တောင်သူများ၏ အခက်အခဲများနှင့်ပတ်သက်၍ တောင်သူပညာပေး စိုက်ပျိုးရေးပညာရှင်တစ်ဦး၏ အမြင်

17/05/2022 16:17 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာ၊ ဗဟုသုတများ ရေးသားမျှဝေပေးနေသလို တောင်သူများထံလည်း အရောက်သွားကွင်းဆင်းကာ ပညာပေးမှုများပြုလုပ် နေသည့် စာရေးဆရာ စိုက်ပျိုးရေးပညာရှင် ဒို့ဦးလေး ၏  မင်းဘူးနယ်တွင် အမျိုးသမီး တောင်သူများနှင့်တွေ့ဆုံစဉ် သူတို့ဘက်က ပြောပြလာသည့် အခက်အခဲများနှင့်ပတ်သက်၍ သူ၏ အမြင်ကို ပြန်လည်ပြောပြထားခြင်းဖြစ်ပါသည်။

“ သူတို့မှာ နံပါတ်တစ်က နည်းပညာအခက်အခဲရှိတယ်ပေါ့။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ နှစ်တိုင်းနှစ်တိုင်း ဖျန်းနေရတာတော့ မလွဲဘူးပေါ့။ ဒါပေမဲ့ နားလည်လို့ဖျန်းတာမဟုတ်ဘူး။ ပိုးတွေအကြောင်း၊ ဆေးတွေအကြောင်း နားမလည်ဘူးပေါ့နော်။ စုပ်စားပိုး၊ ကိုက်စားပိုးတွေအတွက် ဘာအတွက် ဘာဆေးဖျန်းရမယ်ဆိုတာကို သိတာမျိုးမဟုတ်ဘူး။"

“ နောက်အခက်အခဲက မှတ်တမ်းမှတ်ရာမရှိတာပဲ။ ဒီနှစ်အတွက် ပိုးသတ်ဆေးဖိုး ဘယ်လောက်ကျလဲဆိုတာကိုမေးတော့ ဘာမှမှတ်တမ်းမရှိဘူးတဲ့။ ခန့်မှန်းခြေတော့ ၄၊ ၅ သိန်းတော့ ကုန်မှာပေါ့တဲ့။ မှတ်တမ်းမရှိဘူး။ အဲ့ဒီအချက်က တော်တော်ဆိုးတယ်။ နောက် ဘယ်ရက်မှာစိုက်တယ်ဆိုတာကအစ မျိုးဖိုးဘယ်လောက်ကုန်တယ် ထယ်ထိုးထွန်မွှေခ အဲ့ဒါမျိုးတွေ မမှတ်ဘူးတဲ့။ ခန့်မှန်းခြေလောက်ပဲ။ ပိုးသတ်ဆေးဆိုလည်း ဆိုင်က ဘောက်ချာလေးတော့ သိမ်းထားတယ်ပေါ့လေ။ ဒီပေါ်မှာမှ အရှုံးအမြတ် မှန်းကြရုံသက်သက်ပဲ"

“ နောက်ထပ်တစ်ခုကတော့ သွင်းအားစုအတွက် အရင်းအနှီးမရှိဘူး။ အကြွေးတွေနဲ့ယူတယ်။ သီးနှံမှာ တစ်ခုခုဖောက်ပြန်လို့ သီးနှံမထွက်တော့ရင် အကြွေးကထပ်သွားရော။ ဆိုတော့ မှတ်တမ်းမှတ်ရာလည်းမရှိတော့ အကြွေးကို ဘယ်လိုမြတ်ရင် ဘယ်လိုဆပ်မယ်။  ဘယ်လို ဖြေရှင်းမယ်ဆိုတာမျိုးတွေ မရှိတော့ဘူးပေါ့။ ဆိုတော့ ဒီတောင်သူဘဝနဲ့ သက်သက်ချည်း ဆက်လက်ရပ်တည်လို့ဖြစ်မဖြစ်ဆိုတာတွေ တွက်တာမရှိတော့ဘူးပေါ့” 

နောက် အလုပ်သမားအခက်အခဲရှိတာပေါ့။ များသောအားဖြင့် ယောက်ျားလူငယ်လူရွယ် တွေက နိုင်ငံခြားထွက်အလုပ်လုပ်ကြ၊ တနယ်တွေမှာ သွားအလုပ်လုပ်ကြတော့ ကျန်ခဲ့တာ က အမျိုးသမီးတွေများတယ်။ ဆိုတော့ အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ဒိုးတူဘောင် ဖက် အလုပ်လုပ်ကြရတာပေါ့။ ထယ်ထိုးထွန်မွှေကအစ ဆေးဖျန်းတာတွေအထိပဲ"

“ ဘယ်လိုကုစားလို့ရနိုင်လဲဆိုတော့ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနမှာတုန်းကကတည်းက ပြောတော့ပြောလာတာပဲလေ။ တောင်သူကို နည်းပညာပေးဖို့၊ တောင်သူကလက်ခံလာဖို့ ဆိုတာ အချိန်တော်တော်ယူရတာကိုး။ ဆိုတော့ အများကြီးလိုက်နာလာဖို့ဆိုတာတော့ တော် တော်ခက်တယ်။ ဆိုတော့ နည်းပညာတစ်ခုကို ပေးချင်တယ် ပြောင်းချင်တယ်ဆိုရင် အဲ့ဒီရွာမှာ ဩဇာရှိတဲ့သူ၊ လေးစားရတဲ့သူ လွှမ်းမိုးမှုရှိတဲ့သူတစ်ယောက်ယောက်ကို စံပြလုပ်ပေးမှရတယ်။ အုပ်ချုပ် ရေးမှူးကဖြစ်ဖြစ်၊ တောင်သူကြီးတစ်ယောက်ကဖြစ်ဖြစ် သူလုပ်ရင် အားလုံးက ဝိုင်းလုပ်ကြ တယ်၊ သူပြောတာဆို ယုံကြတယ်ဆိုရင် အဲ့ဒီတောင်သူကို ဟောပြောပွဲမှာ ဒါကို ဒီလိုလုပ်ရ မယ်၊ ဒါမျိုးဆိုရင် ဘယ်လိုလုပ်ရမယ်ပေါ့။ အဲ့လိုလူပါလာမယ်ဆိုရင် ကျန်တဲ့သူ ၄၊ ၅ ဆယ်ယောက်ပါလာလိမ့်မယ်။ နည်းနည်းချင်း စပြောင်းရမှာပေါ့ဗျာ”

Photo Crd_Thar Thar Po Po FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်