မိရိုးဖလာစနစ်တစ်ခုကနေ ခွဲထွက်ကြိုးစားကြည့်ခြင်း (သို့) စပါးပင်ပွား အထွက်များစေဖို့

02/09/2022 13:00 PM တွင် ရန်နောင်စိုး ရန်နောင်စိုး မှ ရေးသား

ကျွန်တော်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ထဲက တောင်သူတစ်ဦးပါ။ 

စိုက်ပျိုးရေးကို ပညာရပ်တစ်ခုအနေနဲ့ သီးသန့် မသင်ကြားခဲ့ရပေမဲ့ လက်လှမ်းမီသမျှ ကြိုးစားလေ့လာပြီး ခေတ်မီစိုက်ပျိုးနည်းပညာတွေကို လက်တွေ့စမ်းသပ် ကြိုးစားလုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးလို့ ပြောရင်တော့ ပိုပြည့်စုံပါလိမ့်မယ်။ 

ကျွန်တော်တို့ဒေသမှာတော့ မိုးရာသီဆိုရင် ဒေသအခေါ်  ဧရာပဒေသာဆိုတဲ့ ဧည့်မထမျိုးအုပ်စုဝင် ဧရာမင်းစပါးမျိုးကို အစိုက်များကြပါတယ်။ ဒီစပါးမျိုးကိုပဲ ဧရာပဒေသာ၊ ကျောက်ဆည်ပဒေသာ၊မချန်းဒို၊ စောရှုပ် စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြတယ်လို့လည်း ကျွန်တော် လေ့လာမိပါတယ်။

ကျွန်တော်လည်း ဒီစပါးမျိုးပဲစိုက်တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ ပတ်ဝန်းကျင်က မိရိုးဖလာ စိုက်ပျိုးတဲ့တောင်သူတွေရဲ့ နည်းစနစ်တစ်ခုကနေ ကျွန်တော် ခွဲထွက်ကြိုးစားကြည့်ခဲ့ပါတယ်။ ဒီဟာက တကယ်လည်းအောင်မြင်တဲ့အတွက် ဘဝတူ တောင်သူလယ်သမားတွေ စပါးအထွက်နှုန်းတိုးစေလိုတဲ့ ရည်ရွည်စေတနာနဲ့ ကျွန်တော့်အတွေ့ အကြုံကို Green Way ကနေ မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

စပါးစိုက်တဲ့တောင်သူတွေဆိုတော့ စပါးများများထွက်တာကို ကြိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တော်မြင်မိသလောက်က တောင်သူတွေက စပါးကို ပိုတော့ထွက်ချင်တယ်။ ဘယ်အနေ အထားကို ရောက်အောင်လုပ်နိုင်ရင် ထွက်မယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ အဲ့ဒီ အနေ အထားကိုရဖို့ နည်းသစ်တွေကို စမ်းသပ်လုပ်ကြည့်ဖို့ကျတော့ မရဲကြဘူး ဖြစ်နေတာပါပဲ။ 

စပါးအထွက်တိုးဖို့ဆိုရင် အနှံပါပင်ပွားများဖို့လိုတာတော့ တောင်သူအားလုံးနီးပါး သိကြပါတယ်။ ကျွန်တော်တို့စိုက်တဲ့ ဧရာမင်းစပါးမျိုးက ၁၄၀ - ၁၄၅ သက်တမ်းရှိတဲ့မျိုးပါ။ ကျွန်တော့်ပတ်ဝန်းကျင်က မိရိုးဖလာ စိုက်ပျိုးနည်းအတိုင်းဆိုရင်တော့ ပျိုးသက် ရက်(၄၀) ဝန်းကျင်မှသာ ရွှေ့ပြောင်းစိုက်ပျိုးကြလေ့ရှိပါတယ်။ 

ဒီလိုမိရိုးဖလာစိုက်ပျိုးနည်းစနစ်တွေအတိုင်း စိုက်ပျိုးရာကနေ ထွက်နေတဲ့ စပါးအထွက်နှုန်းကို ကျွန်တော် အားရကျေနပ်မှုမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒီနေ့တိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ ကျွန်တော် အင်တာနက်ကို အသုံးပြုပြီး စိုက်ပျိုးရေးနည်းစနစ်တွေကို လေ့လာဖတ်ရှုခဲ့ပါတယ်။

စိုက်ပျိုးမွေးမြူရေးနည်းပညာတွေနဲ့ပတ်သက်လို့ ကျွန်တော်လေ့လာခဲ့တဲ့ ပညာဘဏ်တိုက်တွေကတော့ အစိမ်းရောင်လမ်း၊ ရေတံခွန်၊ ထွက်တိုး စတဲ့ တောင်သူအကျိုးပြုနည်းပညာ တွေ မျှဝေပေးနေတဲ့ နေရာတွေကပါ။ 

အဲ့ဒါတွေဆီကနေ စိုက်ပျိုးရေးနည်းစနစ်စာအုပ်တွေ၊ ဆောင်းပါးတွေကို ဖတ်ရှုလေ့လာခဲ့ပြီး နားမလည်တာတွေဆိုရင်လည်း စာပို့ဆွေးနွေးမေးမြန်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒါတွေကနေ ရလာတဲ့ အသိပညာတွေနဲ့ စပါးအထွက်တိုးဖို့ ပထမခြေလှမ်းဖြစ်တဲ့ အနှံပါပင်ပွားများများရရှိနိုင်ဖို့ဆိုတာကို ကျွန်တော်  ကြိုးစားစမ်းသပ်တော့တာပါပဲ။

မိရိုးဖလာနည်းတွေအတိုင်း ပျိုးသက် ရက် ၄၀ ကျမှ ရွှေ့ပြောင်းစိုက်နေကြတာအစား ကျွန်တော်ကတော့ လေ့လာမိတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေအတိုင်း ပျိုးသက်ကို (၂၁) ရက်ကနေ (၂၅) ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်ဖို့ ကြိုးစားပြင်ဆင်ခဲ့တာပါ။

အခက်အခဲက အဲ့ဒီမှာစတာပဲဗျို့။ လယ်နီးချင်း လယ်သမားကြီးတွေက ပျိုးသက်နုနုစိုက်ရင် ဒဏ်မခံဘူး၊ အပင်သေမယ်ပဲ ပြောနေကြလေရဲ့။ သူတို့ကလည်း တစ်နှစ်မှာ မိုးတစ်ရာသီမှ တစ်ခါလုပ်ရတဲ့သီးနှံပေမို့ မဆုံးရှုံးစေချင်တဲ့ စေတနာအရင်းခံနဲ့ သတိပေးကြတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း ယုံကြည်ရာ မှန်တယ်ထင်ရင်လုပ်တတ်သူမို့ ပျိုးသက်(၂၁)ရက်သားမှာ မစိုက်ဖြစ်ခဲ့ပေမယ့် ပျိုးသက်(၂၄)ရက်သားမှာ ရအောင် ရွှေ့စိုက်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ မိရိုးဖလာစိုက်စနစ်တွေအရတော့ ပင်ပွားရဖို့ဆိုရင် ရွှေ့ပြောင်းစိုက်ပျိုးပြီး (၁၅) ရက်ခန့်မှာ ပုလဲမြေသြဇာကျွေးကြတာပါ။ ကျွန်တော်ကတော့ ပင်ပွားအထွက်သေချာစေဖို့ နောက်ဆုံးစိုက်တမန်းပြင်ပြီး ပျိုးချချိန်၊ မြေခံမှာတည်းက ပုလဲမြေသြဇာ တစ်ခါတည်း ထည့်ပေးခဲ့ပါတယ်။

ပုလဲမြေသြဇာထည့်ပေးရာမှာလည်း ရေစီးနဲ့အတူ မျောပါသွားခြင်း၊ အပူချိန်မြင့်တဲ့ နေ့လယ်ချိန်တွေမှာ အငွေ့ပျံသွားခြင်း၊ အပင်က မစားသုံးနိုင်ဘဲ မြေလွှာထဲသို့ စိမ့်ဝင်သွားခြင်း စတဲ့လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် ပုလဲမြေသြဇာကို နွားချေးဆွေးနှင့်ရောစပ် ကြဲပက်ခဲ့ပါတယ်။ ဒါတွေကလည်း ကျွန်တော် စာဖတ်လေ့လာခဲ့တဲ့ အသိတွေပါပဲ။

ကျွန်တော့်နည်းကတော့ ပုလဲ ၁ ပြည်ကို နွားချေးဆွေး ၃ ပြည်နှုန်း (၁:၃) ကို သမအောင်ရောမွှေပြီး လေလုံအောင်ထုပ်ပိုး၊ တစ်ည (၁၂ နာရီခန့်) ထားပါတယ်။ နောက်တစ်နေ့ မနက်ခင်းပိုင်း နေအေးချိန်မှာတော့ စိုက်ခင်းအတွင်း ကြဲပက်ပေးပါတယ်။

ပျိုးသက်(၂၄)ရက်နဲ့ ပြောင်းရွှေ့စိုက်ပျိုးအပြီး တစ်ပတ်သားမှာတော့ ထူးခြားမှု စတွေ့လာရပါတယ်။ အသက်ရက်နုတဲ့ ပျိုးနုနုလေးတွေဟာ မိရိုးဖလာ ပျိုးသက်ရက် (၄၀) ဝန်းကျင်စိုက်သလို ကောက်ပင်ဝါကျပြီးမှ ပြန်စိမ်းလာတာ(ကောက်ပင်လှန်တာ)မျိုး မဟုတ်ပဲ မူလပျိုးခင်းထဲကအတိုင်း အစိမ်းရောင်မကျပဲ အမြစ်စွဲလွယ်တာ တွေ့ရပါတယ်။ ဒီတော့ ပျိုးအနာ သက်သာတာပေါ့။

အဲဒီအချိန်မှာ ထပ်တွေ့ရတာက လယ်ကွက်အတွင်းရေဝပ်တဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ ကောက်ပင်တွေ ရေစားကုန်တာ တွေ့ရပါတယ်။ ပျိုးသက်ကနုတော့ ကောက်ပင်လေးတွေရေစိမ်နာပြီး ပုပ်သွားတဲ့သဘောပါ။ နေပူရှိန်ကလည်း ပြင်းတာကိုး။ ဒါကြောင့် အဲ့လိုရေစားတာမျိုးမဖြစ်ရအောင် ကျွန်တော့်အတွေ့အကြုံအရ အကြုံပြုလိုတာကတော့ စိုက်တမန်းပြင်ချိန်မှာ မြေကိုညီညာစွာပြုပြင်ဖို့လိုပါလိမ့်မယ်။ စိုက်ပြီးနောက်ပိုင်း ရေကိုဆွတ်ရုံသာ သွင်းပေးပြီး မြေနိမ့်နေရာတွေ ရေဝပ်နေရင် ရေထုတ်ပေးသင့်ပါတယ်။

ကျွန်တော်လက်တွေ့စိုက်ပျိုးထားမှုအရ တွေ့ရတာက (၁၆)ရက်သားကစပြီး ပင်မတစ်ပင်ကနေ အောက်ဆုံးရွက်ခွကြားကနေပြီး အပင်ပွားငယ် ဘယ်ညာနှစ်ပင် စထွက်လာပါတယ်။ ဒါ့ကြောင့် အဲ့ဒီပင်ပွားနုနုလေးတွေ ကောင်းစွာရှင်သန်နိုင်စေဖို့ ရွှေ့စိုက်ပြီးချိန်ကစလို့ ရေကိုအစိုဓာတ်မပြတ်ရုံသာ သွင်းထားပေးတာပါ။ ပင်ပွားထွက်ချိန်မှာ ရေသွင်းများရင် ကောက်ပင်ကို ရေစားတဲ့အပြင် ပင်ပွားထွက်ရှိမှုကိုပါ အဟန့်အတားဖြစ်စေတာ တွေ့ရလို့ပါ။

မနက်အစောပိုင်း ရေစပ်ရုံသွင်းပေးထားပြီး နောက်တနေ့မနက် နေမပြင်းခင် စိုက်ခင်းထဲကရေကို ပြောင်စင်အောင်ထုတ်ပစ်ပါတယ်။ 

ရေထုတ်တဲ့နေ့ရယ်၊ နောက်တနေ့ရယ်ကို ရေလုံးဝမသွင်းပါဘူး။ ဒါ့ကြောင့် အပင်ပွားကာလမှာ (၃)ရက်မှ တစ်ကြိမ်သာ ရေသွင်းရတော့ ကျွန်တော်တို့လို ရေရှားတဲ့ဒေသမျိုးအတွက် စိုက်ပျိုးရေ ချွေတာရာလည်း ရောက်ပါတယ်။

ကျွန်တော့်ပတ်ဝန်းကျင်က မိရိုးဖလာလယ်သမားကြီးတွေ ပျိုးသက်ရက်(၄၀)နဲ့ ကောက်လှိုင်လှိုင်စိုက်နေကြချိန်မှာတော့ ကျွန်တော်ဟာ ပင်ပွားတွေလှိုင်လှိုင်ဝေနေတဲ့ ကျွန်တော့်ရဲ့ပျိုးသက်နုလယ်ကွင်းထဲမှာ ပထမအကြိမ် ပေါင်းလိုက်တမန်းနိုးခြင်းကို ဆောင်ရွက်နေပါပြီ။

အသက်ရက်မျိုးစပါးချင်းတူနေပေမယ့် ပင်ပွားကုန်ဆုံးချိန် ၆၅ ရက်သားမှာ ကျွန်တော့်ရဲ့ ကောက်ပင်လေးတွေဟာ ပင်ပွား ၇-၈ ပင်ထိ ရရှိခဲ့ပါတယ်။ ပျိုးသက်ရက်(၄၀) စိုက်သူများထက် ပင်ပွားသာတာ တွေ့ရပါတယ်။ ပင်ပွားတိုင်းက ကောက်နှံမထွက်နိုင်ပေမယ့် ၇-၈ ပင်မှာ ၄-၅ ပင်လောက်တော့ ကျွန်တော် နှံစ ရခဲ့ပါတယ်။

စပါးသိမ်းပြီးချိန်မှာတော့ တခြားမိရိုးဖလာအတိုင်းပဲစိုက်တဲ့ လယ်သမားကြီးများ တစ်ဧကတင်း ၆၀ ထွက်ရှိချိန်မှာ ကျွန်တော့်လယ်လေးက ၆၇ တင်း ထွက်ရှိခဲ့ပါတယ်။ (ကုန်သည်ဝယ်တဲ့ တင်းအမျိုးအစားနဲ့ပါ)

ကျွန်တော် ဒီနှစ်လည်း မနှစ်ကနည်းအတိုင်းပဲ စပါးဆက်စိုက်နေပါတယ်။ ပင်ပွားအနေ အထားကတော့ မနှစ်ကထက်တောင် အားရတဲ့အနေအထားမျိုးမှာ ရှိပါတယ်။ ခုတော့ စုစုပေါင်းသက်တမ်း ၂ လနီးပါးရှိလာပါပြီ။ အထွက်နှုန်းကိုတော့ စောင့်ကြည့်ရပါဦးမယ်။

ဘဝတူ တောင်သူဦးကြီးများလည်း ကျွန်တော်လုပ်တဲ့နည်းလေးကို စိတ်ဝင်စားလို့ လိုက်လုပ်ချင်ရင် လုပ်လို့ရစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးလေးနဲ့ မျှဝေပေးလိုက်တာပါ။ 

တောင်သူလယ်သမားကြီးများအားလုံး ရွှေရောင်စပါးတွေ အထွက်တိုးကြပါစေ..။

ဘိုရဲ (စလင်း)

('တောင်သူမှတောင်သူသို့ကဏ္ဍ' အတွက် တောင်သူတစ်ဦး၏ အတွေ့အကြုံနှင့်အကြံပြုချက် ရေးသားပေးပို့လာသည့်အပေါ် တိုက်ရိုက် ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်