မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်အရေးကြီးသည့် ပိုးသတ်သန့်စင်ဆေးများနှင့်ပတ်သက်၍ ၎င်းတို့၏လုပ်ငန်းလုပ်ဆောင်ပုံ၊ ရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များကို အပိုင်း (၁) တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပါသည်။
ယခု အပိုင်း(၂) တွင် ခြံသုံးပိုးသတ်သန့်စင်ဆေးအုပ်စုတစ်ခုချင်းစီ၏ ပိုးသတ်စွမ်းဆောင်နိုင်စွမ်းနှင့် အားသာချက်၊ အားနည်းချက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။
ခြံသုံးပိုးသတ်သန့်စင်ဆေးအုပ်စုများ
ဖီနောလစ် အုပ်စု (Phenolic)
- ကတ္တရာစေးမှ ထွက်ရှိလာသော ဒြပ်ပေါင်းအုပ်စု ဖြစ်ပါသည်။
- ကာဘော်လစ် (Carbolic acid) အုပ်စုဟုလည်း ခေါ်ပါသည်။
- ဘက်တီးရီးယားများကို အလျင်အမြန်ဖျက်ဆီးပစ်နိုင်စွမ်းရှိပါသည်။ Gram negative ဘက်တီးရီးယားများထက် Gram positive ဘက်တီးရီးယားများအပေါ် ပိုမိုအစွမ်းထက်စွာ ဖျက်ဆီးနိုင်ပါသည်။
- လောင်စားစေတတ်သော သဘောရှိပြီး အသုံးပြုသူအတွက်လည်း အရေပြားကို ထိခိုက်စေနိုင်သည့်အတွက် အသုံးပြုရာတွင် သတိထားရန် လိုအပ်ပါသည်။
- သြဂဲနစ်အညစ်အကြေးများရှိနေချိန်တွင်ပင် အစွမ်းပြနိုင်သော ပိုးသတ်ဆေးအုပ်စု ဖြစ်ပါသည်။
- အသုံးပြုပြီးနောက် ဆေးကြွင်းအစွမ်းသတ္တိ (residual effect) အထိုက်အလျောက်ရှိပါသည်။
- Phenol ဒြပ်ပေါင်းအမျိုးမျိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့် Disinfectants များအဖြစ် စျေးကွက်တွင် ဝယ်ယူရရှိနိုင်ပါသည်။
ကွာတာနရီအမိုနီယမ် အုပ်စု(Quaternary ammoniums)
- ယင်းအုပ်စုအတွက် အထူးသတိပြုရမည့်အချက်မှာ ဆပ်ပြာနှင့် တွဲဖက်အသုံးမပြုနိုင်ခြင်း ဖြစ်သည်။
- ပိုးမွှားအမျိုးအစား အများအပြားကို ဖျက်ဆီးနိုင်စွမ်းရှိသည့် broad-spectrum disinfectant အမျိုးအစားဖြစ်သည်။
- Phenol ကဲ့သို့ လောင်စားစေခြင်း မရှိသဖြင့် စိတ်ချလက်ချအသုံးပြုနိုင်သကဲ့သို့ တိရစ္ဆာန်များရှိနေချိန်တွင်ပင် အသုံးပြုနိုင်သည့် ပိုးသတ်ဆေး ဖြစ်သည်။
- ဆေးကြွင်းသတ္တိလည်း အထိုက်အလျောက်ရှိသည့် ဆေးဖြစ်သဖြင့် မွေးမြူရေးခြံများ အားထားရသော အုပ်စုဖြစ်သည်။
- ကြက်ဥဖောက်စက်များတွင် ကြက်ဥများ ဆေးကြောရန်အတွက်လည်းကောင်း၊ မွေးမြူရေးခြံများတွင် အစာခွက်၊ ရေခွက်များ ဆေးကြောရန်အတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ဖော်မယ်လ်ဒီဟိုက် အုပ်စု (Formaldehyde)
- ဖော်မလင်ဟု လူသိများပြီး အငွေ့ဖြင့် ပိုးသတ်သန့်စင်သည့် ပိုးသတ်ဆေး အုပ်စုဖြစ်သည်။
- ပိုးအုပ်စုအများအပြားကို ဖျက်ဆီးနိုင်ပြီး စပိုးများကိုပင် သတ်ဖြတ်နိုင်သည်။ ထို့ပြင် အငွေ့ဖြင့် ပိုးသတ်ခြင်း ဖြစ်သဖြင့် ပိုးသတ်ဆေးဖြန်းရန် ခက်ခဲသောနေရာများသို့ပင် ရောက်ရှိနိုင်သည်။
- အငွေ့ပျယ်သွားလျှင် ပိုးသတ်နိုင်စွမ်းလည်း ပျောက်ဆုံးသွားသည်။
- သြဂဲနစ်အညစ်အကြေးများ ရှိနေပါက အစွမ်းမပြနိုင်ပေ။
- သတိပြုရမည့်အချက်မှာ ဓာတ်ငွေ့အဖြစ် ပိုးသတ်စဉ် စနစ်မကျပါက လူကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။
- အပူချိန်နှင့် စိုထိုင်းဆတို့က ဆေး၏အစွမ်းသတ္တိအပေါ် လွှမ်းမိုးနိုင်သည်။
ဟေလိုဂျင်အုပ်စု (Halogens)
- ယင်းအုပ်စုတွင် Iodine နှင့် Chlorine ကဲ့သို့သော ပိုးသတ်ဆေးများ ပါဝင်သည်။
- အသုံးများသည့် Halogen ပိုးသတ်ဆေးမှာ bleach ဟု လူသိများသည့် sodium hypochlorite ဖြစ်သည်။
- ပိုးအတော်များများကို အလျင်အမြန် ဖျက်ဆီးနိုင်စွမ်းရှိသည်။
- သြဂဲနစ်အညစ်အကြေးများ ရှိနေပါက အစွမ်းမပြနိုင်ပေ။
- အစွမ်းသတ္တိကို ကြာရှည်လည်း မပြနိုင်ပေ။
- ကောင်းမွန်သည့်အချက်မှာ တိရစ္ဆာန်များရှိနေချိန်တွင်ပင် အသုံးပြုနိုင်ခြင်းဖြစ်သည်။
- သတိပြုရမည့်အချက်မှာ လောင်စားစေတတ်သော အစွမ်းရှိသဖြင့် စတီးလ်ပစ္စည်းများတွင် သံချေးများ တက်လာစေနိုင်ပါသည်။
ခရီဆောလ် အုပ်စု (Cresols)
- ခရီဆောဟု လူသိများသည့် အုပ်စုဖြစ်ပြီး Gram negative ဗက်တီးရီးယားများကို အများဆုံး ဖျက်ဆီးပစ်နိုင်ပါသည်။
- အသုံးပြုသူ၏ အရေပြားကို ထိခိုက်နိုင်သဖြင့် သတိပြုသုံးစွဲရန် လိုအပ်ပါသည်။
- သြဂဲနစ်အညစ်အကြေးများကို ခံနိုင်ရည်ရှိသဖြင့် သန့်ရှင်းရေးအားနည်းထားသည့် ခြံများတွင် အသုံးပြုရန် အဆင်ပြေပါသည်။
- ဆေးကြွင်းသတ္တိလည်းကျန်ရှိနိုင်သဖြင့် ခြံကို ပိုးသတ်သန့်စင်ရာတွင်လည်း အသုံးပြုရန် သင့်လျော်သည်။
- တခါတရံ Phenol ဒြပ်ပေါင်းများနှင့် ပေါင်းစပ်အသုံးပြုလေ့ ရှိပါသည်။
အောက်ဆီဒိုက်ဇင်း အုပ်စု (Oxidizing agent)
- မြန်မာ့မွေးမြူရေးခြံများတွင် အသုံးအများဆုံး Oxidizing agent မှာ ထုံးမှုန့်ဖြူးပေးခြင်း ဖြစ်ပါသည်။ ထုံးမှုန့် (Calcium oxide) မှာ ရေနှင့် ထိတွေ့ပါက အပူနှင့် အောက်ဆီဂျင်ကို ထွက်ပေါ်လာစေပါသည်။ ယင်းအပူက ပိုးမွှားများကို ဖျက်ဆီးပစ်ခြင်း ဖြစ်ပါသည်။ လောင်စားစေတတ်သည့် သဘောရှိသဖြင့် ထုံးပေါက်ခြင်းကို သတိပြုရန်လိုအပ်ပါသည်။
- Hydrogen peroxide မှာလည်း အသုံးများသည့် oxidizing agent တစ်မျိုးဖြစ်ပါသည်။ ၃-၅% ဖျော်ရည်အဖြစ် အသုံးပြုလေ့ ရှိပါသည်။
အပိုင်း (၁) ဖတ်ရှုလိုပါက - https://greenwaymyanmar.com/posts/Disinfectants_using_in_Animal_Farms
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။