ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အလယ်ချောင်ကျေးရွာက ဂျင်းစိုက်တောင်သူ ဦးကို ဟာ အရင်မိဘဘိုးဘွားလက်ထက်တုန်းက မိရိုးဖလာစိုက်ပျိုးနည်းစနစ်ကနေ UNIDO အဖွဲ့ရဲ့ အကူအညီနဲ့အတူ ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ် (GAP) တွေ၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်ခြင်းတွေကို ပြောင်းလဲလုပ်ကိုင်နေသူ တစ်ဦးပါ။
ဒီလိုအပြောင်းအလဲလုပ်လိုက်ခြင်းကြောင့် မိရိုးဖလာစနစ်နဲ့ယှဉ်ရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရသွားသလဲဆိုတာတွေကို Green Way က ဦးကိုထံ ဆက်သွယ်မေးမြန်းထားတာတွေကို ‘တောင်သူမှတောင်သူသို့’ ကဏ္ဍအောက်ကနေ တင်ပြပေး လိုက်ပါတယ်။
မေး။ ။ မိဘဘိုးဘွားလက်ထက်က ဘယ်လိုပုံစံမျိုးတွေနဲ့ စိုက်ခဲ့ကြသလဲ? အခုပြောင်းလဲစိုက်ပျိုးလာတဲ့ ပုံစံတွေကကော ဘယ်လိုတွေလဲ?
ဦးကို။ ။ မိဘဘိုးဘွားလက်ထက်တုန်းကတော့ ဂျင်းမျိုးတွေအတွက်ဆိုရင် ဂျင်းရိတ်သိမ်းတူးပြီးရင် သစ်ပင် အောက်တို့ဘာတို့ အရိပ်ကောင်းတဲ့နေရာမှာ ရောဂါကင်းတာလေးတွေ ရွေးပြီးထားလိုက်တာပေါ့။ ကျန်တာတော့ ရောင်းလိုက်တာပေါ့။ ပြီးတော့ ၂ လ ၃ လလောက်ထားပြီးတော့ ၄ လပိုင်း ၅ လပိုင်းလောက်ကျ ပြန်စိုက်ကြတာပေါ့။ အရင်တုန်းကတော့ မျက်စေ့မျိုးတက်လေးတွေကို လက်နဲ့ဖဲ့ကြတာပေါ့။ နောက်ပိုင်း GAP နည်းစနစ်နဲ့ကျတော့ အဲ့လိုဖဲ့လိုက်ရင် ဒဏ်ရာတွေ ကြီးသွားပြီးတော့ ရောဂါရနိုင်တယ်ဆိုတာ သိလာတော့ ဓားထက်ထက်လေးနဲ့ ဒဏ်ရာနည်းအောင် ဖြတ်တာမျိုးတွေ ပြောင်းသွားတာပေါ့။ ဒါကတော့ မျိုးပိုင်းမှာပေါ့။
နောက်တစ်ခုကကျ မြေဩဇာပိုင်းပေါ့။ အရင်တုန်းကကျ နွားချေးတို့၊ ကြက်ချေးတို့ဆိုရင် ဒီတိုင်းပဲ အခြောက်လုပ်ပြီးထည့်လိုက်တာပေါ့။ ခုနောက်ပိုင်းကျတော့ အီးအမ်တွေဘာတွေနဲ့ ဘိုကာရှီလုပ်ပြီးမှ မြေဩဇာအဖြစ် အသုံးချတာပေါ့။ ဆိုတော့ သွင်းအားစုမြေဩဇာတွေမှာလည်း လုပ်ပုံ လုပ်နည်းပြောင်းသွားတယ်ပေါ့။ ပြီးတော့ သဘာဝမြေဩဇာတွေဆိုလည်း ဘိုကာရှီလုပ်ပြီးမှ ထည့် လာတယ်ပေါ့။ GAP နည်းစနစ်အတိုင်း ပြောင်းလဲလာတာပေါ့။
နောက်တစ်ခုကကျ စိုက်နည်းစနစ်ပေါ့။ မိရိုးဖလာ ရှေးတုန်းကစိုက်တဲ့ နည်းစနစ်ကျတော့ ဂျင်းပေါင်(ဘောင်) တစ်ပေါင်မှာ နှစ်တန်းစိုက်လိုက်တယ်ဗျာ။ ဘယ်လောက်မှမကွာဘူး။ တစ်မိုက်လောက်ပဲ။ အဲ့တော့ ပိတ်ပြီး ကျပ်ညပ်သွားတာပေါ့နော့။ အဲ့တော့ ဆိုးကျိုးက ဘာသွားဖြစ်လဲဆိုတော့ အပင်က ပိတ်သိပ်နေတော့ ရောဂါကျဖို့ များတာပေါ့။ နောက်တစ်ခုကကျ ဂျင်းပင်တွေက မထွားမကြီးတော့ဘဲ သေးသေးညှပ်ညှပ်လေးတွေ ဖြစ်တယ်ပေါ့။
အခုကျတော့ တန်းကြား ၂ ပေခွဲ၊ ပင်ကြားကျ ၁၀ လက်မ၊ ၁ ပေ ပေါ့။ အဲ့လိုမျိုးလေး စိုက်ရတယ်ပေါ့။ ဆိုတော့ မျိုးအကုန်အကျသက်သာသွားတယ်။ ဂျင်းပင်တွေ ထွားလာတယ်။ လေဝင်လေထွက်ကောင်းတော့ ရောဂါကျရောက်မှုလည်း နည်းသွားတယ်ပေါ့နော့။ အဲ့လိုမျိုးလေးတွေ ပြောင်းလဲသွားတာပေါ့နော့။
နောက်တစ်ခုကကျ ဓာတုဆေးတွေ လျှော့ချလာတာပေါ့။ ပေါင်းသတ်ဆေးဆိုတာကတော့ ပေါ်လာတာမကြာသေးဘူး။ ဒါပေမဲ့ သုံးလာကြတယ်ပေါ့။ ဒါပေမဲ့ အခုနည်းစနစ်မှာတော့ ပေါင်းသတ်ဆေးတွေ မသုံးဘူး။ ဘာလို့လဲဆိုတော့ ဓာတုဓာတ်ကြွင်းတွေ သီးနှံတွေမှာပါသွားမှာစိုးလို့။ မှိုသတ်ဆေး၊ ပိုးသတ်ဆေးကျတော့ ပိုးကတော့ မကျသလောက်ပဲ။ ဒါပေမဲ့ မှိုရောဂါမျိုးတွေတော့ ရှိတယ်။ အဲ့အတွက်တော့ မှိုသတ်ဆေးတော့ သုံးရတာပေါ့။ ဒါပေမဲ့ သူ့စနစ်အတိုင်း သုံးရတာပေါ့နော်။ ဖြစ်တဲ့ရာခိုင်နှုန်းကတော့ တအားနည်းပါတယ်။ အတတ်နိုင်ဆုံးတော့ ဓာတုဆေးမသုံးဘူး။ ဖြစ်တဲ့ဟာတွေကို တူးထုတ်ဖယ်ရှားတာမျိုးလုပ်တာပေါ့။
မေး။ ။ တောင်သူတွေအတွက် ကောင်းကျိုးရှိသွားတဲ့ အပြောင်းအလဲမျိုးတွေဆို ဘာတွေဖြစ်မလဲ?
ဦးကို။ ။ ထွက်နှုန်းလည်း ကွာဟမှုရှိတယ်။ အရည်အသွေးပိုင်းမှာလည်း ကွာခြားသွားတာပေါ့။ မျိုးကလည်း မိဘဘိုးဘွားတွေလက်ထက်တုန်းကဆို တစ်ဧကကို ပိဿာချိန် တစ်ထောင်လောက်ထိ သုံးရတယ်။ အခု GAP နည်းစနစ်မှာတော့ အာ့လောက်ကြီးမကုန်ဘူး။ ၅၀၀ လောက်ပဲ။ လွန်ရောကျွံရော မှ ၇၀၀ ပေါ့။ အဲ့တော့ မျိုးကုန်ကျမှု ကွာသွားတာပေါ့။
ထွက်နှုန်းကျတော့ အခု GAP နည်းစနစ်က အထွက်နှုန်းတောင် သာနေသေးတယ်။ ဂျင်းတွေက ထွားထွားတွေဖြစ်လာတော့ အလေးချိန်တွေ တိုးလာတယ်ပေါ့။ ထွက်နှုန်းကော အရည်အသွေးကော ကွာသွားတာပေါ့။ မိဘဘိုးဘွားလက်ထက်တုန်းကတော့ ထွက်နှုန်းက တစ်ဧကကို ပိဿာ ၂၀၀၀၊ ၂၅၀၀ ကောင်းရင်လည်း ၃၀၀၀ ပေါ့၊ အဲ့လောက်ပေါ့။ အခုကျတော့ ပုံမှန်ကို ၃၀၀၀ လောက်ရှိတယ်။ အဲ့ထက်ပိုပြီး သွင်းအားစုမှန် စနစ်ကျသွားတဲ့တောင်သူမျိုးကျတော့ ၄၀၀၀၊ ၅၀၀၀ လောက်ထိ တက်လာတာပေါ့။
မေး။ ။ UNIDO အဖွဲ့က အဓိက ဘယ်လိုအကူအညီမျိုးတွေ ပေးတာလဲ?
ဦးကို။ ။ UNIDO (ယူနီဒို) အဖွဲ့ကနေပြီးတော့မှ ဂျင်းတောင်သူတွေရဲ့ စိုက်နည်းစနစ်တွေ၊ ဈေးကွက်ချဲ့တာတွေ၊ နောက်ပြီးတော့ တောင်သူအချင်းချင်း ချိတ်ဆက်ပေးတာမျိုးတွေ လုပ်ပေးတာပေါ့။ ဒီတော့ ကျွန်တော်တို့လည်း ဂျင်းတောင်သူဖြစ်တော့ ဒါမျိုးအဖွဲ့တွေနဲ့ ချိတ်မိသွားတာပေါ့။
ဈေးကွက်မှာလည်း အဆက်အသွယ်တွေ ပိုများလာတာပေါ့။ နဂိုကတော့ ကျွန်တော်တို့ တောင်သူတွေက ရွာမှာပဲ ဝယ်သမားဖြတ်တဲ့ဈေးနဲ့ပဲ ရောင်းလိုက်တယ်။ နောက်ဆုံး အောင်ပန်းတောင်မရောက်ဘူးပေါ့နော။ အဲ့မှာ ဘယ်လောက်ဖြစ်နေလဲဆိုတာလည်း မသိဘူးပေါ့။ ပွဲစားတွေ ပြောသလောက်ပဲပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ဖုန်းတွေလည်းရှိလာတော့ အောင်ပန်းမှာ ဘယ်လောက်ဈေးရှိနေလဲဆိုတာလည်း သိလာတာပေါ့။ ဂျင်းတွေဝယ်တဲ့ကုမ္ပဏီတွေ၊ နိုင်ငံခြားကို ပို့တဲ့ကုမ္ပဏီမျိုးတွေနဲ့လည်း အချိတ်အဆက်ရှိလာတာပေါ့။ UNIDO ကတော့ အဲ့လိုမျိုးလေးတွေ ကူညီပေးတယ်။
နောက်ပြီးတော့တစ်ခါ စိုက်ရေးပျိုးရေးနည်းပညာတွေလည်း ပေးတယ်။ ထွက်လာတဲ့ပစ္စည်းကိုလည်း တန်ဖိုးမြှင့်ကုန်ပစ္စည်းတွေပေါ့။ ဥပမာ ဂျင်းယိုတို့၊ ဂျင်းဝိုင်တို့၊ ဂျင်းခေါင်းလျှော်ရည်တို့ အဲ့လိုမျိုး တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းမျိုးတွေလည်း ပေးတယ်ဗျ။ နောက်ပြီးတော့ ဂျင်း ရေဆေးဖို့ရာ စက်ကိရိယာတွေ၊ နောက်ပြီးတော့ ဂျင်း Slice (အပြား) ခြောက်လုပ်တဲ့ စက်ကိရိယာတွေလည်း သူတို့ထောက်ပံ့ပေးတယ်ပေါ့။ ဆိုတော့ အဲ့ဒါလေးတွေနဲ့ ကုန်ချောလေးဘာလေး နိုင်သလောက်လေး ထုတ်လာနိုင်တယ်ပေါ့။ အဲ့လိုမျိုးလေးတွေတော့ UNIDO က ကူညီပံ့ပိုးပေးတာမျိုးတွေ ရှိတယ်ဗျ။
မေး။ ။ အခုပြောင်းလဲလာတဲ့နည်းစနစ်တွေ၊ ယူနီဒိုရဲ့ကူညီမှုတွေအောက်မှာ ဘယ်လိုအကျိုးကျေးဇူးမျိုးတွေ ရှိလာသလဲ?
ဦးကို။ ။ ကုန်ချောထုတ်တဲ့အပိုင်းမှာတော့ ကျွန်တော်ကတော့ အခုလောလောဆယ် ဂျင်းခေါင်း လျှော်ရည်၊ ဂျင်းလျက်ဆား၊ ဂျင်းဝိုင်တို့ ထုတ်ဖို့အစီအစဉ်လေးရှိတယ်။ မလုပ်တော့ မလုပ်ဖြစ်သေးဘူး။ လုပ်တော့လုပ်တော့မယ်။ အစီအစဉ်ဆွဲနေတုန်းပဲ။ ပစ္စည်းထုတ်ထားတဲ့နမူနာတွေလည်း စားသုံးသူရေးရာမှာ အစစ်ဆေးခံပြီးတော့ ထုတ်လုပ်ခွင့် ခွင့်ပြုချက်တွေလည်း ရထားပြီးပြီပေါ့။ ဂျင်းအခြောက် Slice လည်း မနှစ်တုန်းကတော့ စမ်းလုပ်ပြီးပြီဗျ။ ဝယ်တဲ့သူကတော့ ကြိုက်တယ်။ ထုတ်ပေးနိုင်ရင်လည်း ယူဦးမယ်ပေါ့။ အဲ့လိုမျိုး အမှာလေးလည်းရထားတာရှိတယ်ဗျ။ အခုလည်း အဲ့ဒါလေးလည်း နိုင်သလောက်လေးလုပ်မယ်လို့ အစီအစဉ်လေးလုပ်နေတယ်။ ယူနီဒိုကလည်း အခြောက်ခံစက် ထောက်ပံ့ပေးထားတာရှိတယ်။ အဲ့ဒါလည်း လုပ်လို့ပြီးနေပြီ။ တပ်ဆင်ဖို့ပဲ လိုတော့တယ်။
ပြီးခဲ့တဲ့နှစ်ဆိုရင် ဂျင်းဈေးကမရှိဘူးပေါ့နော။ အဲ့တော့ အဲ့ဒီဈေးနဲ့ဆိုရင် တောင်သူတွေအတွက် လုပ်ဖို့အခက်အခဲရှိတယ်ပေါ့။ ဆိုတော့ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ပြီးတော့ တစ်ဖက်တလမ်းကနေ ဝင်ငွေတွေပိုရလာမယ်ဆိုရင် တောင်သူတွေလည်း ဂျင်းစိုက်ပျိုးရေးအတွက် ပိုပြီး တော့မှ လုပ်သွားနိုင်မယ်ပေါ့နော။
('ချင်း' ဟု ရေးရမည်ဖြစ်သော်လည်း ဖတ်ရနားလည်မှုခက်ခဲနေမှာစိုးသည့်အတွက် 'ဂျင်း' ဟုသာ ထည့်သွင်းရေးသားထားခြင်းဖြစ်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်