ဒီအကြောင်းအရာလေးကို မဖတ်ရှုခင် အများစုသိဖို့ မေ့နေကြတဲ့ မေးခွန်းလေးတွေရှိပါတယ် ။ ဒါတွေကတော့
၁။ အပင်တစ်ပင်ကို ရေဘယ်လောက် ထိလောင်းဖို့လိုတာလဲ ?
၂။ ဘယ်လိုပုံစံနဲ့ရေသွင်းတာက ကိုယ့်စိုက်ခင်းအတွင်း အဆင်ပြေဆုံးဖြစ်မလဲ ?
၃။ ရေသွင်းခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ အလွယ်တစ်ကူနားလည်လွယ်စေမယ့် ပုံစံနဲ့ ရေးသားလိုက်ရပါတယ် ။
ကျွန်တော်တို့တောင်သူဦးကြီးတွေအများစုဟာ လယ် /ယာ သီးနှံတွေကို ဧကများစွာ စိုက်ပျိုးထုတ်လုပ်ကြရပါတယ်။
ကျွန်တော်ရေးတဲ့ ဒီဆောင်းပါးကို အပိုင်း(၂)ပိုင်း ခွဲပြီး ဖေါ်ပြပေးသွားပါ့မယ်။ ယခုပထမပိုင်းမှာ ရေသွင်းခြင်း အကြောင်းအရာကို အသေးစိတ်ရေးသားဖေါ်ပြသွားပါမယ်။
ချွင်းချက်အနေနဲ့ စပါးသီးနှံရဲ့ ရေလိုအပ်ချက်တွေ ရေသွင်းချိန်တွေကတော့ စာအုပ်အများအပြားရှိသလို နည်းလမ်းစနစ်တကျထွက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူက ဥယျာဉ်ခြံ သီးနှံတွေရဲ့ ရေလိုအပ်ချက်ကို ဦးစားပေး ဖေါ်ပြပေးသွားပါမယ်။ ရေသွင်းတဲ့နေရာမှာ နည်းစနစ် (၄)မျိုးရှိပါတယ် ။
၁။ မြောင်း၊မြောင်းသွယ်၍ ရေသွင်းခြင်း
ဒီနည်းဟာ စိုက်ပျိုးထုတ်လုပ်သူအများစု ကျင့်သုံးကြပြီးတော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်ပါတယ် ၊ စိုက်ပျိုးဧရိယာများစွာကို မျက်နှာပြင်အနိမ့်အမြင့်အလိုက် မြောင်းသွယ်ပြီး ရေပေးဝေခြင်းဟာ လူအင်အားသက်သာစေသလို အပင်အားလုံး ရေရစေတဲ့ အကောင်းဆုံးသော နည်းဖြစ်ပါတယ်။ ဒီလိုရေသွင်းတဲ့နေရာမှာ အားနည်းချက်တချို့က ရှိနေပါတယ် ၊ဥပမာ အခင်းအမှတ် (၁)က စပြီး ရေသွင်းခဲ့သည်ဆိုပါစို့ ၊ အဲ့အခင်းမှာ ပိုးကျနေခဲ့မယ်ဆိုရင် အင်းဆက် (သို့) ရောဂါပိုးဟာ ရေကနေတစ်ဆင့် အခြားအခင်းများသို့ လွယ်ကူစွာပျံ့နှံ့စေခြင်းဖြစ်ပါတယ် ။
နောက်တစ်ခုအနေနဲ့ ဂရုစိုက်ရမှာက ပိုးသတ်ဆေးဖျန်းပြီး နာရီမစေ့ခင်မှာ ရေသွင်းမိတယ်ထားပါတော့ ၊အခြားသော ရေအတူ သုံးစွဲတဲ့ စိုက်ခင်းဆီသို့ မလိုလားအပ်တဲ့ ဓာတုဓာတ်ကြွင်း ပျံ့နှံ့မှုတွေ ဖြစ်လာနိင်ပါသေးတယ် ။
၂။ ရေဖျန်းခေါင်းများအသုံးပြု၍ ဖျန်းခြင်း
ဒီနည်းက ဒုတိယအများဆုံး အသုံးပြုကြတဲ့ နည်းလမ်းဖြစ်ပြီးတော့ ရေကုန်ကျမှုကို ချွေတာစေတာပဲ ဖြစ်ပါတယ် ၊ အပင်များအားလုံးကို ရေရရှိရုံမျှမက အခြားသောပေါင်းပင်များအတွက်ပါ ရေဖျန်းပေးသလိုဖြစ်စေတာကြောင့် ပေါင်းရှင်းရခြင်း တာ၀န်တစ်ခုကတော့ ပိုလာတာ အမှန်ပါပဲ ။ ဒီနည်းစနစ်ရဲ့ကောင်းတာတစ်ခုကတော့ အပင်တစ်ပင်ရဲ့ Vegetative အစိတ်အပိုင်းအားလုံးကို စိမ်းလန်း စိုပြေစေတာကတော့ အားသာချက်တစ်ခုပါ။ ဥပမာ ပန်းစိုက်တောင်သူအများစု အတွက် ခပ်မွှားမွှား ယူနစ်ကို အသုံးပြုပြီး ဖျန်းပေးရင် နေပူဒဏ်အန်တုပြီး တစ်နေကုန် လန်းဆန်းနိင်ပါသေးတယ်။ ရေဖျန်းခေါင်းဖိုး ၊ပိုက်ဖိုး နဲ့ ပန့် ဖိုးတွေ အကုန်စရိတ်တက်လာမယ်ဆိုတာတော့ စတင်စိုက်မယ့်သူတွေ သတိပြုစေချင်ပါတယ်။
၃။ အစက်ချရေပေးဝေခြင်း
ဒီနည်းက တော့ ရှင်းတယ်၊ အလုပ်ရှုပ်တယ်၊ လုပ်သူနည်းတယ် ၊ အကျိုးရှိတယ် ၊ ရေကုန်သက်သာတယ် ။ အလုပ်ရှုပ်ရတာကတော့ ယခုဒီနည်းကို အသုံးပြုသူတွေ အသိဆုံးဖြစ်ပါတယ်၊ တစ်ပင်ချင်းစီရဲ့ ပင်ကြားတန်းကြား အကွာအဝေးအတိုင်း သတ်မှတ်ပြီး ရေပေးဝေတဲ့ ပိုက်လိုင်းတွေကို အပေါက်ဖေါက်ထားရပါတယ် ၊ အထက် မြင့်တဲ့နေရာက ရေလွှတ်လိုက်တဲ့အခါ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအထိ တစ်စက်ခြင်း ချပြီး ရေပေးဝေတဲ့ ပုံစံပါ၊ ဒီတော့ ပြန်ကြည့်စရာတော့ မလိုဘူး ရေစင်တစ်ခုဆောက်ပီး စိုက်ခင်းတစ်ခုလုံးဆီရောက်မယ့် pressureတစ်ခုရဖို့တော့ လိုတာပေါ့ ၊ ပြီးတော့ ကိုယ်က အချိန်တစ်ခု သတ်မှတ်ထားဖို့လည်း လိုပါတယ် ၊ မဟုတ်ရင် လိုအပ်တဲ့ ရေပမာဏ မရတာ ကြာလာတဲ့အခါ အပင်သေသွားနိူင်ပါတယ် ၊ဒါလေးတော့ ဂရုစိုက်ဖို့ လိုပါတယ် ၊ အနောက်နိင်ငံအများစုဟာ ရေအရင်းအမြစ်ကို ချွေတာတဲ့ အနေနဲ့ ဒီနည်းကို ကျယ်ပြန့်စွာ အသုံးပြုလျှက်ရှိတာကို တွေ့ရပါတယ် ၊ သူ့ရဲ့ အားနည်း ချက်လေးတွေကတော့ ပိုက်လိုင်းတစ်ခုစီက အပေါက်ကို တစ်ကြိမ်ပဲ ဖေါက်လို့ အဆင်ပြေတာ ဖြစ်လို့ spacingမတူတဲ့ အပင်ပြောင်းစိုက်တဲ့အခါ ပြသနာတက်နိင်ပါတယ် ။
၄။အပေါ်ယံ မြေမျက်နှာပြင် အောက်မှာ ပိုက်မြှုပ်၍ ရေပေးဝေခြင်း
ဒီပုံစံကို လုပ်တဲ့သူတော့ သိပ်မတွေ့ရဘူးခင်ဗျ ၊ ဒါပေမယ့် တစ်ပိုင်တစ်နိင် စိုက်ပျိုးတဲ့ ဥယျာဉ်ခြံအသေးစားလေးတွေကတော့ အမှန်အကန် အလုပ်ဖြစ်ပါတယ် ။ လွယ်လွယ်ပြောရရင် အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့ ဓာတုကင်းလွတ်သမားအများစုက သုံးကြတာကို တွေ့ရပါတယ် ၊ သူကတော့ အပင်ကြီးမျိုးမှာတော့ ဒီစနစ်ကို သွားသုံးလို့တော့ အဆင်မပြေနိင်ပါ။ ဒါ့အပြင် ကိုယ်စိုက်တဲ့ အပင်ရဲ့ ရေသောက်မြစ် အတိမ်အနက်ပေါ်မှာ ချိန်ပြီး ပြုလုပ်ရတာ ဖြစ်တဲ့အတွက် ရေသောက်မြစ် နက်တဲ့ အပင်တွေမှာ အဆင်မပြေနိင်ပါ။ ဒါ့ကြောင့် ဒီနည်းစနစ်ဟာ သင်္ဘောလို ခရမ်းလို ၂ကြိမ် ၃ကြိမ် ဆွတ်ရတဲ့ ၂ရာသီသီးနှံတွေမှာ ပြုလုပ်တာက အဆင်ပြေဆုံး ဖြစ်နိင်ပါတယ်။
အပိုင်း (၂)မှာ ပိုပြီး ထိရောက်တဲ့ ရေလိုအပ်ချက်တွေကို ဥပမာများနှင့် တစ်ကွ ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်။ တောင်သူဦးကြီးများ အကျိုးစီးပွား တိုးတက်ပါစေဟု ဆန္ဒပြုလျှက်
လေးစားစွာဖြင့်
ပြည့်ဖြိုးသော်
B.Agr.Sc (soil & water science)
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်