာခဏ ကြုံတွေ့ရနိုင်တာပါပဲ။ ဒါကြောင့် ဒီမိုကရေစီဟာ လတ်တလောမှာ အကောင်းဆုံးအုပ်ချုပ်ရေးပုံစံတစ်ခုဖြစ်ပေမယ့် တခါတရံမှာတော့ လူနည်းစုဖြစ်တဲ့ စိုက်ပျိုးမွေး မြူရေးသမားတွေအတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာတတ်ပါတယ်။
ဒီလိုအခြေအနေမှာ လူများစုရဲ့ ဆန္ဒသဘောထားကို အကောင်အထည်ဖော်ရသလို၊ လူနည်းစု စိုက်ပျိုးမွေးမြူသူတွေရဲ့ အမြင်နဲ့ဘဝတွေကိုလည်း နားလည်တန်ဖိုးထားပြီး နစ်နာမှုတွေ မရှိရအောင် အစိုးရတွေက ကြံစည်အားထုတ်ကြရပါတယ်။ နယ်သာလန်နိုင်ငံရဲ့ ဥပမာလေးတစ်ခုကိုပဲ ဆက်ဆွေးနွေးပါရစေ။
နယ်သာလန်နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သလို တစ်ဖက်မှာလည်း ဥရောပသမဂ္ဂဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တိုက်ဖျက်ရာမှာ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းက ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုကို သတ်မှတ်တဲ့ပမာဏရောက်အောင် လျှော့ချဖို့ ဥရောပသမဂ္ဂမှာ သဘောတူညီထားကြပါတယ်။
နယ်သာလန်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ၊ အထူးသဖြင့်တော့ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ အမိုးနီးယားဓာတ်ငွေ့တွေဟာ ဥရောပသမဂ္ဂက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ထက် ပိုမိုမြင့်မားနေပါတယ်။ ဒါကြောင့် နယ်သလာလန်အစိုးရက ၂၀၃၀ အရောက်မှာ အဲဒီဓာတ်ငွေ့တွေရဲ့ ထုတ်လွှတ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီအတွက် ဖန်လုံအိမ်အာနိသင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲက မွေးမြူရေးလုပ်ငန်းတွေကို လျှော့ချဖို့ ဆုံးဖြတ်ထားပါတယ်။ နယ်သာလန်အစိုးရရဲ့ အစီအစဉ်အရဆိုရင် မွေးမြူရေးခြံစုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ကို လျှော့ချသွားရမယ့်အနေအထား ဖြစ်ပါတယ်။
ဖန်လုံအိမ်အာနိသင် လျှော့ချဖို့ မွေးမြူရေးလုပ်ငန်းတွေကို ဖျက်သိမ်းလျှော့ချရမယ်ဆိုတဲ့အပေါ် စိုက်ပျိုးမွေးမြူရေးသမားတွေဘက်ကကြည့်ရင် အင်မတန် စိတ်ညစ်စရာဖြစ်ပေမဲ့ စိုက်ပျိုးမွေးမြူ ရေးနဲ့ မပတ်သက်တဲ့ မြို့နေလူတန်းစားအတွက်ကတော့ ဒါဟာ ကောင်းတဲ့အလုပ် ဖြစ်တယ်၊ မဖြစ်မနေ လုပ်ရမယ်လို့ပဲ မြင်စရာပါ။ ဒါကြောင့်လည်း စိုက်ပျိုးမွေးမြူရေးသမား အနည်းငယ်သာရှိတဲ့ နယ်သာလန်မှာ ဥရောပသမဂ္ဂရဲ့ စံနှုန်းကို ပြည့်မီအောင် အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲဖို့ မွေးမြူရေးခြံတွေ ဖျက်သိမ်းရေးမူဝါဒတွေက ရှေ့တန်းရောက်အောင် မြင်နေတာပါ။ အစိုးရကလည်း အဲဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပါ။
ဖန်လုံအိမ်အာနိသင် လျှော့ချရေးဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်တစ်ရပ်ဖြစ်တာမို့ မဖြစ်မနေ ဆောင်ရွက်ရမှာမှန်ပေမယ့် ဒီလိုမွေးမြူရေးလုပ်ငန်းတွေကို ပိတ်သိမ်းပြီး အလျင်အမြန်လျှော့ချဖို့ ကြိုးစားခြင်းဟာ နယ်သာလန်စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ ဘဝတွေကို အကြီး အကျယ် ရိုက်ခတ်စေမှာတော့ သေချာပါတယ်။
ဒါကြောင့်လည်း နယ်သာလန်မွေးမြူရေးသမားတွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက စတင်ပြီး နယ်သာလန်အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြတာတွေ ပြုလုပ်နေခဲ့ကြပါတယ်။ မနှစ်တုန်းကဆိုရင် ဖန်လုံအိမ်အာနိသင်လျှော့ချရေး ဆုံးဖြတ်ချက်တွေကို ကန့်ကွက်တဲ့အနေနဲ့ မွေးမြူရေးသမားတွေက အဝေးပြေးလမ်းမကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ ကုန်လှောင်ရုံတွေကို ပိတ်ဆို့ပြီး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။
နယ်သာလန်နိုင်ငံက မွေးမြူရေးသမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ အိမ်နီးနားချင်း ဘယ်လ်ဂျီယံနိုင်ငံကိုပါ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ရာနဲ့ချီတဲ့ မွေးမြူရေးသမားတွေဟာ သူတို့ရဲ့ လယ်ထွန်စက်တွေကို ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မြို့လယ်ခေါင်အထိ မောင်းလာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီမိုကရေစီစနစ်မှာ လူများစုရဲ့ ဆန္ဒကို လူနည်းစုက လိုက်နာရပြီး လူနည်းစုရဲ့ ဆန္ဒကိုလည်း လူများစုက တန်ဖိုးထားလေးစားရတယ်လို့ ဆိုခဲ့ပါတယ်။ နယ်သာလန်နိုင်ငံက စိုက်ပျိုးမွေးမြူရေးသမားတွေကတော့ လူနည်းစုဖြစ်တာမို့ လူများစုရဲ့ ဆန္ဒကို လိုက်နာပြီး မွေးမြူရေးခြံတွေကို ဖျက်သိမ်းပေးရပါတော့မယ်။ ဒါပေမဲ့ သူတို့ရဲ့ အမြင်သဘောထားတွေ၊ ဆန္ဒတွေ၊ ဘဝတွေကို တစ်ဖက်က လေးစားတန်ဖိုးထားပြီး အတတ်နိုင်ဆုံး ထိခိုက်နစ်နာမှုနည်းအောင် ကြိုးစားပေးနေတာကိုလည်း တွေ့ရပါတယ်။
နယ်သာလန်အစိုးရက ဆန္ဒပြတဲ့ မွေးမြူရေးသမားတွေကို ဖမ်းဆီးအရေးယူတာ၊ ထောင်သွင်းအကျဉ်းချတာမျိုးတွေတော့ မလုပ်ခဲ့ပါဘူး။ အဲဒီအစား သူတို့လက်ခံနိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုဆိုရင် လျော်ကြေးငွေ ယူရိုငွေ ၁.၅ ဘီလီယံ အသုံးပြုပြီး မွေးမြူရေးခြံအချို့ကို ဖျက်သိမ်းလျှော့ချမယ့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါတဲ့နေရာတွေအနီးမှာ တည်ရှိနေတဲ့ မွေးမြူခြံတွေအနေနဲ့ အဲဒီခြံကို မိမိတို့ဆန္ဒအလျောက် ဖျက်သိမ်းဖို့ တင်ပြလာရင် အစိုးရက ယူရိုငွေ ၁.၅ ဘီလီယံထဲကနေ လျော်ကြေးငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မွေးမြူရေးခြံ ၃၀၀၀ လောက် အဲဒီ လျော်ကြေးငွေအစီအစဉ်မှာ အကြုံးဝင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
နယ်သာလန်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးအသင်းကြီးတစ်ခုဖြစ်တဲ့ LTO ကတော့ လျော်ကြေးပေးပြီး မွေးမြူရေးခြံတွေကို ဖျက်သိမ်းခိုင်းတာမျိုးထက် အဲဒီရန်ပုံငွေကို အသုံးပြုပြီး ဖန်လုံအိမ်အာနိသင် လျှော့ချထုတ်လွှတ်တဲ့ နည်းပညာတွေကို ပြောင်းလဲအသုံးပြုပြီး မွေးမြူရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်အောင် ဆွဲဆောင်စည်းရုံးဖို့ ပိုပြီးအားသန်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နယ်သာလန်နိုင်ငံရဲ့ အဖြစ်အပျက်ကို လေ့လာရင်း ဒီမိုကရေစီစနစ်နဲ့ စိုက်ပျိုးမွေးမြူရေးသမားတို့အကြားက သတိပြုစရာ အဆက်အစပ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီမိုကရေစီဟာ စိုက်ပျိုးမွေးမြူရေးသမားများအပါအဝင် လူသားတိုင်း လိုလားတောင့်တအပ်တဲ့ အရာဖြစ်ပြီး၊ အဲဒီ ဒီမိုကရေစီက လူနည်းစု စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားပေးနိုင်တဲ့ အနေအထား ရှိရမယ် ဆိုတာကို မပြတ်ဂရုပြုရမှာပါ။
မြန်မာပြည်သူလူထုအနေနဲ့လည်း လူများစုဆန္ဒကိုလိုက်နာပြီး၊ လူနည်းစုရဲ့ ဆန္ဒကို တန်ဖိုးထားလေးစားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အချိန်တိုအတွင်း ရရှိနိုင်ပါစေကြောင်း ဆန္ဒပြု ဆုတောင်းပေးလိုက်ရပါတယ်။
ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။