မှိုဆိပ်တားဆီးရေးအတွက် စိန်ခေါ်မှုများ

23/03/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မှိုဆိပ်များသည် လူနှင့်တိရစ္ဆာန်များအပေါ် ဆိုးဝါးသည့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်စေ တတ်ရာ ၄င်းတို့ကို တားဆီးထိန်းချုပ်ရန် အလွန်အရေးကြီးပါသည်။ ထိုသို့ မှိုဆိပ်တားဆီးထိန်းချုပ် ရေးကို လုပ်ဆောင်ရာတွင် အဓိကကျသည့် စိန်ခေါ်မှု ၃ ရပ် ရှိနေပါသည်။ 

(၁) မှိုဆိပ်များကို ရှာဖွေစမ်းသပ်ရန် ခက်ခဲခြင်း

  • မှိုဆိပ်များကို သာမန်မျက်စိဖြင့် လုံးဝမမြင်နိုင်ပါ။ 
  • အစားအစာတစ်ခုတွင် မှိုဆိပ်ပါဝင်နေသော်လည်း အရသာပြောင်းလဲမှုမရှိသဖြင့် အလွယ် တကူ သိရှိရန် ပိုမိုခက်ခဲစေပါသည်။ 
  • မှိုဆိပ်များကို ရှာဖွေစမ်းသပ်ခြင်းမပြုမိဘဲ မှိုဆိပ်ပါဝင်နေသည့်အစားအစာများကို လူနှင့် တိရစ္ဆာန်များက စားသောက်သည့်အခါ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ 
  • မှိုဆိပ်ပမာဏအနည်းငယ်ကို စားသုံးမိရုံမျှဖြင့် ကြီးမားသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရနိုင်ပါသည်။ (မှိုဆိပ်အား တိုင်းတာသည့်ယူနစ်များနှင့်ပတ်သက်၍ အောက်တွင် သီးသန့်ရှင်းလင်းဖော်ပြထားပါသည်။)

(၂) မှိုဆိပ်များကို တားဆီးရန် ခက်ခဲခြင်း 

  • မှိုဆိပ်များ၏ ဓာတုဖွဲ့စည်းပုံမှာ အလွန်တည်ငြိမ်ပြီး အခြားဓာတုဖွဲ့စည်းပုံတစ်ခုခုသို့ ပြောင်းလဲမှု အလွန်နည်းပါးပါသည်။ ထို့ကြောင့် မှိုဆိပ်သည် အာနိသင်မပျက်ပြယ်ဘဲ မှိုဆိပ်အဖြစ် အမြဲတမ်း နီးပါး တည်ရှိနေနိုင်ပါသည်။ 
  • မှိုဆိပ်များသည် အပူဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ထို့ကြောင့် အဏုဇီဝပိုးမွှားများကို ဖျက်ဆီးနိုင်သည့် အပူချိန်ဖြင့်ထိတွေ့သည့်တိုင် အဆိပ်အတောက်ဖြစ်နိုင်မှုအာနိသင်မှာ ပျက်ပြယ်မသွားနိုင်ပါ။ (မှိုဆိပ်များ၏ အပူဒဏ်ခံနိုင်မှုနှင့် ပတ်သက်၍ အောက်တွင် သီးခြားဖော်ပြထားပါသည်။)
  • မှိုတားဆေး၊ မှိုသတ်ဆေးများ (Fungicides) ကို အသုံးပြုသည့်တိုင် ၄င်းဆေးဝါးများသည် မှို ပေါက်ပွားမှုကိုသာ ရပ်တန့်နိုင်ပြီး ယင်းမတိုင်မီက ထုတ်လုပ်ပြီးသား မှိုဆိပ်များကို ချေဖျက်နိုင် စွမ်းမရှိပါ။ 

(၃) စမ်းသပ်စစ်ဆေးမှုမခံရဘဲ လွတ်ထွက်သွားသည့် မှိုဆိပ်များရှိနေခြင်း 

  • မှိုများသည် ကောက်ပဲသီးနှံများအတွင်း နေရာတချို့တွင် အစုလိုက်ကွက်၍ ပေါက်ပွားရှင်သန်ကာ မှိုဆိပ်များ ထုတ်နေတတ်ကြပါသည်။ ၎င်းနေရာများကို “hot-spots” ဟု ခေါ်ပါသည်။ ထို့ကြောင့် ပမာဏအမြောက်အများ စုပုံထားသည့် ကောက်ပဲသီးနှံများထဲမှ နမူနာအနည်းငယ်မျှကို ရယူကာ မှိုဆိပ်ပါဝင်ခြင်း ရှိမရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခြင်းမှာ ပြည့်စုံလုံလောက်မှု မရှိနိုင်ပါ။
  • မှိုပေါက်ပွားနေသည့်နေရာကို ချန်လှပ်၍ နမူနာပစ္စည်း ရယူမိပါက မှိုဆိပ်ရှိနေပါလျက် မှိုဆိပ်ကို ရှာမတွေ့သည့် အခြေအနေဖြစ်နိုင်ပါသည်။ အထူးသဖြင့် နမူနာရယူသည့် နည်းစနစ် မှားယွင်းပါက ရလဒ်ကို ပိုမို၍ မှားယွင်းစေမည်ဖြစ်ပါသည်။ 
  • အချို့မှိုဆိပ်များသည် အပင်ကထုတ်လုပ်သည့် ဓာတုဓာတ်ပေါင်းများနှင့် ပေါင်းစပ်နေခြင်းကြောင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်၍ အဖြေမပေါ်တတ်သည်ကို သတိပြုရပါမည်။ မှိုဆိပ်များသည် glycosides ၊ glucuronides ၊ fatty acid esters နှင့် proteins ကဲ့သို့သော မော်လီကျူများနှင့် တွဲဆက်နေကြရာ၊ သမရိုးကျဓာတ်ခွဲစမ်းသပ်စက်များက ၄င်းတို့ကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပါ။
  • DON-3 glycoside ကဲ့သို့ မျက်နှာဖုံးတပ်ထားသည့် မှိုဆိပ်ကို ဓာတ်ခွဲခန်းက မဖော်ထုတ်လိုက်နိုင်သည့်အခါ၊ အစားအစာများထဲတွင် ၄င်းတို့ ပါဝင်သွားပြီး အစာလမ်းကြောင်းထဲသို့ ရောက်သည့် အခါ DON အဖြစ် ပြန်လည်၍ အသက်ဝင်လာမည် ဖြစ်ပါသည်။ ထိုအခါ လူနှင့် တိရစ္ဆာန်များ အတွက် မှိုဆိပ်သင့်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။

မှိုဆိပ်ကို တိုင်းတာသည့်ယူနစ်

  • အစားအစာတွင် မှိုဆိပ်ပါဝင်မှု ပမာဏ နည်းသည်၊ များသည်ကို တိုင်းတာဖော်ပြရာတွင် ppb ဟူ သည့် ယူနစ်ကို အသုံးပြုဖော်ပြကြပါသည်။ ppb ၏ အရှည်မှာ Parts per billion ဖြစ်ပါသည်။ အစာအပုံ သန်းတစ်ထောင်တွင် မှိုဆိပ် မည်မျှပါဝင်သည်ဆိုသည်ကို ဖော်ပြသည့်ယူနစ် ဖြစ်ပါသည်။ 
  • ဥပမာ - ဓာတ်ခွဲခန်းတွင်စမ်းသပ်သည့် ပြောင်းနမူနာတွင် မှိုဆိပ် “၄ ppb” ပါဝင်သည်ဆိုပါစို့။ အဓိပ္ပာယ်မှာ ပြောင်းပိဿာချိန် သန်းတစ်ထောင်တွင် မှိုဆိပ် လေးပိဿာပါဝင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ 
  • နောက်ထပ် ဥပမာတစ်ခုအနေဖြင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်သည့် ဆန်နမူနာတွင် မှိုဆိပ် ၁ ppb ပါဝင်သည်ဆိုပါစို့။ အဓိပ္ပာယ်မှာ ဆန်အိတ်ပေါင်း ၂၀၀၀၀ တွင် မှိုဆိပ်ပမာဏ ဆန်စေ့ ၆၄ စေ့စာ ပါဝင်နေခြင်း ဖြစ်ပါသည်။

မှိုဆိပ်များ၏ အပူဒဏ်ခံနိုင်ရည်

  • မှိုဆိပ်များသည် အပူဒဏ်ကို ခံနိုင်ရည် အလွန်မြင့်မားပါသည်။ အစားအသောက်များကို ချက်ပြုတ် ခြင်းဖြင့် အစားအသောက်ထဲတွင် ပါဝင်သည့် မှိုများကို ဖျက်ဆီးပစ်နိုင်သည့်တိုင် မှိုဆိပ်များကိုမူ အကုန်အစင် ဖျက်စီးပစ်နိုင်ခြင်း မရှိပါ။ 
  • စမ်းသပ်လေ့လာမှုများအရ ပုံမှန်ချက်ပြုတ်မှုများတွင် အများဆုံးအသုံးပြုသည့် အပူချိန် ၁၀၀ - ၂၁၀ ဒီဂရီ စင်တီဂရိတ်တွင် မိနစ် ၆၀ အောက် ချက်ပြုတ်ခြင်းဖြင့် မှိုဆိပ်များကို အနည်းငယ်လျော့ကျစေ သော်လည်း ကုန်စင်အောင် ဖယ်ရှားနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ရေဖြင့်ပြုတ်ခြင်း (boil-ing) ၊ ထမင်းပေါင်းအိုးဖြင့် ပေါင်းခြင်း (rice cooking) တို့ပြုလုပ်ပြီးနောက် ချက်ပြုတ်သည့် အစားအစာ (ဥပမာ ဆန်) ထဲတွင် မှိုဆိပ် ၅၀ - ၈၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေကြောင်းနှင့် ပြုတ်သည့် ရေထဲတွင် မှိုဆိပ် ၁၀ - ၁၅ ရာခိုင်နှုန်း ရှိနေကြောင်း တွေ့ရှိရသည်။ ဆီပူနှင့် ကြော်ချက်သည့်အခါတွင်လည်း အလားတူရလဒ်ကိုသာ ရရှိနိုင်သည်။

အောက်ပါဇယားတွင် မတူညီသော အစားအစာများအား ချက်ပြုတ်ကြော်လှော်ခြင်းဖြင့် ယင်း အစားအစာများတွင် ပါဝင်သည့် မှိုဆိပ်များအား လျော့ချနိုင်မည့် အခြေအနေကို ဖော်ပြထားပါသည်။ 

 

မှိုဆိပ်သည် လူနှင့်တိရစ္ဆာန်များအတွက် အန္တရာယ်ကြီးမားသကဲ့သို့ တားဆီးကာကွယ်ရန်မှာလည်း စိန်ခေါ်မှုကြီးမားလှပါသည်။ သို့ဖြစ်ရာ မှိုဆိပ်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို လူတိုင်း ထုတ်လုပ်မှုအဆင့်တိုင်းက ပါဝင်ဆောင်ရွက်ရန် လိုအပ်လှပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်