မိကျောင်းသွယ်နဲ့ ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင် (၁)

03/03/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တောင်သူဦးကြီး ဒေါ်ကြီးအများစုက စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအလုပ်တစ်ခုလောက်အဖြစ်ပဲ သဘောထားပြီး ဝမ်းဝရုံ၊ ပိုလျှံရင် နည်းနည်းပါးပါး အလှူအတန်းလေးလုပ်ရုံလောက်ပဲ သဘောထားလုပ်ကြသူ များပါတယ်။ နည်းပညာတွေစမ်းသပ်ကြည့်ဖို့၊ အသုံးချကြည့်ဖို့ဆိုရင်တော့ တွန့်ဆုတ်တတ်ကြတာသဘာဝလိုကို ဖြစ်နေတာပါ။ 

တကယ်တော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ တောင်သူအလုပ်ကို စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထားလုပ်ကိုင်ကြပြီး တီထွင်ဆန်းသစ်မှုတွေ၊ နည်းပညာအသုံးချမှုတွေနဲ့အတူ တခြားလူတန်းစားတွေနဲ့ ရင်ဘောင်တန်းစီးပွားရေးလုပ်ကြတာပါ။

ကျွန်တော်တို့ Green Way အနေနဲ့ တောင်သူတွေကို နည်းပညာ၊ ဗဟုသုတ၊ သတင်းအချက်အလက်တွေ အခမဲ့ပေးဝေဖြန့်ဖြူးပေးနေရတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီလိုအဆင့်ထိ တောင်သူဦးကြီး ဒေါ်ကြီးတွေကို ရောက်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ဒီအတွက်လည်း အသုံးချနေတဲ့ အတုယူစရာတောင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အင်တာဗျူးတွေကို 'တောင်သူမှတောင်သူသို့' ကဏ္ဍလေးအောက်ကနေ ဖော်ပြပေးနေပါတယ်။

အခုလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ထဲက လယ်သမားကြီးမန်းမြင့်အောင်နဲ့အင်တာဗျူးကို ဖော်ပြပေးဖို့ ဖြစ်လာပါတယ်။ လယ်သမားကြီးမန်းမြင့်အောင်ဟာ သူလိုကိုယ်လို တောင်သူကြီးတစ်ဦးဖြစ်ပေမဲ့ တောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေဆီက ရရှိလာတဲ့ နည်းပညာတွေကို လက်တွေ့အသုံးချရင်း၊ ကိုယ်တိုင်လည်း စနစ်တကျ အသေးစိတ်လုပ်ဆောင်ရင်းနဲ့ စပါးမျိုးတွေ ထုတ်နေရာမှာ လက်ရှိမှာတော့ တောင်သူတွေကြိုက်နှစ်သက်တဲ့ မိကျောင်းသွယ်နဲ့ ဧရာအောင်ဆိုတဲ့ စပါးမျိုးတွေကို ထုတ်လုပ်ထားနိုင်ပြီး အခြားတောင်သူတွေလက်ထဲထိ ဖြန့်ချိပေးနိုင်နေပါပြီ။ နောက်ထပ်လည်း စပ်မျိုးတွေအထိ ထုတ်နိုင်ဖို့ပါ ကြိုးစားနေပါတယ်။

ဆိုတော့ တောင်သူကြီးမန်းမြင့်အောင်အနေနဲ့ စပါးမျိုးသစ်တွေကို ဘယ်လိုဘယ်နည်း တီထွင်ထုတ်လုပ်ခဲ့သလဲ၊ ဘဝတူတောင်သူတွေကို ဘယ်လိုအကြံပြုချက်တွေနဲ့ တိုက်တွန်းအားပေးတာတွေ ပြုလုပ်ချင်သလဲဆိုတာတွေကို အခြားတောင်သူဦးကြီး၊ ဒေါ်ကြီးတို့ အတုယူ အားကျစေနိုင်ဖို့ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး။   ။ ဦးလေး အခု မျိုးထုတ်ဖြန့်ချိပေးနေတာ ဘယ်မျိုးတွေလဲဗျ။

လောလောဆယ်တော့ မိကျောင်းသွယ်နဲ့ ဧရာအောင် စပါးမျိုးတွေကို ဖြန့်ပေးနေပါတယ်။

မေး။   ။ ဒီတော့ မိကျောင်းသွယ်စပါးမျိုးကနေ စပြောလိုက်ကြရအောင်။ ဒီမိကျောင်းသွယ်မျိုးစပါးက ဘယ်လို ကနေ စတင်ဖြစ်တည်လာတာလဲ...

ဖြေ။    ။ ပထမတော့ မေတ္တာ Farmer field school က ဆင်းသုခမျိုးတွေ ယူလာတာပေါ့။ အဲ့မှာ စိုက်လိုက်တဲ့အခါမှာ နည်းနည်းပါးပါး ထွန်းလာတာလေးတွေ ပါလာတာပေါ့။ အဲ့ဒီထဲကမှ  အသက်ကလည်းယဉ်၊ အနေအထား လည်း မဆိုးဘူးဆိုတဲ့ မျိုးတစ်ခုကို သီးသန့်တိုင်စိုက်မှတ်ထားပြီးတော့ အဲ့ဒီတစ်ရုံကို မျိုးပြန်စိုက်ကြည့်လိုက် တာပေါ့။ ပြန်စိုက်တော့ အဲ့မှာတင် မျိုးက ၂ မျိုးပြန်ထပ်ထွက်တယ်ဗျ။ ဆင်းသုခကျတော့ ၁၃၅ ရက်လေ။ သူက ကျ ၁၀၅၊ ၁၁၀ လောက်ပဲဆိုတော့ မျိုးကတော့ မတူဘူးလေ။ တခြားစပါးတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တော့လည်း သူက မတူဘူးဗျ။ ပထမတော့ ကျွန်တော်က မျိုးမသန့်လို့များလား၊ တခြားမျိုးစေ့များပါလာတာလားဆိုပြီး စဉ်း စားတာပေါ့။ ဒါပေမဲ့ တခြားစပါးနဲ့ယှဉ်ကြည့်တဲ့အခါ မတူတော့ ပြန်စိုက်ကြည့်လိုက်တာပေါ့။ 

နောက် သူ့ထဲမှာပဲ မျိုး ၂ မျိုး ထပ်ကွဲထွက်တယ်။ အဲ့ဒီစပါးတစ်ရုံတည်းကနေပဲ။ အဲ့တော့ အဲ့ဒီခေတ်တုန်းကတော့ အသွယ်က ပိုပြီး ဈေးကွက်ဝင်တဲ့ခေတ်ဆိုတော့ ကျွန်တော်က အသွယ်ကိုပဲ ရွေးလိုက်တာ။ ဆင်းသုခလို ပုတဲ့ဟာကျ ကျွန်တော်က မျိုးမယူဘူးပေါ့နော်။ တစ်လိုင်းပဲ ကျွန်တော်သွားလိုက်တာပေါ့။ အဲ့တော့ နောက် တစ်ရာသီကျ ကျွန်တော် အဲ့ဒီမျိုးကို ပြန်စမ်းကြည့်တော့ ထွန်းတာမတွေ့တော့ဘူး။ တော်တော်ငြိမ်လာတာပေါ့။ အဲ့ဒါပြီးတော့ ကျွန်တော် နောက်တစ်ရာသီ ထပ်စိုက်ကြည့်တယ်။ မျိုးယဉ်သွားတော့မှ တခြားတောင်သူတွေဆီ ဖြန့်ပေးတာပေါ့။ သူ့သက်တမ်းကတော့ ၁၀၅၊ ၁၁၀ ပဲ။ သီးထပ်ယဉ်နဲ့သိပ်မကွာဘူး။ ဒါပေမဲ့ တစ်နှံပါသီးလုံး ကျတော့ သူကပိုမြင့်တယ်။

မေး။   ။ ဆိုတော့ အပြင်ပန်းလက္ခဏာအရ ဘယ်လိုအားသာချက်တွေကို မြင်ပြီး စိတ်ဝင်စားသွားတာလဲ။ 

ပြောမယ်ဆိုရင် ဒီမှာ အသက်ယဉ်တွေဆို နောက်တစ်သီးပြန်လုပ်ကြတာရှိတယ်။ ဆောင်းတစ်သီးပြန်လုပ်တဲ့ အခါမှာ အသက်ယဉ်တဲ့မျိုးဆိုရင် ပိုပြီး စိတ်ချရတယ်ပေါ့။ ပြီးတော့ သူက ပင်ပွားနှုန်းလည်းကောင်းတယ်။ တစ်နှံ ပါသီးလုံးကျတော့လည်း တခြားစပါးနဲ့မတူဘူး။ များတာလည်းပါတယ်။ အဲ့ဒါတွေလည်းပါတာပေါ့။ သူ့ကို ပြန်စိုက်တော့ မျိုးလိုင်းနှစ်လိုင်းထွက်လာတဲ့ဟာကို ကျွန်တော်က ကောက်ကြည့်တဲ့အခါကျတော့ အသွယ်မျိုးကို လူတွေက ပိုပြီးတော့စိတ်ဝင်စားတယ်လေ။ ဈေးကွက်မှာကျ အသွယ်က ပိုဈေးကွက်ကောင်းတယ်ဆိုပြီး ကျွန်တော်က လိုင်းတစ်လိုင်းပဲ ယူမိခဲ့တာပေါ့။ အမှန်က နှစ်လိုင်းလုံးယူမိခဲ့ရင်လည်း ဈေးကွက်က သူ့ဟာနဲ့သူ ကောင်းနိုင်မှာပါပဲ။ 

မေး။    ။ မျိုးယဉ်သွားတဲ့အထိဆို ဘယ်လောက်ထိ မွေးယူခဲ့ရလဲ။

နောက်တစ်ရာသီ ကျွန်တော်ပြန်စမ်းတော့ နှစ်မျိုး ပြန်ကွဲထွက်တယ်လေ။ အဲ့လိုဆိုတော့ လိုချင်တဲ့ တစ်မျိုးတည်းကို ယူပြီး နောက်တစ်ရာသီထပ်စိုက်တာပေါ့။ အဲ့မှာကျတော့ ယဉ်သွားသလိုရှိတာပေါ့။ မျိုးကွဲက သိပ်မတွေ့တော့ဘူး။ အဲ့ဒီတော့ နောက်တစ်ရာသီထပ်မွေးပြီး စိတ်ချရပြီဆိုမှ တခြားတောင်သူဆီ ဖြန့်ပေး တာပေါ့။

မေး။   ။ ပွားယူတဲ့ပုံစံအဆင့်ဆင့်လေးကိုလည်း တခြားတောင်သူတွေပါသိသွား နားလည်သွားစေချင်လို့ ရှင်းပြ ပေးပါဦး။

မျိုးသန့်ပြန်ထုတ်တဲ့အချိန်မှာကျတော့ ကျွန်တော် ၆ တန်း ၁ တန်းလှပ်၊ ၉ လက်မပတ်လည်ပုံစံလောက်နဲ့ စိုက်တာပေါ့။ နောက်ဆုံးပြောမယ်ဆိုရင် အရည်အသွေးပိုသေချာအောင် အနှံအကောင်းဆုံး အရုံ ၅၀ စာလောက် လိုက်ဖြတ်ပြီး သီးသန့်ပြန်ထုတ်တာပေါ့။ တစ်ရုံတည်းက ယူတဲ့ဟာမျိုး မဟုတ်တော့ပဲနဲ့ပေါ့။ နောက်တစ်ချက်က ဆန်နီကင်းမကင်းသေချာဖို့ ချွေထားတဲ့စပါးထဲက အလုံး ၁၀၀ လောက်ကို အခွံခွာကြည့်၊ အဲ့ဒီကနေ အပင် ၁၀၀ လောက်ကို ပွားယူပြီး သေချာတဲ့မျိုးကို ပျိုးယူတာပေါ့။ အဲ့ဒီကနေ အဆင့်ဆင့်ပျိုးယူပြီး တောင်သူလက်ထဲကို ထည့်ပေးတာပေါ့။

မေး။    ။ မိကျောင်းသွယ်ဆိုပြီး နာမည်ပေးဖြစ်သွားတဲ့အကြောင်းလေးကို ပြောပြပေးပါဦး။

အဲ့ဒါကတော့ ကျွန်တော်တို့နေတဲ့ရွာက ကန်ကြီးထောင့်မြို့နယ်၊ ထိန်တောကြီးအုပ်စု၊ မိကျောင်းသိုက် ကျေးရွာကိုး။ အဲ့ဒီတော့ ကိုယ့်ရဲ့ရွာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ပေးဖြစ်သွားတာပေါ့။

မေး။    ။ တောင်သူတွေလက်ထဲကို ဖြန့်ပေးဖြစ်တာကော ဘယ်နှစ်နှစ်လောက်ရှိသွားပြီလဲ။

အဲ့ဒါကတော့ ကျွန်တော် ဒီမျိုးကို စတွေ့ပြီး စပွားတာက ၂၀၁၁ လောက်ကဆိုတော့ ၃ ရာသီလောက်ပွားပြီး ၂၀၁၄ မိုး၊ ဆောင်းလောက်ကျမှ ကျွန်တော် ဖြန့်ပေးဖြစ်တာပေါ့။ ရင်းနှီးတဲ့တောင်သူတွေဆီပေးရင်းနဲ့ ကျယ်ပြန့်လာ တာပေါ့။ 

မေး။    ။ ဒီမျိုးရဲ့အမြင့်ဆုံးအထွက်နှုန်းဆို ဘယ်လောက်အထိ ရနိုင်သလဲ။

ကျွန်တော်လုပ်တာကတော့ ၁၀၀ ကျော်လောက်ထိ ထွက်တယ်ဗျ။ တချို့ သာပေါင်းအုပ်စုဘက်မှာ လုပ်တာ ကျတော့ သူတို့က ၁၇၀၊ ၁၈၀ လောက်ထိတောင် ထွက်တယ်လို့ ပြောတယ်ဗျ။ မြေခံ၊ ရေခံကလည်း စကား ပြောသွားတာပေါ့နော်။

မေး။    ။ သူ့ရဲ့ဆန်အရည်အသွေးကျတော့ကော ဘယ်လိုရှိလဲဗျ။

သူကတော့ ဧည့်မထအုပ်စုဆိုတော့ မကြမ်းဘူးပေါ့။ စားလို့အဆင်ပြေတယ်ပေါ့။ ဗိုက်ဖြူမပါဘူး။ 

မေး။    ။ မျိုးကို ဝယ်သုံးတဲ့တောင်သူတွေဘက်ကကျတော့ကော တုံ့ပြန်မှုတွေ ဘယ်လိုတွေ ပြန်ကြားရလဲ။

ပြောမယ်ဆိုရင်တော့ သာပေါင်း ရေကျနောက်စိုက်မြေအုပ်စုဘက်မှာတော့ ဒီမျိုးနဲ့ တော်တော်လေး စီးပွားဖြစ်သွားတယ်ဆိုပြီး ပြန်ပြောကြတယ်။ သူတို့ဘက်ကကျ နုန်းတင်မြေနုတွေဆိုတော့ ဓာတ်မြေဩဇာတောင် သိပ်မသုံးရဘဲ တအားကောင်းကြတာပေါ့ဗျာ။ သူက စည့်(စပါးကျီ) မကာတဲ့စပါးပေါ့ဗျာ။ စပါးတွေက တအား ပိုလျှံနေတော့ စည့်တောင်မကာဘူးပေါ့ဗျာ။ အဲ့လိုပြောကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အဲ့လောက်ကြီး မဟုတ်ပါဘူး။ ပုံမှန်လောက်ပဲပေါ့။ 

မေး။    ။ စပါးပင်အရပ်အမြင့်နဲ့ တောင့်တင်းမှုအနေအထားကကော ဘယ်လောက်လောက်ရှိလဲ။

သူက လက်မအားဖြင့်ဆို ၃၆၊ ၃၇ လောက်ပဲရှိတယ်။ သီးထပ်ယဉ်နဲ့ လယ်ပယ်လောက်ပဲပေါ့။ တောင့်တင်းမှု လည်း သူက သီးထပ်ယဉ်နဲ့သိပ်မကွာဘူး။ ဒါပေမဲ့ အသီးအရောင်ကတော့ သူက အဝါဘက်ပါတယ်။ အနှံထွက် မှာလည်း တအားလှတယ်။ အပင်ပုတော့ ကြည့်လိုက်ရင်လည်း စပါးကအနှံချည်းပဲ အရွက်မတွေ့ရဘူး။

မေး။    ။ ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတဲ့ နည်းပညာ အသိတွေကိုကျ ဘယ်လိုကနေ ဘယ်လိုသိလာတာလဲ။

ကျွန်တော်တို့က မေတ္တာဖောင်ဒေးရှင်းနဲ့ဆက်သွယ်ပြီးတော့ သင်တန်းတွေတက်၊ သူတို့ပေးတဲ့သင်တန်းတွေနဲ့ ဆက်သွားတာပေါ့နော်။ မျိုးပွားယူတဲ့အပိုင်းကျတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ကြည့်တာလည်း ပါတာပေါ့။ ပထမတော့ Farmer field school အဆင့်ကိုး။ 

အပိုင်း(၂) ဧရာအောင်စပါးမျိုးဖြစ်ပေါ်လာပုံအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်