လူသိနည်း​သေးသည့် ကျူးကျော်မျိုးစိတ်များရဲ့ အန္တရာယ်

26/07/2023 15:00 PM တွင် Shin Paing @ Piscey Wang Shin Paing @ Piscey Wang မှ ရေးသား

ကျွန်တော်တို့ မြန်မာ့ရေပြင်များနှင့် ​ရေနေသတ္တဝါ သယံဇာတများမှာ  ရေထုညစ်ညမ်းမှု၊ ဘတ္ထရီရှော့တိုက်ငါးဖမ်းမှု၊ စည်းကမ်းမဲ့ ငါးဖမ်း​မှု၊ မြို့ပြလူနေထူထပ်လာမှုနှင့် အခြားသော ပြဿနာများဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးခံနေရချိန်မှာ ကျူးကျော်မျိုးစိတ်များကလည်း တစ်ဖက်တစ်လမ်းကနေ ဒုက္ခပေးနေပါသည်။

မြန်မာနိုင်ငံ၏ ရေပြင်ကြီးငယ်များကို ကျူးကျော်နေကြပြီး ဒုက္ခပေးနေကြသည့် ပြည်ပငါးမျိုးစိတ်များကို ဖော်ပြရမည်ဆိုလျှင်တော့ စုပ်ခွက်ငါး၊ ငါးခူခေါင်းပွ၊ လိပ်ပါးနီ၊ ပါကူး၊ တီလားပီးယားတို့ဖြစ်ပြီး နောက်ထပ်အန္တရာယ်ပေးဖို့ အသင့်စောင့်နေကြသည့်မျိုးများမှာတော့ Giant Snakehead ငါးရံ့ဘီလူးခေါ် တိုမန်ငါးရံ့၊ Peacock Bass၊ Red Tail Catfish တို့ ဖြစ်ပါသည်။  

Invasive Species ခေါ် ကျူးကျော်မျိုးစိတ်ဆိုသည်မှာ...

ဂေဟစနစ်တစ်ခုအတွင်းရှိ သားရဲမျိုးစိတ်တစ်ခုသည် ၄င်း၏ဌာနေ နေရာဒေသတွင်ဆိုပါက သားရဲနှင့် သားကောင် ဟန်ချက်ညီစွာရှိနေပြီးဖြစ်ခြင်းကြောင့် ပုံမှန်အတိုင်း ရှင်သန်နေထိုင်ကြပါသည်။

သို့သော် အဆိုပါသားရဲမျိုးစိတ်တစ်ကောင်သည် အခြားပြင်ပဒေသ ဂေဟစနစ်တစ်ခုသို့ ရောက်သည့်အခါတွင်တော့ ထိုဂေဟစနစ်အတွင်း သားရဲမျိုးစိတ်မရှိသည့်အခါမျိုး၊ ရှိသော သားရဲမျိုးစိတ်မှာလည်း အသစ်ရောက်ရှိလာသည့် သားရဲမျိုးစိတ်ကို မယှဉ်ပြိုင်နိုင်သည့်အခါမျိုး သို့မဟုတ် ၎င်းဂေဟစနစ်၏ အစာစက်ကွင်းတွင် သားရဲမျိုးစိတ်အသစ် တိုးလာသောကြောင့် သားကောင် သားရဲပမာဏ ဟန်ချက်မညီတော့သည့်အခါမျိုး ဖြစ်ပေါ်စေသညည်ဆိုလျှင်တော့ ဂေဟစနစ် ထိခိုက်ပျက်စီးမှုများကိုပြုလုပ်သည့် ပြည်ပကျူးကျော်မျိုးစိတ်ဟုခေါ်ပါသည်။

ကျူးကျော်မျိုးစိတ်များမှာ အပင်၊ အင်းဆက်၊ တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါနှင့် ရေနေသတ္တဝါ အမျိုးမျိုးဖြစ်နိုင်ပါသည်။

ကျူးကျော်မျိုးစိတ် ပြန့်ပွားမှုကို ဉပမာပေးရလျှင် ခန္ဓာကိုယ်ထဲသို့ ပြင်ပမှ ဝင်ရောက်လာသော ရောဂါပိုးနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ရောဂါဝေဒနာများနှင့် အသွင်သဏ္ဌာန်တူပါသည်။ ကျူးကျော်မျိုးစိတ်များပြဿနာရဲ့ နောက်ကွယ်က အဓိက တရားခံကိုပြောပါဆိုရင်တော့ ကျွန်တော်တို့ "လူ" တွေပဲဟု ပြောရပါမည်။

လူများသည် ဒေသတစ်ဒေသ၊ နိုင်ငံတစ်နိုင်ငံမှ သက်ရှိမျိုးစိတ်များကို နောက်တစ်ဒေသေ၊ နောက်တစ်နိုင်ငံသို့ မတော်တဆ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ သယ်ယူပို့ဆောင်ရာမှတဆင့် သယ်သူလာသောသတ္တဝါများက ဒေသအသစ်၊ ဂေဟစနစ်အသစ်များမှာ ချယ်လှယ်ကြီးစိုး၍ ကျူးကျော်မျိုးစိတ်များဖြစ်လာခြင်း ဖြစ်ပါသည်။ 

မြန်မာနိုင်ငံသည်သာ ယခုပြဿနာကို ရင်ဆိုင်နေရခြင်းမဟုတ်၊ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများတွင်လည်း ကျူးကျော်မျိုးစိတ်ပြဿနာကို ရင်ဆိုင်နေရသည့် ဉပမာများစွာ ရှိနေခဲ့သည်။ အမေရိကန်၊ ဩစတေးလျလို ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံမျိုးမှာပင် ကျူးကျော်မျိုးစိတ်ကြောင့် တစ်နှစ်လျှင် ဒေါ်လာသန်းချီ၍ ပျက်စီးဆုံးရှုံးမှုများရှိသလို၊ ၄င်းတို့ကို ထိန်းချုပ်ရန်အတွက်လည်း တစ်နှစ်လျှင် ဒေါ်လာသန်းချီ၍ ကုန်ကျနေပါသည်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲဖြစ်သည့်အပြင် ငွေးကြေးချို့တဲ့သည့်နိုင်ငံအတွက်ဆိုလျှင်တော့ ၄င်းမျိုးစိတ်များကို ထိန်းချုပ်နိုင်ဖို့ရာ အလွန်ခက်ခဲပါလိမ့်မည်။ 

ကျူးကျော်မျိုးစိတ်တို့၏ ကျူးကျော်မှုအဆင့်များ 

ကျူးကျော်မျိုးစိတ်တို့၏ ကျူးကျော်မှုကို အဆင့်များခွဲခြား၍ သတ်မှတ်ထားသည်။ ထိုအဆင့်များမှာ..

Introduced State စတင်ထိတွေ့ခြင်းအဆင့်

စတင်ထိတွေ့ခြင်းအဆင့်ဆိုသည်မှာ ဂေဟစနစ်တစ်ခုအတွင်း ပြင်ပမှ မျိုးစိတ်တစ်ခုကို တစ်ကောင်စ နှစ်ကောင်စ စတင်တွေ့ရှိရခြင်း၊ တွေ့ရှိသည့် နေရာမှာ အလှမ်းဝေးခြင်း၊ တွေ့ရှိမှုများကြားမှာ အချိန်ကာလကွာခြားမှုများရှိခြင်း စသည်ကို ဆိုလိုသည်။

ယခုအဆင့်သည် ပထမအဆင့်ဖြစ်ပြီး ကျူးကျော်မျိုးစိတ်သည် သဘာဝအတွင်းသို့ စတင်လွတ်မြောက်ခါစဖြစ်ကာ ဂေဟစနစ်အတွင်းတွင် ၄င်း၏မျိုးတူများကို မတွေ့ရသေးခင် အဆင့်ဖြစ်သောကြောင့် မျိုးပွားမှု ပြန့်ပွားမှုစတင်မဖြစ်ပေါ်သေးပါ။ ယခုအဆင့်တွင် တွေ့ရှိရသည့် မျိုးစိတ်အသစ်ကို အတည်ပြုပြီး ချက်ချင်း သုတ်သင်ရှင်းလင်းနိုင် ပါက နောက်အဆင့်များသို့မရောက်အောင် ကာကွယ်နိုင်သည်။ 

Established State အခြေချနေထိုင်ခြင်းအဆင့်

စတင်ထိတွေ့ခြင်းအဆင့်အပြီး အချိန်ကာလကြာလာလျှင် အခြေချနေထိုင်ခြင်းအဆင့် လာသည်။ အခြေချနေထိုင်ခြင်းဆိုသည်မှာ ပြင်ပမှမျိုးစိတ်သည် အချင်းချင်းထိတွေ့ပြီး မိတ်လိုက်သားပေါက်ခြင်း ပြုလုပ်သည့်အခါ အခြေချနေထိုင်ခြင်းအဆင့်ကိုရောက်ရှိလာပြီဖြစ်သည်။

ပြင်ပမျိုးစိတ် သဘာဝအတွင်းသို့ လွတ်မြောက်သည့် အရေအတွက်များပြားသောအခါ မျိုးပွား၍ အခြေချနေထိုင်သည့်အဆင့် ရောက်နိုင်နှုန်း များပြားသည်။ မျိုးပွားနိုင်ပြီဖြစ်၍ ဂေဟစနစ်အတွင်းပြန့်ပွားပြီး ကျူးကျော်မျိုးစိတ်အဖြစ် ဂေဟစနစ်ကို ထိခိုက်မှုများစတင်ဖြစ်ပေါ်စေတော့မည်ဖြစ်သည်။ ယခုအဆင့်ရောက်ပြီဆိုလျှင်တော့ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပါမည်၊ မျိုးရင်းသတ္တဝါမျိုးစိတ်များ စတင်တိမ်ကောမည့် အန္တရာယ်ရှိသဖြင့် သုတ်သင်ရှင်းလင်းရန် လိုအပ်လာပြီဖြစ်သည်။

ကျူးကျော်မျိုးစိတ်များကို စတင်ထိတွေ့​ခြင်းအဆင့်မှာတင် ကြိုတင်ရှင်းလင်းကာကွယ်မှုများပြုလုပ်၍ အခြေချနေထိုင်ခြင်း အဆင့်ကိုမရောက်အောင် ကာကွယ်ရန်လိုအပ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။

မြန်မာနိုင်ငံ၏ ရေပြင်များနှင့် ကျူးကျော်မျိုးစိတ်များ

မြန်မာနိုင်ငံ၏ ရေပြင်များအတွင်းတွင် လူအမျိုးမျိုးတို့၏ လုပ်ရပ်အမျိုးမျိုးတို့ကြောင့် ကျူးကျော်မျိုးစိတ်များ ပြန့်ပွားနေပြီဖြစ်ကာ ပြန့်ပွားစေသည့် အကြောင်းအရာနှင့် ပြန့်ပွားသည့်ပမာဏနှုန်းထားများကို နိမ့်ရာမှ မြင့်ရာသို့ ဖော်ပြသည့်ပုံစံဖြင့် အောက်တွင်ဖော်ပြရေးသားသွားမည်ဖြစ်သည်။

(၄) အလှမွေးငါးဝါသနာရှင်များ

အလှမွေးငါးဝါသနာရှင်များအနေဖြင့် ပြည်ပမှ မျိုးစိတ်များကို ဝယ်ယူတင်သွင်းမွေးမြူကြနေကြသည်။ ယင်းကဲ့သို့တင်သွင်းမွေးမြူသည့် မျိုးစိတ်များထဲတွင် ကြီးမားသည့် သားရဲငါးမျိုးစိတ်များပါလာသည့်အခါ နေရာအခက်အခဲကြောင့် သဘာဝအတွင်းသို့ လွှတ်ပေးလိုက်ခြင်းကတဆင့် ကျူးကျော်မျိုးစိတ်ပြဿနာများ ဖြစ်ပေါ်စေပါသည်။

ယင်းကဲ့သို့ အလှမွေးငါးဝါသနာရှင်များ ပြင်ပမျိုးစိတ်များကို လွှတ်ခြင်းကို တိုင်းတာကြည့်သည့်အခါ အရေ အတွက် နည်းပါး၍ ကြိမ်နှုန်းမှာလည်း ခြားနားမှုများရှိခြင်းအပြင် စေလွှတ်သည့်နေရာရွေးချယ်မှုမှာလည်း မြို့ပြနေရာအများစုဖြစ်သည်ကိုတွေ့ရသည်။ လွှတ်ပေးရာတွင်လည်း သဘာဝရေ​ပြင်များနှင့် အလှမ်းဝေးသည့် လုံခြုံသော ဘေးမဲ့ကန်များကို ရွေးချယ်လွှတ်ကြသည့်အတွက် လွတ်မြောက်သွားသည့် မျိုးစိတ်များသည် အထက်တွင်ဖော်ပြထားသည့် Introduced Stage စတင်ထိတွေ့ခြင်းအဆင့်တွင် ရပ်တန့်သွားခြင်းမျိုးများ ရှိပါသည်။

သို့သော် အချို့သော Pleco fish စုပ်ခွက်ငါးမျိုးမှာတော့ Established Stage (အခြေချနေထိုင်၍ မျိုးပွားကာ ပြန့်ပွားသွားသည့် အဆင့်) ထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အလှမွေးငါးဝါသနာရှင်များအနေဖြင့် မိမိမွေးမြူမည့်ငါးအကြောင်းကို ကြိုတင်လေ့လာသင့်ပြီး အဆုံးထိတာဝန်ယူသင့်သလို၊ သွင်းယူရောင်းချသူများမှာလည်း ပြည်ပငါးမျိုးစိတ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို Guideline ပေးခြင်း၊ အသိပညာပေးခြင်းမျိုး နှစ်ဉီးနှစ်ဖက် တာဝန်သိစွာ ရောင်းချမွေးမြူခြင်းဖြင့် ဂေဟစနစ်ကို ကာကွယ်သင့်ပါသည်။

(၃) အ​ပျော်တမ်းငါးမျှားဝါသနာရှင်များ 

အချို့သော ပြည်ပမှသားရဲငါးမျိုးစိတ်များသည် ရန်လိုမှု၊ အစားကြူးမှု၊ အရွယ်အစားကြီးမားမှုနှင့် အစာကိုက်ကြမ်းမှုကြောင့် Game Fish ဟူ၍ သတ်မှတ်ကာ အပျော်တမ်းငါးမျှားဝါသနာရှင်များအနေဖြင့် ၄င်းငါးမျိုးများကို အပန်းဖြေမျှားရန်ရည်ရွယ်ချက်များဖြင့် ကိုယ်ပိုင် အလုံပိတ်ကန်များအတွင်းသို့ စိုက်ထည့်လွှတ်ကြတာမျိုး ရှိသည်။

သို့ရာတွင် အချို့ငါးမျှားဝါသနာရှင်များကတော့ လုံခြုံသည့်နေရာ ဟုတ်မဟုတ်ကို သတိမပြုကြဘဲ ရေပိုင်နက်များ ဆက်စပ်နေသည့် အင်းအိုင်များအတွင်းသို့ စိုက်ထည့်ပြီး မျိုးများပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ​ပြုလုပ်ကြခြင်းမျိုးလည်း ရှိပါသည်။ ယင်းမှတဆင့် သဘာဝအတွင်းသို့ လွတ်မြောက်သွားသောငါးမျိုးစိတ်များသည် သားရဲငါးမျိုးစိတ်များဖြစ်​ပြီး လွတ်မြောက်သည့် ပမာဏမှာ ရာဂဏန်းရှိရာ ကြိမ်ရေမှာလည်း များပြားတတ်သဖြင့် စတင်ထိတွေ့သည့်အဆင့်ကို ကျော်လွန်ကာ အခြေချနေထိုင်သည့် အဆင့်သို့ရောက်ရှိပြီးနောက် မျိုးပွားကုန်ပြီး ကျူးကျော်မျိုးစိတ်များအဖြစ် ဂေဟစနစ်၊ ဒေသတွင်း ငါးမျိုးစိတ်များနှင့် ရေသယံဇာတများကို ထိခိုက်စေပါတော့သည်။

ယင်းအချက်များကြောင့် ငါးမျှားဝါသနာရှင်များအနေဖြင့် ပြည်ပမှ Game Fish အမျိုးအစားများကို သွင်းယူသည့်အခါ လုံခြုံစိတ်ချရသည့် ကိုယ်ပိုင်ကန်များတွင်သာ ထည့်သွင်းသင့်သလို ပြည်တွင်း၌လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Game Fish သားရဲငါးမျိုးများဖြစ်သည့် ဒိုင်းငါးရံ့၊ Masheer ၊ ငါးဘတ်၊ ကကတစ် အစရှိသည့် ပြည်တွင်းငါးမျိုးစိတ်များ ပြန့်ပွားစေရေးကို ပိုမိုအားထားပြီး လုပ်ဆောင်သင့်ပါသည်။

(၂) ဘာသာရေးအရ ငါးများနှင့် အခြားမျိုးစိတ်များကို ဘေးမဲ့ပေးလွှတ်ပေးခြင်း

မြန်မာနိုင်ငံရှိ လူအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင် ဓလေ့ထုံးတမ်းစဉ်လာအရ သတ္တဝါများကို ဘေးမဲ့ပေးခြင်းဖြင့် ကုသိုလ်ယူတတ်ကြသည်။ အခါကြီးရက်ကြီးတိုင်းတွင် နိုင်ငံတဝန်း ကန်၊​ ချောင်း၊ အင်းအိုင်၊ မြစ် အစရှိသည့် ရေပြင်ကျဉ်းကျယ်တိုင်းအတွင်းသို့ ငါးများကို ဘေးမဲ့ပေး၍ ကုသိုလ်ယူကြခြင်းဖြစ်သည်။

ဤအလေ့အထမှာ ဂေဟနစ်ထိန်းသိမ်းစောင့်သူများနှင့် ဂေဟစနစ်အတွက်ရှုထောင့်မှကြည့်လျှင် မှားယွင်းနေသော အလေ့အကျင့်ဖြစ်သည်။ စေလွှတ်ပေးသော ငါးမျိုးနွယ်များသည် အလွယ်တကူနှင့် ဈေးသက်သာစွာရရှိနိုင်သည့် မွေးမြူရေးငါးများဖြစ်သည့် ငါးခူခေါင်းပွ၊ ပါကူး၊ တီလားပီးယား အစရှိသည့် ပြည်ပမှ တင်သွင်းထားသည့် ဂေဟစနစ်အပေါ် ဒုက္ခပေးနိုင်သော မျိုးစိတ်များဖြစ်နေသည်။

စေလွှတ်မှုမှာ တစ်နိုင်ငံလုံးမှ လူများစုအတိုင်းအတာဖြစ်ကာ အရေအတွက်၊ ကြိမ်ရေအားဖြင့်ကြည့်လျှင်လည်း အထက်တွင်ဖော်ပြပြီးသည့် အကြောင်းပြချက်နှစ်ခုထက် အမြောက်အမြား ကျော်လွန်နေပါသည်။ ထို့ကြောင့် ထိုငါးမျိုးများမှာ မြန်မာနိုင်ငံရေပြင်များ၏ ဂေဟစနစ်အများအတွင်း အခြေချနေထိုင်ကာ မျိုးဆက်များပြန့်ပွား၍ ဒေသတွင်း ငါးမျိုးနွယ်များ၊ ရေသယံဇာတများအပေါ် တိုက်ခိုက်မှုများပြုလုပ်နေကြပြီဖြစ်သည်။

ရေသတ္တဝါများမှမဟုတ် မြင်သမျှ သတ္တဝါတိုင်းအား ဘေးမဲ့ပေးသည့် ဘာသာရေးအယူသည် ဂေဟစနစ်အတွက် ကောင်းသည့်အပြုအမူ မဟုတ်ပါ။ ဘာသာရေးအရဆက်နွှယ်နေခြင်းကြောင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော်လည်း သိသင့်သိထိုက်သည့် အသိပညာ၊ ဗဟုသုတများကိုတော့ တတ်ကျွမ်းသူများက ဖြန့်ဝေခြင်းဖြင့် ကိုင်တွယ်သင့်ပါသည်။

 

(၁)  စားငါးအဖြစ် မွေးမြူရေးအတွက် ပြည်ပမျိုးစိတ်များသွင်းယူခြင်း

ပြည်ပမျိုးစိတ်များအား တင်သွင်းမှုပမာဏ အများဆုံးကတော့ မွေးမြူရေးနယ်ပယ် ဖြစ်သည်။ စားငါးအဖြစ် မျိုးစိတ်ပေါင်းများစွာကို သောင်းဂဏန်း၊ သိန်းဂဏန်း ပမာဏဖြင့် သွင်းယူ၍မွေးမြူကြရာ ကျူးကျော်မျိုးစိတ်များ တွင် မွေးမြူရေးကန်များမှ လွတ်​မြောက်သော ပြည်ပငါးမျိုးစိတ်များမှာ အများဆုံးဖြစ်နေသည်။ လက်ရှိတွင်မြန်မာနိုင်ငံအနှံ့ရှိ ရေပြင်ကြီးငယ်များ၌ မွေးမြူရေးငါးများဖြစ်ကြသော ငါးခူခေါင်းပွ၊ တီလားပီးယား အစရှိသော ငါးမျိုးများ အခြေချနိုင်ထိုင်ကာ နေ့စဉ်ပြန့်ပွားပြီး ဂေဟစနစ်အပေါ် ကြီးစိုးနေပြီဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ရေပြင်များ နှင့် ​ရေနေသတ္တဝါ သယံဇာတများမှာ ဘက်ပေါင်းစုံမှ ဖိအားပေးခြင်းခံနေရခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်နေရာက ကျူးကျော်မျိုးစိတ်များကြောင့် ထပ်မံထိခိုက်မှုများ ဖြစ်ပေါ်နေရပါသည်။ အစိုးရ အဖွဲ့အစည်းများက စတင်ဉီးဆောင်လုပ်ကိုင်နိုင်ခြေ ရှိမရှိကိုတော့ မေးခွန်းထုတ်နေပြီး မိမိကိုယ်တိုင်ကတော့ တာဝန်မဲ့စွာ ဂေဟစနစ်ကို ထိခိုက်စေမည့် မျိုးစိတ်များကို ပြန့်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းမျိုး ဆိုလျှင်တော့ ရှက်ရွံ့ဖွယ်ရာကောင်းပါသည်။

ကျူးကျော်မျိုးစိတ်များနှင့် ပတ်သက်သည့် ဗဟုသုတမရှိခဲ့သည့်အတွက် မရည်ရွယ်ဘဲ ပြန့်ပွားစေဖို့ ပြုလုပ်မိသူများအနေဖြင့် ယခုတင်ပြခဲ့သည့်အချက်အလက်များကို ချင့်ချိန်သုံးသပ်ကာ မိမိနိုင်ငံ ရေပြင်များ၏ဂေဟစနစ်များကို ရေရှည်မှာကာကွယ်သွားနိုင်ဖို့အတွက် မျှော်လင့်မိပါသည်။ မိမိနိုင်ငံ၏ သဘာဝသယံဇာတများကို တစ်ဉီးတစ်ယောက်ချင်းစီမှ တတ်နိုင်သလောက် ပါဝင်၍ ကာကွယ်ထိန်းသိမ်းဖို့ တာဝန်ရှိသလို၊ အားလုံး ပါဝင်ပူးပေါင်းကာကွယ်နိုင်ဖို့အတွက် ယခုကဲ့သို့ အသိပေးလိုက်ရခြင်းဖြစ်ပါသည်။

Article by - Shin Paing @Piscey Wang

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်