ငါးမွေးမြူရေးအတွက် ငါးမွေးကန်များ(၂) - လှောင်အိမ်ဖြင့်မွေးမြူနည်း

04/05/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

(ခ) လှောင်အိမ်ဖြင့် မွေးမြူနည်း

၁။ ငါးများအား လှောင်အိမ်ဖြင့် မွေးမြူခြင်းနည်းလမ်းများ

လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းသည် စီးပွားဖြစ်ငါးမွေးမြူခြင်းတွင်လည်းကောင်း၊ အသေးစား တစ်ပိုင်တနိုင်ငါးမွေးမြူရေးတွင်လည်းကောင်း ဆောင်ရွက်နိုင်သော မွေးမြူနည်းစနစ်ဖြစ်ပါသည်။ ငါးလှောင်အိမ်အရွယ်အစားမှာ အကြီး/အသေး အရွယ်အစားအမျိုးမျိုးဖြစ်နိုင်ပါသည်။ ၎င်းနည်းစနစ်ဖြင့် ငါးမွေးမြူခြင်းအား ရေလှောင်ကန်၊ ရေချိုဆည်၊ ကန်အတွင်းစသောနေရာများတွင်သာမက မြစ်ရေ၊ချောင်းရေစသည့် နေရာဒေသအသီးသီးတွင် အသုံးပြုနိုင်ပါသည်။ လှောင်အိမ်အနေဖြင့် ရေတွင်ပေါလောပေါ်နေသောလှောင်အိမ်အမျိုးအစားနှင့် အောက်ခြေမြေတွင် မြေစိုက်ထားသော လှောင်အိမ်အမျိုးအစားဟူ၍ အမျိုးအစား နှစ်မျိုးရှိပါသည်။ 

ရေနက်သောမြစ်ချောင်း စသည့်နေရာများတွင် ပေါလောပေါ်နေသော လှောင်အိမ်အမျိုးအစားကို အသုံးပြုကြပြီး ရေတိမ်သောနေရာဒေသများတွင် မြေစိုက်လှောင်အိမ်အမျိုးအစားကို အသုံးပြုကြပါသည်။ လှောင်အိမ်စနစ်၏ အားသာချက်မှာ ရေအရည်အသွေးထိန်းသိမ်းရန်အတွက် ရေလဲလှယ်ခြင်းကို ဆောင်ရွက်ရန်မလိုအပ်ခြင်း ဖြစ်ပါသည်။ အဓိက အရေးကြီးသောအချက်မှာ လှောင်အိမ်တွင်အသုံးပြုသော ဆန်ကာ၏ပိုက်ကွက်သည် ငါးများလွတ်ထွက်မသွားအောင် ထိန်းသိမ်းထားနိုင်ရန် သေးငယ်သည့် ပိုက်ကွက်ဖြစ်ရမည်ဖြစ်ပြီး ရေအဝင်အထွက်အား တားဆီးပိတ်ဆို့မနေအောင် ကြီးမားသည့်ပိုက်ကွက်အရွယ်အစား ဖြစ်ရမည်ဖြစ်ပါသည်။

ထို့အပြင် ၎င်းပိုက်သည် ငါးကြီးများ၊ ကဏန်းများ ကိုက်ဖြတ်ဖျက်ဆီး၍ မရသည်အထိ တောင့်တင်းခိုင်မာရန် လိုအပ်ပါသည်။ ထို့ပြင် ၎င်းပိုက်များအား သန့်ရှင်းရန်နှင့် ရေဝင်ရေထွက်ကောင်းရန်အတွက် သန့်ရှင်းရေးအား ပုံမှန်ဆောင်ရွက်ပေးရန် လိုအပ်ပြီး နေ့စဉ်ပုံမှန်ကျွေးမွေးပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ငါးအရွယ်အစားကြီးမားလာပါက ပိုက်ကွက်အား လိုအပ်သလို ပြောင်းလဲပေးရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

၂။ ငါးလှောင်အိမ်အမျိုးအစားများ

ငါးလှောင်အိမ်များသည် အသေးဆုံး ၃ ပေပတ်လည်၊ ၃ ပေအနက်ရှိ ရေ ၁ တန်ဆံ့သည့် ကန်များမှစတင်ကာ ရေတန်ချိန်ပေါင်းရာချီဆံ့သည့် ငါးလှောင်အိမ်ကြီးများအထိ အရွယ်အစားစားရှိကြပြီး ပုံသဏ္ဌာန်အားဖြင့် အဝိုင်းပုံနှင့်လေးထောင့်ပုံများကို အများဆုံး အသုံးပြုကြပါသည်။ ငါးလှောင်အိမ်တစ်ခုတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ကြပါသည်။

(က)ကိုယ်ထည်ပိုင်း(Frame)

ငါးလှောင်အိမ်၏ အမာခံကိုယ်ထည်ပိုင်းဖြစ်ပြီးသစ်သားဖြင့်သော်လည်းကောင်း၊ သံထည်များဖြင့်သော်လည်းကောင်း တည်ဆောက်ထားပါသည်။

(ခ) ရေပေါ်တွင် ပေါလောပေါ်စေရန် ထောက်ပံ့ပေးထားသောပစ္စည်းများ

ငါးလှောင်အိမ်အား ရေပေါ်တွင် ပေါလောပေါ်စေရန်အတွက် အသုံးပြုထားသောပစ္စည်းများဖြစ်ပြီး အများအားဖြင့် သံစည်ပိုင်းများ၊ ပလတ်စတစ်တိုင်ကီများ၊ အလုံပိတ်ထားသော PVC ပလတ်စတစ်ရေပိုက်လုံးများ၊ ပလတ်စတစ်ဖော့တုံးများကို အသုံးပြုလေ့ရှိကြပါသည်။ ၎င်းတို့အား စနစ်တကျ တပ်ဆင်ထားခြင်းဖြင့် ငါးလှောင်အိမ်သည် ရေမျက်နှာပြင်အထက်တွင် အမြင့် ၁ ပေခန့် ရေတွင်ပေါ်နေစေပါသည်။

(ဂ) ဆန်ခါ(သို့မဟုတ်)ပိုက်စအိတ်များ

ငါးများထည့်သွင်းမွေးမြူမည့် ဆန်ခါ (သို့) ပိုက်စများသည် အများအားဖြင့် ပလတ်စတစ်ဆန်ခါများ(သို့မဟုတ်)နိုင်လွန်ဆန်ခါများကို အသုံးပြုလေ့ရှိပါသည်။ သံဆန်ခါများသည် တောင့်တင်းခိုင်မာသော်လည်း အလေးချိန်များပြီး စျေးနှုန်းကြီးမြင့်သည့်အတွက် အသုံးပြုလေ့ မရှိကြပါ။

နိုင်လွန်ဆန်ခါများသုံးခြင်းတွင် ပေါ့ပါးခိုင်ခန့်သော်လည်း စျေးပိုကြီးသည့်အပြင် လိပ်များ၊ ကဏန်းများစသော ရေသတ္တဝါများမှ ကိုက်ဖောက်ဖျက်ဆီးခြင်းကို ခံနိုင်ရည်မရှိပါ။ ထို့ကြောင့် နိုင်လွန်ဆန်ခါများအား အသုံးပြုပါက ပိုက်ကွက်ပိုမိုကြီးမားပြီး ပိုမိုတောင့်တင်းခိုင်မာသော ပလတ်စတစ်ဆန်ခါတစ်ခု အပြင်မှကာရံထားရန် လိုအပ်ပါသည်။

ပိုက်ကွက်များမှာ မွေးမြူသောငါး၏ အရွယ်အစားပေါ်တွင် မူတည်ပါသည်။ ဥပမာ - တီလားပီးယားငါးအတွက် ၉ ဂရမ်အလေးချိန်(၀.၅ ကျပ်သားခန့်)ရှိ ငါးများအား မွေးမြူရန်အတွက် ၁ စင်တီမီတာအရွယ်ပိုက်ကွက်(၀.၄ လက်မ ပိုက်ကွက်)အသုံးပြုရမည်ဖြစ်ပြီး ၂၅ ဂရမ်အလေးချိန်(၁ ကျပ်ခွဲသား)အရွယ် ငါးများအတွက်တော့ ၂ စင်တီမီတာပိုက်ကွက်အရွယ်(၀.၈ လက်မပိုက်ကွက်) ဆန်ခါပိုက်များကို အသုံးပြုရမည်ဖြစ်ပါသည်။

အဓိကအရေးကြီးသောအချက်မှာ လှောင်အိမ်တွင် အသုံးပြုသောဆန်ခါ၏ပိုက်ကွက်သည် ငါးများလွတ်ထွက်မသွားဘဲ ထိန်းသိမ်းထားနိုင်လောက်အောင် သေးငယ်သည့် ပိုက်ကွက်ဖြစ်ရမည်ဖြစ်ပြီး ရေအဝင်အထွက်အား တားဆီးပိတ်ဆို့မနေအောင် ကြီးမားသည့်ပိုက်ကွက်အရွယ်အစား ဖြစ်ရမည်ဖြစ်ပါသည်။

(ဃ) ငါးလှောင်အိမ်အမိုးအကာများ

ငါးများအား လှောင်အိမ်အတွင်းမှ ခုန်ထွက်သွားခြင်း၊ ငှက်များမှ ငါးများအား ဖမ်းယူစားသောက်ခြင်းတို့မှ ကာကွယ်ရန်အတွက် ငါးမွေးမြူသည့် ငါးလှောင်အိမ်များအား နိုင်လွန်ဆန်ခါ(သို့မဟုတ်) ပလတ် စတစ်ဆန်ခါများဖြင့် ဖုံးအုပ်ထားရန် လိုအပ်ပါသည်။

(င) အစာကျွေးရန် အကာအရံပြုလုပ်ခြင်း

ငါးများအားကျွေးမွေးမည့် ရေတွင်ပေါ်နိုင်သည့် ရေပေါ်အစာတောင့်များ ရေစီးနှင့်အတူ ငါးလှောင်အိမ်ပြင်ပသို့ မျောပါပြီး အစာလေလွင့်ဆုံးရှုံးမှု မရှိစေရန်အတွက် ငါးလှောင်အိမ်၏ အပေါ်ယံမျက်နှာပြင်ရေလွှာမှ အောက်ဖက်အနက် ၁ ပေခွဲခန့်အထိအား ပိုမို၍ ပိုက်ကွက်စိတ်သော ဆန်ခါပိုက်ဖြင့် ကာရံထားရမည်ဖြစ်ပါသည်။

၎င်းအကာအရံသည် ရေစီးရေလာကို အဟန့်အတားဖြစ်စေသည့်အတွက် ရေစီးထွက်သည့်ဘက်အခြမ်းတွင်သာ တပ်ဆင်ထားရန် လိုအပ်ပါသည်။ အကာအရံမှာ သေးငယ်လွန်းပါကလည်း အားကြီးသောငါးများက အစာကိုဗိုလ်ကျလုယူစားသုံးမှုကို ပိုမို၍ မြင့်မားစေပါသည်။ အကယ်၍ ရေတွင်နစ်မြုပ်သော အစာတောင့်အား ကျွေးမွေးပါက အစာလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် အစာကျွေးရာတွင် အစာဗန်းများအားအသုံးပြုပြီး ရေအနက် ၁ ပေ ခွဲခန့်အထိ ရေတွင်နှစ်မြှုပ်၍ အစာကျွေးရန် လိုအပ်ပါသည်။

၃။ လှောင်အိမ်ဖြင့် ငါးမွေးမြူနည်းဆိုင်ရာ နောက်ခံနည်းပညာ

ငါးများအားလှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် အစာကျွေးခြင်းသည် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။

လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရာတွင် ငါးများသည်သဘာဝအစားအစာပေါကြွယ်ဝစွာ မရရှိကြသည့်အတွက် အစာကျွေးမွေးနိုင်မှသာ ငါးများကြီးထွားမှု ကောင်းမွန်မည်ဖြစ်ပါသည်။

လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရာတွင် အစာအတွက်ကုန်ကျသောစရိတ်သည် စုစုပေါင်းထုတ်လုပ်ရေးကုန်ကျစရိတ်၏ ၆၀% အထိ မြင့်မားစွာ ကုန်ကျပါသည်။

ငါးများအားအစာကျွေးရာတွင် တနေ့လျှင် မနက်နှင့် ညနေ နှစ်ကြိမ်အစာကျွေးရန်လိုအပ်ပြီး အစာကျွေးနှုန်းတွက်ချက်မှုမှာ သာမန်မြေသားကန်တွင် တွက်ချက်နည်းအတိုင်း တွက်ချက်နိုင်သော်လည်း နှစ်ပတ်လျှင်တစ်ကြိမ် ငါး၏ကြီးထွားနှုန်းအား တိုင်းတာခြင်းနှင့် အစာကျွေးနှုန်းတွက်ချက်ခြင်းကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ရေချိုတွင် လှောင်အိမ်ဖြင့်မွေးမြူသင့်သောငါးများဖြစ်သည့် ငါးတန်၊ တီလားပီးယားနှင့် ငါးမြစ်ချင်းငါးတို့အတွက် ကျွေးရမည့်အစာသည် မြေသားကန်နှင့်တူညီမှုမရှိဘဲ အသားဓာတ် ၃၂% အနည်းဆုံးပါဝင်သောအစာတောင့်အား ကျွေးရမည်ဖြစ်ပြီး အသားဓာတ် ၃၆% ပါဝင်သော အစာတောင့်အား ကျွေးနိုင်ပါက ပိုမို၍ကောင်းမွန်ပါသည်။

ငါးစာအစာတောင့်မှာ ရေတွင်ပေါ်သောအစာတောင့်အမျိုးအစားဖြစ်ပြီး ၂၄ နာရီကြာ ရေတွင်ပျော်ဝင်မှုမရှိသော အရည်အသွေးရှိသည့် အစာတောင့်အား ကျွေးမွေးသင့်ပါသည်။

ဖြစ်နိုင်ပါက အလိုအလျောက် ငါးစာကျွေးသည့်စက်အား အသုံးပြုကျွေးမွေးနိုင်ပါသည်။ 

ရေတွင်နစ်မြုပ်သော အစာတောင့်အမျိုးအစားအား ငါးမွေးမြူရေးလှောင်ကန်များတွင် အသုံးပြုကျွေးမွေးနိုင်သော်လည်း အစာလေလွင့်မှုအားလျှော့ချနိုင်ရန် အထူးသတိပြုကျွေးမွေးရန် လိုအပ်ပါသည်။ ရေချိုအမျိုးအစားငါးများအား လှောင်ကန်စနစ်ဖြင့် မွေးမြူရာတွင် အစာမှအသားဖြစ်နှုန်း(Food conversion ratio-FCR) မှာ ၁:၁.၅ မှ ၁:၁.၈ အထိ ရှိပါသည်။ ဆိုလိုသည်မှာ ငါးအသားတစ်ပိဿာ အသားတိုးစေရန်အတွက် အစာ ၁.၅ ပိဿာမှ ၁.၈ ပိဿာအထိ ကျွေးမွေးရမည်ဖြစ်ပါသည်။

ငါးထည့်သွင်းမှုနှုန်းထားမှာ ရေထုထည်တစ်တန် (အလျား ၃.၃ ပေ၊ အနံ ၃.၃ ပေနှင့် အနက် ၃.၃ ပေရှိသည့် ရေ၏ထုထည်ပမာဏ)လျှင် ငါးထုထည်ပိဿာ ၉၀ ခန့် ထည့်သွင်းမွေးမြူလေ့ရှိပါသည်။ ငါးထုထည်ဆိုသည်မှာ ငါးတစ်ကောင်၏အလေးချိန်နှင့် ငါး၏ပမာဏ အရေအတွက်အားမြှောက်၍ ရရှိသောရလဒ် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ငါးထုထည် ၉၀ ပိဿာသည် တစ်ပိဿာအရွယ်ရှိ ငါးအကောင် ၉၀ အား မွေးမြူခြင်း(သို့မဟုတ်) ၅၀ ကျပ်သားရှိသော ငါးအကောင် ၁၈၀ အား မွေးမြူခြင်းဖြစ်ပါသည်။

Ref;ငါးလုပ်ငန်းဦးစီးဌာန။

(အပိုင်း- ၃ တွင် ပလတ်စတစ်ခင်းကန် ပြုလုပ်နည်းနှင့် ခြံခတ်မွေးမြူရေးအကြောင်းများကို ဖော်ပြပေးသွားပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်