ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)

23/03/2023 11:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ဒေါက်တာမျိုးအောင်ကေျာ်နှင့်တွေ့ဆုံမေးမြန်းခြင်း (၁)

ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက နံပါတ်နှစ်နေရာမှာရှိနေတယ်လို့ ရာသီဥတုနဲ့မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။

ဒါကြောင့် ရေ၊ မြေ၊ ရာသီဥတုကိုအမှီပြုလုပ်ကိုင်ရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အဆုံးအရှုံးအလေအလွင့်မရှိဖို့ဆိုရင် အချိန်မီ အခါမှီဖြစ်အောင် ကူညီပေးမဲ့ လယ်ယာလုပ်ငန်းအထောက်ကူပြု စက်ပစ္စည်းတွေက မရှိမဖြစ်လိုအပ်လာပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ ဆန်စပါးရိတ်သိမ်းချိန်နောက်ပိုင်း သီးနှံကိုင်တွယ်ထိန်းသိမ်မှုတွေလုပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ၊ ပြောင်းလဲသင့်ပြောင်းလဲထိုက်တာတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနရဲ့ မြန်မာပြည်အတိုင်ပင်ခံအဖြစ်တာဝန်ယူခဲ့သူ၊ လက်ရှိမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဌဖြစ်သူ၊ ပိုင်အိုးနီးယားသီးနှံအခြောက်ခံစက်လုပ်ငန်းကို မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးအောင်ကျော်ရဲ့အမြင်တွေကို မေးမြန်း ထားတာကို တင်ပြပေးလိုက်ပါတယ်။

မေး။ မြန်မာနိုင်ငံမှာ သီးနှံအရည်အသွေးကောင်းမွန်ဖို့အတွက် အခြောက်ခံစက်တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာပြောပြစေချင်ပါတယ်။

ဖြေ။ ဆရာ့အနေနဲ့ကတော့ အဲ့ကိစ္စလေးမပြောခင် ဆရာဒီဟာလေးရဲ့ Brief Background (နောက်ခံအကျဉ်း) လေးကိုနည်းနည်းပြောချင်ပါတယ်။ ဆရာဆိုရင် ၂၀၀၄ ခုနှစ်ကတည်းက ဒီဆန်စပါးလောကထဲမှာရောက်နေရင်းနဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာရဲ့ ဆုံးရှုံးမှု အခန်းကဏ္ဍက အရမ်းကိုအရေးပါတယ်ဆိုတာကို ဒါအပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာနမှာ လေ့လာသင်တန်းတက်ခဲ့တဲ့ဟာကနေ ရင်ထဲမှာ  ဒီဟာက အရမ်းကိုအရေးကြီးတယ်၊ ဒီ Sector ကို တာဝန်ယူရမဲ့အဖွဲ့အစည်းတွေကလည်း လိုနေတယ်။ အဲ့ဒီအချိန်မှာလည်း ၂၀၀၃ ခုနှစ်မှာ ဆရာတို့ရဲ့ ဆန်စပါးမူဝါဒက ပြောင်းလိုက်တဲ့အခါကျတော့ ဒီ Sector ကြီးအပိုင်းမှာ Post Harvest ပေါ့နော်။ ဒီရိတ်သိမ်းချိန်လွန်ကဏ္ဍမှာတာဝန်ယူမယ့်အဖွဲ့အစည်းက နဂိုကတော့ PTAC (Post Harvest Technology Application Center) ပေါ့၊ အဲ့ဒီဟာကတော့ ကုန်သွယ်လယ်ယာအောက်မှာရှိပါတယ်။ အဲ့ဒါ ကုန်သွယ်လယ်ယာက ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ဒီဟာကိုတာဝန်မယူတော့တဲ့အခါကျတော့ စပါးကိုဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲတဲ့ကိစ္စတွေအကုန်လုံးက ပုဂ္ဂလိကကဏ္ဍကိုရောက်လာတော့ ဒီဟာနဲ့ပတ်သက်ရင် တာဝန်ယူရမယ့်အဖွဲ့အစည်းကလိုလာတယ်။

ဆရာက ဟိုမှာ သွားတက်တဲ့အခါကျတော့ ဒီ Issue(အရေးကိစ္စ) ကြီးက အရမ်းကြီးမားတာကို တွေ့နေရတယ်။ တွေ့နေရတဲ့အခါကျတာ့ ဆရာ့အနေနဲ့ ဒီပုဂ္ဂလိကကဏ္ဍအနေနဲ့ ဒါလေးတွေတော့ ဖွံ့ဖြိုးအောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ တစိုက်မတ်မတ် ၂၀၀၄ ကတည်းက ဆရာစလုပ်ခဲ့တယ်ပေါ့နော်။

အဲ့ဒါကလည်းဆုံးရှုံးမှု၊ လေလွင့်မှုကဘယ်လောက်အထိ အရေးကြီးလဲဆိုရင် တကယ်တမ်းတွက်ကြည့်ရင်ပေါ့နော်။ ဆရာတို့ မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုကနှစ်စဉ်နှစ်စဉ် တန်ချိန်သန်းပေါင်း သုံးဆယ်ပတ်ဝန်းကျင်လောက်ရှိတယ်။ ၂၈ သန်း၊ ၃၀ ပေါ့နော်။ အဲ့လိုရှိနေတဲ့အခါကျတော့ အခုထိ ဒီထုတ်လုပ်မှုက အဲ့ဒီပတ်ဝန်းကျင်လောက်ပဲသွားနေတယ်။ သွားနေတော့ ဒီရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုကိုကြည့်လိုက်ရင်လည်း ဒီဆန်စပါးစပြီးတော့ စပါးတွေ စပြီးရိတ်သိမ်းချိန်ကနေ အပင်ကနေ စပါးဖြစ်တဲ့အထိ၊ သိုလှောင်ရုံရောက်တဲ့အထိ သူ့ရဲ့အဆင့်ဆင့်မှာ သူ့ရဲ့ လေလွင့်ဆုံးရှုံးမှုပမာဏတွေကိုတွက်လိုက်ရင် ပမာဏအားဖြင့်ဆိုရင် ၂၀ ကနေ ၃၅ ရာခိုင်နှုန်းလောက်ရှိတယ်။ အရည်အသွေးအားဖြင့်လည်းဆုံးရှုံးမှုရှိတယ်။

အဲ့ဒါက ဘာလဲဆိုတော့ ကိုင်တာတွယ်တာမဟုတ်တဲ့အတွက်ကြောင့် ဒီအရည်အသွေးတွေ ကျသွားတယ်။ ပျက်စီးသွားတယ်။ မှိုတွေတက်သွားတယ်။ ဆန်တွေဝါတယ်။ အဲ့လိုဟာမျိုးကလည်း ဘယ်လိုခေါ်မလဲဆိုတော့ နောက်ထပ်လည်းတန်ဖိုးပေးမှာလျော့လျော့သွားတယ်။ နောက်ရာသီဥတုမကောင်းလို့ဖျက်ဆီးလိုက်တဲ့အခါကျရင် ဒီစပါးတွေက စိုပြီး အပင်တွေပေါက်သွားတော့ ဘဲစာလောက်ဖြစ်သွားတဲ့အထိတောင်ရှိတယ်။ Total Lost ပေါ့၊ အဲ့လောက်အထိတောင်ရှိတယ်။

အဲ့တော့ဘာပဲပြောပြော ၃၅ ရာခိုင်နှုန်းအထိတောင်မှ မနည်းဘူးဆိုတာကို ဆရာ High Light (အဓိကထောက်ပြ) လုပ်ချင်တာပေါ့နော်။ အဲ့အချိန်တုန်းက။ အဲ့တော့ ဆရာပြန်စဉ်းစားတာက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲထိန်းနိုင်၊ ငါ့အနေနဲ့ ဒီဟာလေးကိုတော်တော်ကြီး ဖြစ်နိုင်မယ်ဆိုပြီး ဆရာတွက်ကြည့်လိုက်တဲ့အခါကျတော့ ၁၀ ရာခိုင်နှုန်းဆိုရင် ခုနပြောတဲ့ သန်းသုံးဆယ်ပဲထားပါတော့၊ စပါးတန်ချိန်သုံးသန်းပေါ့နော်။ အဲ့ဒီစပါးတန်ချိန် သုံးသန်းရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းက ဆန်ဆိုရင် သူ့ကို ပြန်ပြီးတွက်လိုက်ရင် ၁.၈ သန်းလောက်ရှိတယ်။ အဲ့ဒီ ၁.၈ သန်းသောဆန်ကိုပေါ့၊ လူတွေ ဘယ်လောက်ပမာဏစားနိုင်လဲ၊ လူဦးရေ ဘယ်လောက်စားနိုင်လဲဆိုတာ ဆရာတွက် ကြည့်လိုက်တော့ လူတစ်ယောက်က တစ်နှစ်ကို ၁၅၅ ကီလိုဂရမ်လောက်စားတယ်။ အဲ့တော့ ၁၅၅ ကီလိုဂရမ်နဲ့တွက်ကြည့်လိုက်ရင် လူဦးရေ ၁၁ သန်းလောက် စားလို့ရတယ်။ ၁၁ သန်းလောက်စားလို့ရတယ်ဆိုတော့ ဒီပမာဏကမနည်းဘူးလေ။ မြန်မာပြည်ရဲ့ ငါးချိုးတစ်ချိုးလောက်ဖြစ်နေတယ်။

အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ တန်ချိန် ၁.၈ သန်း၊ ခုနပြောတဲ့ စပါး ၃ သန်းပေါ့နော်၊ ၃ သန်းရဖို့ တစ်ဧကကို ၇၅ တင်း ထွက်တယ်ဆိုရင် တွက်ကြည့်လိုက်ရင် ၇၅ တင်းဆိုတာ ၁.၅ တန်ပေါ့၊ အဲ့တော့ တွက်ကြည့်လိုက်ရင် ဧက ၂ သန်းလောက်၊ ဘာမှမထည့်ဘဲနဲ့ စိုက်တဲ့ဟာမျိုးဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးရှုံးတာတွေက ဒီပမာဏကို Save ဖြစ်သွားရင် ဧက နှစ်သန်းစိုက်တာနဲ့ ညီမျှတယ်လို့ ဆိုလိုတာပေါ့နော်။

အဲ့တော့ ဒီပမာဏက တော်တော်ကြီးများတဲ့အခါကျတော့ ဒါဆယ်ရာခိုင်နှုန်းပဲရှိသေးတယ်။ အဲ့ဒါနဲ့ ဆရာတို့ကတွက်ကြည့်ပြီးတော့ ဆရာတို့ဒါကို တွန်းတွန်းတိုက်တိုက်နဲ့ Awarness (အသိပညာပေးမှု) တွေပေါ့နော်၊ ဒီတောင်သူတွေသိဖို့၊ လုပ်ငန်းရှင်တွေသိဖို့၊ စက်ပိုင်တွေသိဖို့ အကုန်လုံးကိုဆရာတို့က ခြုံပြီးတော့ပညာပေးရတာပေါ့။ အဲ့တော့ပညာပေးတယ်ဆိုတဲ့နေရာမှာ ဘယ်သို့သော သီးနှံ၊ ဥပမာ Cereal Crop ပေါ့နော်၊ ဥပမာ စပါးပဲပြောပြော၊ ပြောင်းပဲပြောပြော မတ်ပဲ ပဲပြောပြော၊ မြေပဲ ပဲပြောပြော ဒီဟာတွေက နုတ်လိုက်တယ်၊ ရိတ်လိုက်တယ်ဆိုရင် ထွက်လာတာသည် အစို၊ အဲ့အစိုသည် Moisture Content (အစိုဓာတ်)က Very High (အရမ်းမြင့်) လေ။

အခုဆိုရင် စပါးဆိုရင် အစိုဓာတ်က ၃၀၊ ၃၅ ရာခိုင်နှုန်းရှိတယ်။ ပြောင်းဆိုရင် တစ်ခါတလေ ၄၀ ကျော်ကျော်ဆိုတော့ စက်နဲ့တောင် တိုင်းလို့မရတဲ့အနေထားအထိ စိုတယ်။ အဲ့တော့ ဒီဟာကြီးတွေက သူ့ကို ဒီအတိုင်းထားလိုက်ရင်၊ ၂၄ နာရီအတွင်းမှာကို ဒီကောင်က တဖြည်းဖြည်း အရည်အသွေးကကျလာတယ်။ ကျလာတော့ ဆရာတို့ကဘာလုပ်လဲဆိုရင် ဒီကောင်ကို အချိန်မီ Handle လုပ်ဖို့ဆိုတာ နေလှန်းရုံသက်သက်နဲ့ ဘယ်လိုမှမရနိုင်ဘူး။ နေပူသည်ထားဦး၊ အဲ့စပါးကို Moisture Content ပေါ့နော်၊ ၁၄ ရာခိုင်နှုန်းအထိ ခြောက်ဖို့အတွက်ဆိုရင် ဒီကောင် ၃ ရက်လောက်လှမ်းရတယ်။ ပြောင်းဆိုရင်လည်း၃ ရက်၊ ၄ ရက်လောက်လှန်းရတယ်။ ရာသီဆိုးလို့ မိုးရွာနေတယ်ဆိုရင်သွားပြီ။

အဲ့တော့ ဒီဟာသည် လှမ်းလို့မရ၊ ပြုလို့မရနဲ့ အုပ်ဆိုင်းထားရမယ်၊ ဒီအတိုင်းထားရမယ်ဆိုရင် သူရှိနေတဲ့အစိုဓာတ်နဲ့အရည်အသွေးပျက်ပြီးတော့ ဆန်ဆိုရင်လည်းအဝါတွေဖောက်မယ်။   အနံ့တွေထွက်မယ် ပျက်စီးမယ်၊ ပြောင်းဆိုရင်လည်း သူ့ရဲ့ Moisture သည် အဲ့မှာ မှိုပေါက်ဖို့အတွက်ကို သူ့ရဲ့အချိန်တွေပေးလိုက်တဲ့အခါကျတော့ မှိုသည်လည်း နာရီပိုင်းအတွင်းမှာ ပွားပွားပွားပွားလာပြီးရင် အဖလာတောက်စင်မှိုတွေများလာမယ်။ များလာရင် ဈေးကွက်ထဲရောင်းဖို့ အဆင်မပြေသလို လူတွေစားသုံးမှုမှာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ တိရစ္ဆာန်လည်း အဆင်မပြေဘူး။ အစာလုပ်တာပဲကွာ၊ လူစားတာမဟုတ်ဘူးဆိုရင်လည်း အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်စားပေမဲ့ နောက်သတ္တဝါတွေအပေါ်မှာ ဆက်တိုက် ဆက်တိုက် ဒုက္ခပေးတယ်။ အဲ့တော့လူစားရင်လည်းလူမှာ ဒုက္ခပေးတယ်။ အဲ့ဒါကြောင့်မို့ဆရာတို့က သီးနှံတွေကို အချိန်နဲ့တပြေးညီ ခြောက်ဖို့၊ သွေ့ဖို့ဆိုတာက ပထမဆုံးအရေးအကြီးဆုံးကိစ္စပဲ။ 

ဒါကြောင့်မို့လို့ ဒီဟာအတွက်ကို နည်းပညာအားဖြင့်သော်လည်းကောင်း၊ စက်တွေနဲ့ ကိရိယာအားဖြင့်သော်လည်းကောင်း ဒီဟာကို ဆရာတို့က လုပ်မပေးနိုင်သရွေ့ ဒီလုပ်ငန်းတွေတိုးတက်ဖွံ့ဖြိုးဖို့က ဘယ်လိုမှ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအရည်အသွေးသည် အစကတည်းကကိုက ဒီဟာက ထိန်းသိမ်းရမှာ။ အဲ့တော့ ဒီအခြောက်ခံစက်ကနေလှန်းရုံနဲ့မရဘူး။ ထိထိရောက်ရောက်နဲ့ စနစ်တကျခြောက်ဖို့လည်းလိုတယ်။ စနစ်တကျ ထိထိရောက်ရောက်နည်းပညာနဲ့ခြောက်ဖို့ဆိုတာက Facility လုပ်သည့်တိုင်အောင် ဒီလိုအခြောက်ခံစက်တွေလုပ်နိုင်သည့်တိုင်အောင် ဒီစက်တွေသည် စနစ်တကျကိုင်တွယ်ဖို့ လိုတယ်။ နည်းပညာကိုနားလည်ဖို့လိုတယ်။

ဥပမာ - တစ်ချို့ဆိုရင် Control ကို PLC Control တွေပါလာတယ်ဆိုတဲ့ဟာတောင်မှ ဒီဟာပေါ်မှာ သုံးစွဲသည့် အုံနာသည် စနစ်တကျနားမလည်ရင် သူရနိုင်တဲ့အကျိုးရလာဒ်က ဘယ်လိုမှမရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီခလုတ်နှိပ်၊ ဒီခလုပ်နှိပ်ဆိုပေမဲ့ ကိုယ်ခြောက်တဲ့သီးနှံသည် စက်ရုံက ထွက်တာမဟုတ်ဘူး။ Field (ကွင်း) အမျိုးမျိုးက လာမယ်၊ တောင်သူအမျိုးမျိုးတွေရဲ့ကိုင်မှုတွယ်မှုတွေရှိလာမယ်။ ဒီဟာပေါ်မှာလာမဲ့ Moisture Content တွေ၊ အရည်အသွေးတွေသည် ဘယ်လိုလဲဆိုတာ အုံနာက နည်းပညာနားလည်မှသာလျှင်၊ စနစ်တကျကိုင်တွယ်မှသာလျှင် အရည်အသွေးကောင်းသလို စက်တွေရဲ့တာရှည်ခံမှုဆိုတာတွေသည်လည်း ကောင်းမှာဖြစ်တယ်။

ဒါကြောင့်မို့ဆရာတို့က ဒီဟာပေါ်မှာ High Light လုပ်တာမို့လို့ ဘာတွေတွေ့ရလဲဆိုတော့ ဥပမာ အခြောက်ခံစက်တွေ၊ ဆရာဆိုရင် ၂၀၀၆ လောက်ကတည်းက ဗီယက်နမ်နိုင်ငံကရလာပြီးတော့ ဆရာတောက်လျှောက် Promote လုပ်တယ်။ သိပ်ပြီးတော့မလှုပ်သေးဘူး။ မလှုပ်ရင်းမလှုပ်ရင်းနဲ့ နောက်ပိုင်းကျတော့ ၂၀၀၉၊ ၂၀၁၀ လောက်ဆိုရင် နည်းနည်းသိလာပြီ၊ ၂၀၁၂၊ ၂၀၁၃ ကျတော့တော်တော်လေးသိလာပြီ။ ၂၀၁၄၊ ၂၀၁၅ ဆိုရင်တော့ အဲ့မှာ ဆရာတို့အခြောက်ခံစက်တင်မဟုတ်ဘူး၊ တရုတ်ပြည်ကအခြောက်ခံစက်တွေလည်း တော်တော်များများဝင်လာတယ်။

ဝင်လာတော့ ဒီအခြောက်ခံစက်တွေကိုလည်း ရင်းနှီးမြှုပ်နှံမှုပမာဏ၊ နောက်ပြီးတော့ သူ့ရဲ့စိတ်ဝင်စားမှုပေါ့နော်။ တချို့ကျတော့ ခလုတ်တစ်ချက်နှိပ်ရင် ပြီးတယ်ပေါ့နော်။ အဲ့လိုတွေးတယ်။ ဆရာတို့ကျတော့ Labour Intenstive (လုပ်သားရနိုင်မှု) အဲ့ဒီနှစ်ခုလုံးမှာလည်း အားနည်းချက်၊ အားသာချက်တွေရှိတယ်။ စက်တိုင်းမှာ Perfect (ပြီးပြည့်စုံ) ဆိုတာတော့မဖြစ်ဘူး။ နောက်ပြီးတော့ Brand (တံဆိပ်) တိုင်းလည်း Perfect တော့မဖြစ်ဘူး။ အကောင်းဆုံးဆိုသည့်တိုင် သူ့မှာ ဂရုစိုက်ရမဲ့ဟာလေးတွေ၊ Maintainance (ထိန်းသိမ်းစောင့်ရှောက်) လုပ်ရမဲ့ဟာလေးတွေရှိတယ်ပေါ့။

ဒါကြောင့်မို့လို့ ဆရာတို့က ဒီအခြောက်ခံတဲ့ကိစ္စက ဒီ Crop (သီးနှံ) တွေအားလုံးရဲ့ Entry (ဝင်ပေါက်) ပေါ့နော်၊ Pre Harvest to Post Harvest Entry (မရိတ်သိမ်းခင်နှင့်ရိတ်သိမ်းပြီး) မှာ ဒီဟာကို Most Important Handling (အရေးအကြီးဆုံးကိုင်တွယ်မှု) ပဲ။ အဲ့ဒါကို သေသေချာချာကိုင်တွယ်မှသာလျှင် နောက်ဆက်တွဲတွေ၊ သိုလှောင်တယ်၊ ကြိတ်ခွဲတယ်၊ Market (ဈေးကွက်) ပို့တယ်၊ ပြည်ပပို့တယ်။ အဲ့ကိစ္စတွေအကုန်လုံးကခြောက်တာ၊ သွေ့တာ။ နောက်တစ်ခုက သီးနှံရဲ့အစိုဓာတ်ပေါ့လေ၊ အဲ့ဒါကို Handel (ကိုင်တွယ်) လုပ်ပြီးမှသာလျှင် နောက် ဆက်တွဲတွေက ကောင်းမှာဖြစ်တယ်။ ဒါကြောင့် အစကောင်းရင် အနှောင်းသေချာတယ်ပေါ့နော်။ ဒါလေးတွေက ဆရာတို့ရဲ့လောကမှာ စိုက်ပျိုးရေးထုတ် ၏ကုန်တွေကိုကိုင်တွယ်တဲ့နေရာမှာ ဘယ်သီးနှံပဲဖြစ်ဖြစ် အစိုဓာတ်က အရမ်းအရေးကြီး တယ်။ ဒီဟာသည်လည်း တစ်ဖက်ကလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ အထောက်ကူပေးသလို တောင်သူတွေလည်း ဒီဟာကြောင့် သူတို့ရဲ့သီးနှံတွေသည် အရည်အသွေးကောင်း ကောင်းရမယ်ဆိုရင် သူတို့မပျက်စီးဘူး။ နောက်သူတို့သည် ဝင်ငွေပိုရမယ်။ ဆရာတော့ အဲ့လိုပဲမြင်တယ်ပေါ့နော်။

(ဆက်လက်ဖော်ပြပေးသွားပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်