‘‘မြန်မာနိုင်ငံအနှံ့မှာ ပြတ်ရွေ့တွေက များစွာရှိနေတယ်။ အားလုံးဟာ ငလျင်လှုပ်နိုင်တဲ့ အနေအထားတွေမှာရှိတယ်’’

17/01/2018 16:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၇ နှစ်ကုန်နှင့် ၂၀၁၈ နှစ်ဆန်း တွင် မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ မြေငလျင်များ ခပ်စိပ်စိပ်လှုပ်ခတ် နေသည်။ ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၇ ရက်အ ထိ မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ အင်အားအနည်းငယ်နှင့် အသင့် အတင့်ရှိ မြေငလျင် (၁၀)ကြိမ် လှုပ်ခတ်ခဲ့သည်။ ထူးခြားမှုမှာ စစ် ကိုင်းတိုင်းဒေသကြီးအတွင်း ခုနစ် ကြိမ် ဗဟိုပြုခဲ့သည်။ ဟုမ္မလင်းမြို့ အနီး ဗဟိုပြု၍ ဇန်နဝါရီ ၇ ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်ကို ဒေသတွင်း မြို့နယ်အများစုတွင် ခံစားခဲ့ရပြီး ဒေသခံများ စိုးရိမ်ထိတ်လန့် ခဲ့သည်။ ငလျင်များ ခပ်စိပ်စိပ်လှုပ် လာသည့် အခြေအနေကြောင့် သတိပြု သင့်သည်များကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဘူမိဗေဒပညာရှင် ဒေါ်လှလှအောင်ကို 7Day News Journalက တွေ့ဆုံမေးမြန်းထားပါသည်။

ဒီနောက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ဗဟိုပြုပြီး ငလျင်တွေမကြာခဏလှုပ်လာတယ်။ ဒီအ ပေါ်မှာ ဒေသခံတွေအနေနဲ့ စိုးရိမ် မှုလည်း ရှိနေတယ်။ အဲဒီလို ခပ် စိပ်စိပ်လှုပ်နေတာက ဘယ်ပြတ် ရွေ့ကြောင့်လို့ သုံးသပ်ပါသလဲ။

အခု လှုပ်နေတဲ့ အနေအ ထားအရဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးပါတဲ့ မြန်မာနိုင်ငံ အ နောက်မြောက်ဘက်ပိုင်းဒေသ တွေမှာ အများဆုံး လှုပ်နေတာ ပေါ့။ နေရာကတော့ ဟုတ်ပြီ။ ဗဟိုပြုတဲ့ မြေအနက်ကိုလည်း သိဖို့လို တယ်။ အခု လှုပ်နေတာတွေက တော်တော်နက်တဲ့နေရာတွေမှာ ရော၊ အနက်တိမ်တဲ့အပိုင်းမှာ ရော လှုပ်နေတာတွေ့ရတယ်။ အ နက်တိမ်တဲ့ နေရာတွေမှာ လှုပ်တာက မြေပြင်နဲ့အနီးဆုံးနေရာမှာရှိနေ တဲ့ အဓိကပြတ်ရွေ့ကတော့ ကဘော်ပြတ်ရွေ့ပါ။ သို့သော် အဲ ဒီနေရာတွေမှာ ကဘော်ပြတ်ရွေ့ တင်မဟုတ်ဘူး။ တခြားပြတ်ရွေ့ တွေလည်း ရှိနေတယ်။ နာမည်အ နေနဲ့ကတော့ တိတိကျကျ ပေး ထားတာ မရှိဘူး။ ဒီနေရာမှာ ဒီ ပြတ်ရွေ့တစ်ခုပဲလို့ ပြတ်ပြတ်သားသား ပြောလို့မရဘူး။ သူနဲ့ ပြိုင်နေ တဲ့ ပြတ်ရွေ့ခွဲတွေကလည်း အ များကြီးရှိတယ်။ ကဘော်ပြတ်ရွေ့ ရဲ့ အောက်ဘက်နားလောက် တော်တော်နက်တဲ့နေရာ ကီလို မီတာ ၇၀ ကျော်လောက်မှာ အိန္ဒိယကျောက်ထုချပ် (India Plate) ကနေ ဘားမားကျောက်ထုချပ် (Burma Plate) အောက်ကို ထိုး စိုက်ဆင်းနေတဲ့ Subduction Zone လို့ခေါ်တဲ့ ထိုးစိုက်ဇုန်လည်း ရှိနေတယ်။ အပေါ်က ၄၀ ကီလိုမီ တာအထက်မှာက ကဘော်ပြတ် ရွေ့ရှိနေတယ်။ အဲဒီအောက်မှာပဲ ထိုးစိုက်ဇုန်ရှိနေတယ်။ အဲဒီလို နှစ် ခုစလုံးရှိနေတာကြောင့် နေ့စဉ်နဲ့ အမျှ ကဘော်ပြတ်ရွေ့ကလည်း လှုပ်မယ်၊ Subduction Zone ဇုန် ကလည်း လှုပ်မယ်ဆိုတဲ့အတွက် လတ်တလောအချိန်မှာ စစ်ကိုင်း တိုင်းဒေသကြီးပါတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းဒေသ တွေမှာ ငလျင်တွေ လှုပ်နေတာ ဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နားမှာ ဇန်နဝါရီ ၇ ရက်က လှုပ်သွားတဲ့ ရစ်ချ်တာ စကေး ၅ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်က ကဘော်ပြတ်ရွေ့က လှုပ်တာဆိုတော့ ဒီကဘော်ပြတ် ရွှေ့က ဘယ်လောက်အထိ အန္တ ရာယ်ကြီးမားနေပါသလဲ။

အခုလှုပ်သွားတာ နှစ်မျိုး ပြောနေတယ်။ မိုးဇလဌာနက ၅ ဒသမ ၈ အဆင့်၊ USGS က ၅ ဒသမ ၅။ ဆရာမတို့ကတော့ USGSထုတ်ပြန်ချက်ကိုပဲ ယူတာဖြစ် တယ်။ ဘာပဲဖြစ်ဖြစ် ငလျင်က အသေးစားမဟုတ်သလို အကြီး စားလည်း မဟုတ်ဘူး။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ ပမာဏဖြစ်နေ တယ်။ တော်သေးတာက အဲဒီနား တစ်ဝိုက်မှာ ရှိနေတဲ့ကလေး၊ ကလေးဝဒေသတစ်ဝိုက်တွေမှာ က လူနေကျဲပါးတယ်။ အဆောက် အအုံ မထူထပ်ဘူး။ ဆောက်လုပ် ထားတဲ့ အဆောက်အအုံတွေက လည်း အထပ်မြင့်မရှိဘူး။ ဒါ ကြောင့် ထိခိုက်မှုနည်းပါးတယ်။ ပျက်စီးမှု မကြားသလောက်ပါပဲ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ ဆိုရင်တော့ စိုးရိမ်ဖို့ကောင်းတာ ပေါ့။

မြေငလျင်ကော်မတီက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအ ဝင် မြို့ကြီး ၁၀ မြို့လောက်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင် အန္တရာယ်ရှိတယ်ဆိုပြီး ပြင်ဆင်မှု တွေ၊ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဖို့ သတိပေးထားတာရှိတယ်။ ကဘော်ပြတ်ရွေ့မှာ မြေငလျင် လှုပ်ရင်ကော ဘယ်လောက် ထိ ခိုက်နိုင်လဲ။

ပြတ်ရွေ့တွေကတော့ ဘယ် ပြတ်ရွေ့မဆို အန္တရာယ်ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့ကတော့ လှုပ်ခဲ့ တာတွေ ပြန်ကြည့်ရင် မဂ္ဂနီကျုဒ် ၆ ဒသမ ၈ တို့၊ ၇ အထက်တို့ လှုပ်ခဲ့လို့ အင်အားပြင်းတယ်။ ပို ကြောက်ဖို့ကောင်းတယ်။ အခု လတ်တလော လှုပ်နေတဲ့နေရာ တွေက မြို့ကြီးပြကြီးနည်းတယ်။ လူနေမထူထပ်ဘူး။ အဆောက်အ အုံတွေအနေနဲ့ကလည်း အထပ် မြင့်တွေ ဆောက်ထားတာမရှိ သလောက်ဆိုတော့ တကယ်လို့ ငလျင်ကြီးကြီးမားမားလှုပ်မယ်ဆို စစ်ကိုင်းပြတ်ရွေ့မှာ လှုပ်လို့ ထိခိုက်တာထက် ကဘော်ပြတ် ရွေ့လှုပ်လို့ ထိခိုက်တာက နည်း တယ်။ သက်သာတယ်။ သူ (ကဘော်ပြတ်ရွေ့)က ငလျင်ပမာ ဏကလည်း နည်းတယ်။

အစိုးရသစ်လက်ထက်မှာ ငလျင် ဘေးအန္တရာယ်ကို ပိုအာရုံစိုက် လာတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ မှာ ငလျင်ဖိုရမ်နှစ်ကြိမ် လုပ်ခဲ့ တယ်။ ဒါတွေက အရင်က မလုပ် ခဲ့ဖူးဘူး။ ငလျင်အန္တရာယ်သေချာ ပေါက်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံ မှာ လူထုက ပိုပြီးသတိထားနိုင် အောင် အစိုးရအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ လိုမယ်လို့ အကြံပေး ချင်လဲ။

ဆရာမအနေနဲ့ရော၊ ငလျင် ကော်မတီကိုယ်စားပြုအနေနဲ့ရော ပြောမယ်ဆိုရင် ဇာတ်တိုက်လေ့ ကျင့်တာတွေ၊ ကြိုတင်ကာကွယ် ရေး လေ့ကျင့်ခန်းတွေ အများကြီး လုပ်လေကောင်းလေပဲ။ တစ်နေ ရာမှာ လှုပ်လို့ အဲဒီနေရာမှာ ဇာတ် တိုက်လေ့ကျင့်တာမျိုး လုပ်တာ မျိုး၊ အဲဒီလိုလုပ်တာကို သတင်း စာထဲ၊ ရုပ်သံထဲ ထည့်တာလောက်နဲ့ မပြည့်စုံဘူး။ နေရာတိုင်း၊ နေ ရာတိုင်း၊ တစ်တိုင်းပြည်လုံးမှာ ကျေးရွာတွေမှာပါ ဆက်တိုက်လုပ်နေနိုင်မှရမယ်။

ငလျင်အပါအဝင် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဖို့ ဒေသခံလူ ထုကို စုစည်းတာမှာ စားဝတ်နေ ရေးအပါအဝင် တခြားကိစ္စရပ် တွေကြောင့် ဒေသခံတွေက ပူး ပေါင်းပါဝင်တာမျိုး အားနည်း တယ်လို့ ဦးစီးဦးဆောင်ပြုသူတွေ က ဆိုတယ်။ လူထုက ပူးပေါင်း ပါဝင်လာဖို့ ဘာတွေပြုလုပ်သင့် တယ်လို့ အကြံပြုချင်ပါသလဲ။

ဇာတ်တိုက်လေ့ကျင့်တာ လုပ်ဖို့ ဌာနပေါင်းစုံကနေ စုစည်း ပြီး ဒေသခံတွေကို သေသေချာချာ စည်းရုံးရတယ်။ စည်းရုံးရတာ အ နည်းငယ်တော့ ခက်ခဲပါတယ်။ တချို့ကလည်း ပူးပေါင်းပါဝင်တာ မရှိဘူး။ စိတ်ဝင်စားမှုနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငလျင်ပြင်းပြင်းထန်ထန် ကြုံမှ မကြံုဖူးတာကိုး။ ကိုယ်တိုင်က တော့ ကြောက်ကြတယ်။ ဇာတ် တိုက်လေ့ကျင့်တာမျိုးကျတော့ လူအများကြီးနဲ့လုပ်ကြရတော့ ရှက်တာလည်းပါတယ်။ ကောင်း တာကတော့ များများလုပ်ပေးရ မယ်။ သူတို့ ပါဝင်လာအောင် စည်းရုံးနိုင်ရမယ်။ စည်းရုံးနိုင်မှရမယ်။ အကြီးကြီးတစ်ကြိမ်လုပ်မှ စည်း ရုံးတာမျိုးမဟုတ်ဘဲ ကိုယ့်ရပ် ကွက်အတွင်းမှာပဲ၊ ကျေးရွာမှာပဲ မကြာခဏလုပ်တာမျိုး။ လာချင် အောင် စည်းရုံးနိုင်မှ အဆင်ပြေ မယ်။ ဒီလိုလုပ်ရာမှာ အဆင့်သုံး ဆင့်နဲ့ လုပ်ရမယ်။ Community Level, Regional Level, Interna-tional Level ဆိုတဲ့အဆင့် သုံး ဆင့်။ Community Level ဆိုတာ ဟိုးအောက်ဆုံးအဖွဲ့အစည်းလေး ကနေ တစ်နိုင်ငံလုံးပါအောင် လုပ် တာ။ သူများနိုင်ငံတွေက တစ်နိုင်ငံလုံးလုပ်တာ။ လေ့ကျင့်ထားတယ် ဆိုရင် အနည်းဆုံးတော့သက်သာ မယ်။ ထိခိုက်မှုနည်းမယ်။ နောက် တစ်ဆင့် တိုင်းဒေသကြီးအဆင့် ကနေ အမျိုးသားရေးအဆင့်အထိ ပေါ့။ ထဲထဲဝင်ဝင်ပါဝင်ရမယ်။

ဂျပန်နိုင်ငံမှာဆို အဲဒီလိုလုပ်တာ။ အဖြေကတော့ စည်းရုံးရေးကောင်း ဖို့လိုတာက အဓိကပဲ။

ငလျင်ပြတ်ရွေ့တွေလည်း ရှိနေ ပြီး အန္တရာယ်လည်း ရှိနေတဲ့ ကျွန် တော်တို့နိုင်ငံမှာ ငလျင်ဘေး ကြို တင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရင်ဆိုင်ရေးကို မူလတန်းအခြေခံပညာရေး သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ပြပေးဖို့ဆိုတဲ့ အကြံပြုချက် တွေအပေါ်မှာကော ဆရာမအမြင်လေး သိရပါစေ။ (ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန် ကြီးဌာနက ပေးဝေသော ဗလာ စာအုပ်အဖုံးအတွင်းပိုင်းတွင် ငလျင်ဘေး အသိပညာပေး ခေါင်း စဉ်ဖြင့် သရုပ်ဖော်ပုံပါဝင် သည်။)

မူလတန်းမှာ ကလေးတွေကို ငလျင်ဘေးတုံ့ပြန်ရင်ဆိုင်ရေးကို သင်ယူရမယ်ဆိုတာကို တိုက်တွန်းအကြံပြုပြီးပါပြီ။ အင်တာဗျူးတွေ ကတစ်ဆင့် အကြံပြုခဲ့ ပြောခဲ့တာ ပေါ့။ ကလေးတွေကို ပညာပေး ပြီး သင်တာက ထက်မြက်တဲ့ ဦးနှောက်ရှိနေချိန်မှာ မှတ်မိလွယ် တယ်။ ခေါင်းထဲမှာရှိထားတော့ တစ်ခုခုဖြစ်တယ်ဆို သူတို့ကသိပြီး သူတို့အတွက် ကာကွယ်နိုင်ကြ တယ်။

ဒါကို ဘာလို့ပြောလဲဆိုရင် ပြီးခဲ့တဲ့ အီတလီငလျင်ကဆိုရင် ကလေးလေးတွေ အသက်ရှင် လွတ်မြောက်သွားတဲ့အကြောင်း ကို ဆရာမ အင်တာဗျူးလုပ်ပြီး သား။ ကလေးတွေက လေး၊ ငါး၊ ရှစ်နှစ်အရွယ်တွေ။ သူတို့ ဘယ် လိုလုပ်လဲဆိုတော့ ငလျင်လှုပ်လို့ သိမ့်ခနဲ ခံစားလိုက်ရတာနဲ့ ကလေးလေး နှစ်ယောက်က ခုတင်အောက် ပြေးဝင်တယ်။ သူတို့အိမ် အပေါ်ထပ်ပြိုကျတယ်။ တစ်ရက်၊ နှစ်ရက်ကြာတဲ့အခါ အုတ်ပုံထဲမှာ ခုတင်အကာအကွယ်နဲ့ သူတို့ကို တွေ့တယ်။ သူတို့လွတ်တယ်။ ၂၀၀၄ ကဖြစ်တဲ့ ဆူမားတြားဆူနာ မီမှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ (၁၁)နှစ်အရွယ် ကလေးမလေး။ ပင်လယ်ကမ်းစပ်မှာ ရေက အောက်ကိုဆုတ်သွားတာမြင်တဲ့ အခါ သူသင်ထားတဲ့ ပထဝီဘာ သာရပ်မှာ သင်ရတဲ့ ဒါဆူနာမီဖြစ် တော့မှာပဲဆိုပြီး သူ့အနားက လူ တွေရော သူ့ပတ်ဝန်းကျင်က လူ တွေရောကို ကုန်းမြင့်ပေါ်ခေါ်သွား တယ်။ ခဏနေတော့ အဲဒီနေရာ ကို ဆူနာမီဝင်တယ်။ သူသိတဲ့အ တွက် သူ့ပတ်ဝန်းကျင်က လူတွေ အသက်ရှင်သွားတယ်။ ကလေး လေးက (၁၁)နှစ်ပဲရှိသေးတယ်။

ငလျင်တွေ ဆက်တိုက်ဆက်တိုက် လှုပ်လာတဲ့အပေါ်မှာ ဘယ်ပြတ် ရွေ့ကို အစိုးရိမ်ဆုံးလဲလို့မေးရင် ဆရာမအနေနဲ့ ဘယ်ပြတ်ရွေ့ဖြစ် မလဲ။

အဲဒီမေးခွန်းက ဖြေဖို့တော် တော်ခက်တယ်။ ဘယ်နားကို ထောက်ပြရမှန်းမသိဘူး။ ဘာ ကြောင့်လဲဆိုရင် ဆရာမပြော မယ်။ စစ်ကိုင်းပြတ်ရွေ့မှ၊ ကဘော် ပြတ်ရွေ့မှ ပြတ်ရွေ့မဟုတ်ဘူး။ ကျောက်ကြမ်းပြတ်ရွေ့တို့၊ နမ့် မပြတ်ရွေ့တို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက ပြတ်ရွေ့တွေကလည်း အ ကုန်လှုပ်ရှားမှုရှိတယ်။ မနှစ်ကဆို ရင် တိုက်ကြီးငလျင်လှုပ်တယ်။ အဲဒီငလျင်ကို တိုက်ကြီးပြတ်ရွေ့ လို့ပဲ ဆရာမတို့ နာမည်ပေးလိုက် တယ်။ တိုက်ကြီးနားမှာ လှုပ်သွား လို့။ ဟိုဘက်မှာဆို တောင်တွင်း ကြီးမှာ လှုပ်တယ်။ စစ်ကိုင်းပြတ် ရွေ့လှုပ်တာ မဟုတ်ဘူး။ မြန်မာ နိုင်ငံအနှံ့မှာ ပြတ်ရွေ့တွေက များ စွာရှိနေတယ်။ အားလုံးဟာ ငလျင်လှုပ်နိုင်တဲ့ အနေအထားတွေမှာ ရှိတယ်။ အခုလတ်တလောမှာ ကဘော်ပြတ်ရွေ့ကို ကြောက်နေ တယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့က လည်း လှုပ်ရင် လှုပ်နိုင်တာပဲ။ ရှမ်းပြည်ဘက်က ပြတ်ရွေ့တွေ လည်း လှုပ်နိုင်တာပဲ။

ဘာများဖြည့်စွက် ပြောချင်ပါလဲ ခင်ဗျ။

ဆရာမ အနေနဲ့ကတော့ ကိုယ့်ဘက်ကနေ လုပ်သင့်လုပ် ထိုက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါလို့ ပြောချင်တယ်။ ငလျင်လှုပ်တယ်လို့ ခံစားလိုက်ရ တာနဲ့ ဘာလုပ်ရမလဲဆိုတာ သိ အောင်လုပ်ရမယ်။ Drop, Cover, Hold On ဆိုတဲ့ လေ့ကျင့်ခန်း။ အဲ ဒါက ဘာလဲဆိုရင် ထိုင်ချလိုက်၊ ခေါင်းပေါ်ကို လက်နှစ်ဖက်တင်၊ ခုတင်လိုမျိုး ကိုယ့်ကို ကာကွယ် ပေးမယ့် တစ်ခုခုအောက်ကို ခိုလှုံ၊ ငလျင်လှုပ်တာရပ်ပြီဆိုမှ ပတ်ဝန်း ကျင်ကို ထွက်။ အဲဒီလိုလေ့ကျင့် ခန်းကို များများသာလေ့ကျင့်ထား ပါလို့ တိုက်တွန်းပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

Source: 7 DayDaily.com


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်