အသီးများကွဲအက်ခြင်းဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်ရာမှာ တွေ့ရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အသီးအနှံတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်း အဆင့်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်ပြီးတဲ့နောက်မှာ အသီးရဲ့ အရည်အသွေးတွေ ကျဆင်းလာမှာဖြစ်ပြီး ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ကာ တဖြည်းဖြည်း ပုပ်ပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
အသီးတွေ ကွဲအက်တာနဲ့ပတ်သက်လို့ စိုက်ပျိုးသူအများစုကတော့ ကယ်လ်စီယမ် ချို့တဲ့တာကြောင့်ဆိုပြီး ဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြစ်ပါတယ်။
အသီးတွေကို အက်ကွဲစေတဲ့ အကြောင်းအရင်း များစွာရှိနိုင်ပြီး အစိုဓာတ်၊ မြေသြဇာကျွေးခြင်းနဲ့ စီမံခန့်ခွဲမှု စတဲ့အချက်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသီးတွေကွဲအက်ရခြင်းရဲ့ အကြောင်းရင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာသင့်ပြီး ကာကွယ်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။
အသီးများ ကွဲအက်ခြင်းကို ခွဲခြမ်းစိတ်ဖြာရာမှာ အောက်ဖော်ပြပါ အကြောင်းရင်း ၅ ခုကို တွေ့ရှိရပါတယ်။
၁။ မျိုး
အသီးကွဲအက်ခြင်းဟာ အမျိုးမျိုးသော ဇီဝကမ္မနဲ့ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာများစွာနဲ့လည်း သက်ဆိုင်နေတာ ဖြစ်ပါတယ်။ အသီးအမျိုးအစား၊ အရွယ်အစား၊ အခွံအထူအပါး၊ ရေပါဝင်မှု၊ ဆဲလ်ကျစ်လျစ်မှု၊ သကြားဓာတ်ပါဝင်မှု၊ အက်ဆစ်ပါဝင်မှုနဲ့ အခွံရဲ့အရည်အသွေး စတဲ့ လက္ခဏာတွေဟာ အသီးကွဲအက်ခြင်းအပေါ် သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် စပျစ်သီးတွေဆိုရင် မျိုးကွဲတွေများစွာရှိတဲ့အနက် အချို့မျိုးတွေဟာ အခွံပါးပြီး ကြွပ်ဆတ်တဲ့အသား ရှိတဲ့အတွက် အသီးကွဲအက်တတ်ပြီး အချို့သောမျိုးတွေကတော့ အမြစ်ကနေ ရေစုပ်ယူမှုမြန်ဆန်ပြီး ရောင်ခြယ်ဆဲလ်တွေ ဖြစ်ပေါ်နေတဲ့ကာလမှာ ရေစုပ်ယူမှု များပြားတာကြောင့် အသီးတွေ ကွဲအက်တတ်တာ ဖြစ်ပါတယ်။
မက်မွန်သီးတစ်မျိုး ဖြစ်တဲ့ (Nectarine) မျိုးကွဲတွေမှာဆိုရင် သကြားဓာတ်ပါဝင်မှု မြင့်မားပြီး အက်ဆစ်ပါဝင်မှုနည်းတဲ့အတွက် အသီးကွဲအက်ခြင်းတွေ ဖြစ်ပေါ်တတ်တာ ဖြစ်ပါတယ်။ ထို့နည်းတူ အချို့သော ဖရဲသီးမျိုးကွဲတွေမှာဆိုရင်လည်း ပါးလွှာပြီး ကြွပ်ဆတ်တဲ့အခွံ ပါရှိတဲ့အတွက် အသီးကွဲအက်ခြင်းတွေ ဖြစ်ပေါ်တတ်တာ တွေ့ရပါတယ်။
၂။ မသင့်လျော်တဲ့ စီမံခန့်ခွဲမှုအစီအမံများ
(က) အပူချိန် ပြောင်းလဲခြင်း
အသီးတွေရဲ့ အစောပိုင်းကြီးထွားမှုကာလမှာ အပူချိန်နိမ့်ပြီးတဲ့နောက် ရုတ်တရက် အပူချိန်မြင့်တက်လာတာမျိုး ဖြစ်ပေါ်တဲ့အခါ အသီးတွေ လျင်မြန်စွာကြီးထွားလာပြီး အသီးများကွဲအက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
(ခ) မြေဆီလွှာအစိုဓာတ် လျင်မြန်စွာပြောင်းလဲခြင်း
သီးနှံတွေရဲ့ အစောပိုင်းကြီးထွားမှုကာလမှာ မကြာခဏမိုးရွာသွန်းခဲ့မယ်ဆိုရင် အမြစ်စနစ်ကနေ အသီးဆီကို ပို့ဆောင်တဲ့ရေတွေဟာ လျင်မြန်စွာတိုးပွားလာပြီး ဆဲလ်များပျော့ပျောင်းလာကာ အသီးတွေလည်း လျင်မြန်စွာ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ၎င်းအခြေအနေမှာ အခွံတွေဟာ များသောအားဖြင့် အိုမင်းရင့်ရော်လာပြီး ဖယောင်းလွှာရဲ့ (cuticle) ရဲ့ ကန့်သတ်မှုကြောင့် အခွံဆဲလ်တွေဟာ ကြီးထွားဖို့နှေးကွေးလာမှာ ဖြစ်ပါတယ်။ ထိုအခါ အခွံရဲ့အထဲမှာ ပျော့အိတဲ့အသားတွေ ပေါက်ပြဲလာတာမျိုး ဖြစ်တတ်ပါတယ်။
အဆိုပါ ကွဲအက်မှုမျိုးကိုတော့ စပျစ်၊ ထိုင်ဝမ်ဆီးသီး၊ သလဲသီး စတဲ့ အသီးတွေမှာ တွေ့ရတတ်တာ ဖြစ်ပါတယ်။ အကယ်လို့ အစောပိုင်းကြီးထွားမှုကာလမှာ ရေဓာတ်ချို့တဲ့မယ်ဆိုရင်တော့ အသီးငယ်တွေရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အသီးတွေမှာ ရောင်ခြယ်ဆဲလ်တွေ ဖြစ်ပေါ်နေတဲ့ကာလအတွင်း မိုးဆက်တိုက်ရွာသွန်းခြင်းနဲ့ ရေလွှမ်းခြင်းတွေ ဖြစ်ပေါ်မယ်ဆိုရင်လည်း အသီးနှံတွေကို အက်ကွဲစေနိုင်တာ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးမှာဆိုရင်လည်း အပင်ဟာ ရေကိုစုပ်ယူတာနဲ့အမျှ ပျော့ဖတ်(အသား)တွေ ကြီးထွားလာမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အခွံတွေဟာ ပျော့ဖတ်တွေရဲ့ကြီးထွားနှုန်းနဲ့ လိုက်လျောညီထွေမဖြစ်နိုင်တာကြောင့် အခွံမှာ အိုမင်းရင့်ရော်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဆိုပါ ပျော့ဖတ်တွေဟာ ခရမ်းချဉ်သီးရဲ့အခွံကို ဖောင်းပွလာစေပြီး အက်ကွဲကြောင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။
အပူချိန်မြင့်မားခြင်း၊ အလင်းရောင်အားကောင်းခြင်း၊ ရေငတ်ဒဏ်ခံရခြင်းနဲ့ အခြားသောအချက်တွေကြောင့် အသီးတွေရဲ့ အညှာအနီးမှာ ဖောင်းပွတဲ့အလွှာတစ်ခုကို ဖြစ်ပေါ်စေပြီး သကြားဓာတ်ပါဝင်မှုကို မြင့်တက်လာစေမှာ ဖြစ်ပါတယ်။ အချိန်အတော်ကြာ ရေငတ်ဒဏ်ခံရပြီးတဲ့နောက် ရုတ်တရက်မိုးရွာသွန်းပြီး ရေအများအပြားရရှိခဲ့မယ်ဆိုရင် အသီးအတွင်းမှာရှိတဲ့ ပျော့ဖတ်တွေကို လျင်မြန်စွာကြီးထွားလာစေပြီး osmotic ဖိအားကိုတိုးလာစေကာ အခွံတွေကို ဖောင်းပွပြီး အက်ကွဲလာစေမှာ ဖြစ်ပါတယ်။
(ဂ) ရေနဲ့ မြေသြဇာ ရရှိမှု မညီညာခြင်း
အသီးတွေ ကြီးထွားနေတဲ့ကာလမှာ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ ဓာတ်တွေဟာ သစ်သီးကွဲအက်ခြင်းအပေါ်မှာ အဓိကသက်ရောက်မှုရှိနေတာဖြစ်ပြီး မဂ္ဂနီဆီယမ်၊ ဘိုရွန်၊ ဇင့်၊ အိုင်းယွန်း၊ ကော့ပါးနဲ့ မဂ္ဂနိစ်ကဲ့သို့ ဒြပ်စင်တွေဟာလည်း သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
အာဟာရဓာတ် တစ်မျိုးတည်း သို့မဟုတ် အများအပြားကို အလွန်အကျွံကျွေးပြီး အခြားဒြပ်စင်တွေ ထောက်ပံ့ပေးတာ နည်းတဲ့အခါမှာလည်း သစ်သီးတွေ ကွဲအက်လာတတ်တာ ဖြစ်ပါတယ်။ သီးနှံတွေကို တကယ်လက်တွေ့ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးနှံကြီးထွားမှုရဲ့ နှောင်းပိုင်းကာလတွေမှာ ကယ်လ်စီယမ်ချို့တဲ့ပြီး ပိုတက်စီယမ်ဓာတ် ပိုလျှံမှုကြောင့် အသီးကွဲအက်ခြင်း ဖြစ်ပေါ်တတ်တာ အတော်များပါတယ်။ ဥပမာ - ခရမ်းချဉ်သီးတွေရဲ့ ချက် (navel) မှာ ကွဲအက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် အသီးကြီးထွားနေတဲ့ကာလမှာ အာဟာရထောက်ပံ့ပေးမှု မညီမျှတာကို ကာကွယ်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုမှုပမာဏကို ထိန်းညှိသင့်ပြီး သီးနှံရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အခြားသောမြေသြဇာတွေအသုံးပြုမှုကိုလည်း သင့်တော်အောင် တိုးမြှင့်ပေးသင့်တာ ဖြစ်ပါတယ်။
အထူးသဖြင့် ကယ်လ်စီယမ်နဲ့ ဘိုရွန်မြေသြဇာတွေကို အချိန်မီ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဒြပ်စင်အမျိုးမျိုးရဲ့ အချိုးအစားကိုချိန်ညှိသင့်ပြီး နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်တွေကို အလွန်အကျွံ မကျွေးဖို့လည်းလိုအပ်ပါတယ်။ ၎င်းဓာတ်တွေကို အများအပြားထည့်မိတဲ့အခါ အပင်ကနေ ကယ်လ်စီယမ်ဓာတ် စုပ်ယူမှုနိုင်ကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
(ဃ) မမှန်ကန်သော လုပ်ဆောင်ချက်များကြောင့် အသီးကွဲအက်ခြင်း
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်တွေမှာ လေဝင်လေထွက်နဲ့ အလင် းရောင်ထုတ်လွှတ်မှုတွေကိုတိုးစေဖို့၊ အသီးတွေရဲ့အရောင်အဆင်းကို တိုးတက်စေဖို့အတွက် အရွက်တွေကို အလွန်အမင်းနည်းသွားတဲ့အထိ မှုန်း (thinning) ပစ်လေ့ ရှိကြပါတယ်။
အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့သူတွေဆိုရင် အပင်ရဲ့အပေါ်ဘက်ပိုင်း အရွက်အနည်းငယ်ကိုသာ ချန်ထားပြီး အောက်အရွက်အားလုံးကို ဖယ်ရှားပစ်လေ့ရှိကြတာ ဖြစ်ပါတယ်။ ထိုအခါ အပင်မှာ အလုပ် လုပ်ဆောင်နိုင်တဲ့အရွက်တွေ နည်းပါးသွားတဲ့အတွက် အစာချက်လုပ်မှုလည်း မလုံလောက်တော့ဘဲ သီးနှံတွေဟာ လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ မရရှိနိုင်တော့တာကြောင့် အသီးများကွဲအက်ခြင်းကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။
၃။ အပင်ရဲ့ endogenous ဟော်မုန်းမညီမျှမှုကို မှားယွင်းစွာအသုံးပြုခြင်း
ဆောင်းရာသီလို အပူချိန်နိမ့်တဲ့ပတ်ဝန်းကျင်မှာဆိုရင် ဟော်မုန်းကုသမှုမပါဘဲ အသီးတွေတင်နိုင်ဖို့က ခက်ခဲပါတယ်။ သို့ပေမယ့်လည်း 2,4-D လို့ခေါ်တဲ့ (plant growth regulator) အပင်ကြီးထွားရှင်သန်မှုကို အားပေးပြီး ပြင်းအားများလွန်းတဲ့ ဟော်မုန်းတွေအသုံးပြုခြင်း၊ ၎င်းတို့ကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ ပျိုးပင်ငယ်အဆင့်မှာ အသုံးပြုခြင်း၊ အပူချိန်မြင့်မားပြီး ရေငွေ့ပျံမှုများစေတဲ့ မွန်းတည့်ချိန်မှာ အသုံးပြုခြင်း စတာတွေက ကွဲအက်နေတဲ့ အသီးတွေနဲ့ ပုံပျက်နေတဲ့ အသီးတွေ ဖြစ်ပေါ်လာစေဖို့ ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။ (2,4-D ကို ပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုကြသလို auxin based ဟော်မုန်းအနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။)
ထို့အပြင် အပင်ရဲ့ endogenous ဟော်မုန်းအချိုးအစား ပြောင်းလဲမှုဟာ အခွံနဲ့ အသားတွေရဲ့ ကြီးထွားနှုန်းကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အခွံနဲ့အသား ကြီးထွားနှုန်းဟန်ချက်မညီတဲ့အခါမှာ အသီးတွေ ကွဲအက်သွားတတ်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့် အသီးကွဲအက်တဲ့ဖြစ်စဉ်ဟာ အသီးတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်းအဆင့်တွေမှာ ပိုပြီးအဖြစ်များတာ ဖြစ်ပါတယ်။
၄။ ရောဂါနဲ့ ပိုးမွှားများ
မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါနဲ့ မွှားပင့်ကူနီတို့ ကျရောက်ဖျက်ဆီးခြင်းဟာ အသီးတွေ ကွဲအက်ခြင်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ပိုးမွှားရောဂါ ကာကွယ်ခြင်းနဲ့ ထိန်းချုပ်ခြင်းကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။ ဥပမာအနေနဲ့ ဝါပင်တွေမှာ မှဲ့ပြောက်စွန်းရောဂါ ကျရောက်တဲ့အခါ ဝါသီးတွေကို ကွဲအက်စေနိုင်တာ ဖြစ်ပါတယ်။ စပျစ်ပင်တွေမှာ ဖားဥမှိုရောဂါ ကျရောက်တဲ့အခါ အသီးရဲ့အခွံကို ပိုမိုမာကျောလာစေပြီး ၎င်းရဲ့ ဆန့်ကျုံ့နိုင်တဲ့သတ္တိကို ဆုံးရှုံးသွားစေပြီး ပျက်စီးစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မာကျောတဲ့ကာလ ပြီးဆုံးသွားတဲ့နောက်မှာ အသီးရဲ့ထိပ်ကနေ ကွဲအက်သွားစေဖို့ ပိုမိုလွယ်ကူသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုးမွှားရောဂါတွေကနေတဆင့် အသီးနှံတွေကွဲအက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အချိန်မီဆောင်ရွက်သင့်ပါတယ်။
၅။ မြေဆီလွှာ ပြဿနာများ
ယနေ့အချိန်မှာ မြေဆီလွှာရဲ့ အက်စစ်ဓာတ်ချို့ယွင်းမှု ပြဿနာတွေကို ပိုပြီး ထင်ထင်ရှားရှား တွေ့လာရပါတယ်။ မြေဆီလွှာမှာ သတ္တုဒြပ်စင်တွေ ချို့တဲ့မှုနဲ့ မညီမျှမှု ပြဿနာတွေ အဖြစ်များလာပြီး ၎င်းအခြေအနေတွေဟာ အသီးကွဲအက်ခြင်းကို ပိုမိုဆိုးရွားလာစေတာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဓာတုဓာတ်မြေသြဇာ အသုံးပြုတဲ့ပမာဏကို လျှော့ချဖို့အတွက် အော်ဂဲနစ်မြေသြဇာတွေကို ဘက်တီးရီးယားမြေသြဇာ (bacterial fertilizers) တွေနဲ့ တွဲဖက်ပြီး ပိုမိုအသုံးပြုလာကြတာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ အက်ဆစ်ဓာတ်ပမာဏကို ချိန်ညှိနိုင်မယ်ဆိုရင် အသီးကွဲအက်မှု အတိုင်းအတာကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အချက်အလက်တွေဟာ အသီးအနှံတွေမှာ ကွဲအက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ သီးနှံတွေစိုက်ပျိုးထုတ်လုပ်ရာမှာ အသီးကွဲအက်တဲ့ ပြဿနာကို ကြုံတွေ့ရခဲ့မယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ အသီးကွဲအက်ရခြင်းအကြောင်းအရင်းတွေကို ဦးစွာစဉ်းစားပြီးမှ ဆုံးရှုံးမှုနည်းစေဖို့ သင့်လျော်တဲ့အဖြေကို ရွေးချယ်ဆောင်ရွက်သင့်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.linkedin.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်